ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ယမန်နေ့က ဘန်ကောက်မြို့ အစိုးရအိမ်တော်၌ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
တွေ့ဆုံရာ၌ မစ္စနိုလင်းဟေဇာက မြန်မာနိုင်ငံတွင် ပဋိပက္ခအခြေအနေများ ပိုဆိုးမလာစေရန် ထိုင်းနိုင်ငံဘက်က အကူအညီ ပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ ပဋိပက္ခဒေသများမှ ထွက်ပြေးလာသော ဒုက္ခသည်များကို အကာအကွယ်ပေး နိုင်ရေး ဆောင်ရွက်ပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြောင်း အထူးကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၌ ပဋိပက္ခနှင့် တိုက်ခိုက်မှုများ တိုးပွားလာသည်နှင့်အမျှ ထိုင်း-မြန်မာ နယ်စပ်တလျှောက် မတည်ငြိမ်များ ဖြစ်ပွားလာနိုင်ပြီး ထိုကဲ့သို့ မတည်ငြိမ်မှုများကို ရှောင်ရှားနိုင်ရန် ထိုင်းဝန်ကြီးချုပ်၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးကြောင်း မစ္စနိုလင်းဟေဇာက ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာစစ်ခေါင်းဆောင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသော ထိုင်းဝန်ကြီးချုပ်ကို မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်အား လိုက်နာအကောင်အထည်ဖော်စေရေး တိုက်တွန်းပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ထိုင်းနိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် များကို ထိုင်းနိုင်ငံအနေဖြင့် အတင်းအကျပ် မြန်မာနိုင်ငံသို့ ပြန်ပို့မည်မဟုတ်ဟု အထူးကိုယ်စားလှယ်အား ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံရှိ အေဂျင်စီအားလုံးက အခြေခံ လူသားချင်းစာနာမှု အကူအညီများ ပေးနေကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖြေရှာနိုင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခဲ့ ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Bangkok Post သတင်းဌာနက ရေးသားသည်။
ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Thanakorn ကလည်း အာဆီယံနှင့် ကုလသမဂ္ဂတို့ ပါဝင်သော နှစ်ဖက်အခင်း အကျင်းအောက်တွင် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သည့် အဖြေတခု ရနိုင်ရေး ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက တွန်းအားပေးသွားမည် ဖြစ်ကြောင်း ထိုင်းအခြေစိုက် သတင်းမီဒီယာများသို့ ပြောသည်။
ထို့ပြင် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ရှုပ်ထွေးသော တိုင်းရင်းသားဆိုင်ရာ သမိုင်းကြောင်းရှိပြီး မြန်မာခေါင်းဆောင် များနှင့် တဖြည်းဖြည်းချင်း ယုံကြည်မှု တည်ဆောက်၍ ဖြေရှင်းရန် လိုအပ်သည်ဟုလည်း အထူးကိုယ်စားလှယ် အား ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုင်းနှင့် မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၃၁၈ မိုင် နယ်နိမိတ်ထိစပ်နေပြီး မြန်မာ့အရေးနှင့် ပတ်သက်လျှင် ထိုင်းနိုင်ငံက ကြားဝင်ညှိနှိုင်းပေးလေ့ရှိရာ စစ်တပ်အာဏာသိမ်းပြီးနောက် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးနှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်တို့ ဘန်ကောက်မြို့တွင် တွေ့ဆုံနိုင်ရန် ထိုင်းအာဏာပိုင်တို့က ကြားဝင်ဆောင် ရွက်ပေးခဲ့သည်။
ယခုအခါ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က မိမိဖာသာ ဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်ကာ အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး ပြီး မြန်မာ့အရေးဆောင်ရွက်ရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။
၎င်း၏ ခရီးစဉ်ကို နိုင်ငံတကာမှ လေ့လာသူများက တကိုယ်တော် ဆောင်ရွက်သည့် ကောင်းဘွိုင် သံခင်းတမန်ခင်းဟု ကင်ပွန်းတပ်ကြပြီး တချိန်က ထိုင်းနိုင်ငံက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သည့်နေရာကို ကမ္ဘောဒီးယားက ဝင်ရောက် နေရာ ယူလာခြင်း ဖြစ်သည်ဟူသော သုံးသပ်မှုများ ရှိသည်။
ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံမှ ပြန်လာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ ဆီအမ်ရိမြို့တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်နိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် အခြားအာဆီယံနိုင်ငံများက လူကိုယ်တိုင် တက်ရောက်ရန် အဆင်မပြေဟု အကြောင်းပြသဖြင့် အစည်းအဝေး ရွှေ့ဆိုင်းလိုက်ရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဇန်နဝါရီ ၁၄ ရက်တွင် စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံရာ ယခုအချိန်ထိ အာဆီယံဘုံသဘောတူချက် ၅ ချက်သည် တိုးတက်မှု ရှိမလာသေး ကြောင်း ပြောကြားခဲ့သည်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် သိသာသည့်တိုးတက်မှု မရှိမခြင်း ၃၈ ကြိမ်နှင့် ၃၉ ကြိမ် အာဆီယံထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံအတွက် နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် ကိုယ် စားပြုသူကိုသာ ဖိတ်ခဲ့သည့် ဆုံးဖြတ်ချက်အတိုင်း ဆက်လက် ကိုင်စွဲသင့်ကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ပြော သည်။
အာဆီယံ ခေါင်းဆောင်များ၏ ဆုံဖြတ်ချက်များကို ပြန်လည်သုံးသပ်ရန် ဆွေးနွေးမှုတိုင်းသည် အချက်အလက် အသစ် အပေါ်တွင်သာ အခြေခံသင့်ပြီး အာဆီယံဥက္ကဋ္ဌ အနေဖြင့် တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း ၎င်းက ဝန်ကြီးချုပ်ဟွန်ဆန်ကို တိုက်တွန်း ထားသည်။
You may also like these stories:
မြန်မာ့အရေး တိုးတက်မှု မရှိဟု ဟွန်ဆန်ကို စင်ကာပူ ပြော
ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ် ဘာကြောင့်ထောက်ခံသလဲ
အဖွဲ့ဝင်များ သဘောထားကွဲသောကြောင့် ယခုနှစ် ပထမဆုံး ASEAN အစည်းအဝေးရွှေ့ဆိုင်းရ