ပဲခူးတိုင်း အရှေ့ခြမ်း ၊ ပဲနွယ်ကုန်းမြို့အရှေ့ဘက်တွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစီးသည် ယနေ့ (ဒီဇင်ဘာ ၂၈ ) မွန်းလွဲ ၃ နာရီခန့်တွင် လာရောက်ပစ်ခတ်နေကြောင်း ပဲနွယ်ကုန်းဒေသခံတဦးက ပြောသည်။
ပဲနွယ်ကုန်းမြို့အရှေ့ဘက်ရှိ ရွာများတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များအကြား ယမန်နေ့မှစတင်ကာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်လည်း ရဟတ်ယာဉ်သုံးကာ လာရောက် ပစ်ခတ်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ပဲနွယ်ကုန်းအခြေစိုက် ခမရ (၃၇၀) တပ်ရင်း ၊ ခမရ (၃၅၁ ) တပ်ရင်းနှင့် ခလရ (၆၀) တပ်ရင်းတို့ ပါဝင်တိုက်ခိုက်နေပြီး လက်နက်ကြီးပစ်ခတ်မှုများရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်များက ဆိုသည်။
တော်လှန်ရေးတပ်များဘက်က “ဖားစည်ဟိန်းသံ နှင့် ဆယ်လ်မွန်ပူးပေါင်းစစ်ဆင်ရေး”ကို အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ပူးပေါင်းတပ်များဘက်တွင် KNU တပ်မဟာ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်များ ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) တို့ပါဝင် တိုက်ခိုက်နေကြောင်း NUG တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါစစ်ဆင်ရေးအရ ဒီဇင်ဘာ ၂၆ ရက်တွင် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ရှိ နရွဲပင်ရွာ ၊ အုန်းနှဲပင်ရွာ ၊ ကျောက်ကြီးမြို့နယ်ရှိ လပတ်ရွာနှင့် နတ်သံကွင်းမြို့တို့တွင် စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး အဆိုပါရွာများသည် ကျောက်တံခါးမြို့ ၊ ပဲနွယ်ကုန်းမြို့များကို ဖြတ်သွားသည့် ရန်ကုန်-မန္တလေး ရထားလမ်းနှင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းအကြား၌ တည်ရှိသည်။
နှစ်ဖက် တိုက်ပွဲများကြောင့် ပဲနွယ်ကုန်းအရှေ့ဘက်နှင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကြားရှိ ကျောင်းစိုး ၊ နရွဲပင် ၊ သရက်အုပ် ၊ ကျေးပင်ပေါက် ၊ အုန်းနှဲပင်၊ ထိန်တော နှင့် တောင်သလဲပင်ရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်မရဘဲ ရွာထဲမှာပင် ပိတ်မိနေကြောင်း ပဲနွယ်ကုန်းဒေသခံများထံမှသိရသည်။
နတ်သံကွင်းသည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိကျောက်ကြီးမြို့နယ်အတွင်းတည်ရှိပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ လက်နက်ကြီးနှင့် လက်နက်ငယ် ၁၉ လက်ရရှိကြောင်း NUG တောင်ပိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီဇင်ဘာ ၂၇ ရက်စွဲဖြင့် ကြေညာချက်ထုတ်သည်။
နတ်သံကွင်းတွင် တိုက်ပွဲဖြစ်နေစဉ်မှာပင် ပဲနွယ်ကုန်းမြို့မှ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်က ပဲနွယ်ကုန်းအရှေ့ဘက် သဲကောရွာဝန်းကျင်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ထပ်မံ သေဆုံးခဲ့ကြောင်း၊ နတ်သံကွင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီဖြစ်ကြောင်း NUG တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၏ ကြေညာချက်တွင် ပါရှိသည်။
တိုက်ပွဲသည် လက်ရှိအချိန်အထိ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ပဲနွယ်ကုန်းအရှေ့ဘက်ရှိ သဲကောရွာမှ ဗုဒ္ဓဘာသာ ကျောင်းထိုင်ဆရာတော်တဦးနှင့် အရပ်သား ၁ ဦး သေဆုံးထားသည်။