သဘောထား မတူသူတွေ လက်တွဲ အလုပ်လုပ်နိုင်ပြီလား

ဟန်ပိုင်

This article has been converted from Zawgyi One to Unicode

ပြီးခဲ့တဲ့ ရှစ်လေးလုံး ငွေရတုပွဲကစလို့ အတိတ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝန်ချတောင်းပန်ရမယ်၊ ခွင့်လွှတ်လို့ ရချင်ရမယ်၊ သမိုင်းကို မေ့ဖျောက်လို့တော့ မရဘူးဆိုတဲ့ အသံတွေ လွှမ်းနေခဲ့ပါတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေကတဆင့် အတိတ်က ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်သင့်သလဲဆိုတဲ့ စကားစစ်ထိုးပွဲတွေပါ ဆက်တိုက် ပြုလုပ်လာတာ တွေ့ရပါတယ်။

မကြာသေးခင်ကလည်း သမ္မတ ဦးသိန်းစိန်က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ရှစ်လေးလုံးငွေရတု အခမ်းအနားကနေ နိုင်ငံသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေ ရယူနိုင်ခဲ့တယ်၊ ဒီလိုကျင်းပနိုင်ခြင်းဟာ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်က မရှိဖူးသေးတဲ့ “သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်” ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်တရပ်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

သမ္မတ မိန့်ခွန်းမှာပဲ “သမိုင်းသင်ခန်းစာတွေကို မေ့ပျောက်ပစ်ခြင်း မဟုတ်ဘဲ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ၊ သမိုင်းကြောင်းတွေထဲက ခွဲထွက်နိုင်မယ့် နိုင်ငံရေးဖြစ်စဉ်သစ်တရပ် အစပြုနိုင်ခြင်းဆိုတဲ့ မျှော်လင့်ချက်ကို စတင်ပိုင်ဆိုင်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်” လို့လည်း ပြောသွားတာ တွေ့ရပါတယ်။

တကယ်ပဲ သမ္မတပြောသလို သဘောထား မတူသူတွေ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ပြီလား၊ အတိတ်က ခါးသီးတဲ့ သမိုင်းတွေကို သင်ခန်းစာယူပြီး လှပတဲ့အနာဂတ်ကို တည်ဆောက်နိုင်မယ့် အခြေအနေ အလားအလာ ရှိပြီလားဆိုတာကတော့ ဆန်းစစ်လေ့လာဖို့ လိုနေပါတယ်။

မြန်မာနိုင်ငံလို နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆိုးဆိုးရွားရွား ရှိတဲ့နိုင်ငံ၊ နိုင်ငံရေးသဘောထား ကွဲသူတွေအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်၊ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လေ့ရှိတဲ့ နိုင်ငံမျိုးမှာ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးတရပ်ကို အကောင်အထည်ဖော် ဆောင်ရာမှာ၊ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နေတာနဲ့ တပြိုင်နက်တည်းမှာပဲ အတိတ်က ဖြစ်ခဲ့တဲ့ ကျူးလွန်မှုတွေအတွက် အမှန်တရားနဲ့ တရားမျှတမှု ရှာဖွေရေးလုပ်ငန်းတွေကို အဆင့်တိုင်းက စတင်ရှာဖွေ လုပ်ဆောင်သင့်ပါတယ်။

တောင်အာဖရိကနိုင်ငံလို အသားအရောင် ခွဲခြားရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံအပါအဝင် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းသွားတဲ့ နိုင်ငံပေါင်း ၃၀ ကျော်မှာ အမှန်တရား ဖော်ထုတ်ရေးကော်မရှင် (Truth Commission) တွေ ဖွဲ့စည်းပြီး အတိတ်က လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ၊ သူတို့ရဲ့ နာကျင်ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို အသိအမှတ်ပြုပေးဖို့၊ အထောက်အပံ့တွေ၊ ပေးလျော်မှုတွေနဲ့အတူ ပြန်လည်ကုစားမှုတွေ ပြုလုပ်ပေးဖို့၊ ငြိမ်းချမ်းရေး၊ ပြန်လည်ပေါင်းစးည်ရေးနဲ့ ဒီမိုကရေစီရေးတို့ အတွက် အလားအလာကောင်းတွေ မြှင့်တင်ပေးဖို့ စတာတွေ ဆောင်ရွက်ကြပါတယ်။

မြန်မာနိုင်ငံ အနေအထားနဲ့ ကြည့်ရင်တော့ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်နိုင်မယ့် အမှန်တရား ဖော်ထုတ်ရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ အနေအထားအတွက်ကတော့ အားလုံး အဆင့်တိုင်းက ဝိုင်းကြိုးပမ်းမှ ရနိုင်မှာ ဖြစ်ပါတယ် ။

လက်ရှိ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော် ဥက္ကဌတွေ အပါအဝင် တာဝန်ရှိ ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ တချိန်က စစ်အစိုးရအဖွဲ့ဝင်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု အတော်များများကို ကျူးလွန်ခဲ့ကြရာမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်ပါတယ်။ နောက်တခါ တိုင်းပြည်ကို တရားဝင် အရပ်သားအစိုးရအဖြစ် အုပ်ချုပ်နိုင်အောင် ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အာမခံချက်မရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဌာန်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပြောစရာဖြစ်ခဲ့တဲ့ ကြိုတင်မဲတွေနဲ့ အသာစီးယူ တက်လာတဲ့အစိုးရ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေအရလည်း Impunity လို့ခေါ်တဲ့ အတိတ်က ကျူးလွန်ခဲ့တဲ့သူတွေအပေါ် အပြစ်ပေးအရေးယူလို့ မရအောင် ပုဒ်မ ၄၄၅ လို ဟာမျိုးနဲ့ ကြိုတင် တားဆီးထားတယ်။ လွှတ်တော်ထဲမှာလည်း ကြံ့ဖွံ့အမတ်တွေအပြင်၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေက ရှိနေသေးတဲ့အတွက်၊ အောက်ကနေ အထက်ကို ပြောင်းလဲတာ မဟုတ်ဘဲ၊ အစစအရာရာ အပေါ်စီးကနေ “အပြောင်းအလဲ” ကို ဖော်ဆောင်နေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်း အပြောင်းအလဲကို လိုလားတယ်၊ ခါးသီးတဲ့ အတိတ်သင်ခန်းစာတွေယူပြီး၊ လှပတဲ့အနာဂတ်ကို တည်ဆောက်ချင်တယ်၊ အနာဂတ်မှာလည်း အတိတ်က ဆိုးရွားတဲ့ အနိဋ္ဌာရုံတွေ ထပ်မပေါ်ပေါက်အောင် တားဆီးချင်တယ် ဆိုရင်တော့ လက်ရှိအစိုးရ အနေနဲ့လည်း အတိတ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် သတ္တိရှိရှိ၊ ဝန်ချတောင်းပန်မှုတွေ၊ တာဝန်ယူမှုတွေ လုပ်သင့်ပါတယ်။ ဒါ့အပြင် မတူတဲ့လူတွေ အတူလက်တွဲ လုပ်နိုင်မယ့် ဝန်းကျင်၊ အနေအထား တခုကိုလည်း ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ အစိုးရ မဟုတ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ လုပ်ပိုင်ခွင့်တွေကို အားပေးအားမြှောက်ပြု၊ လမ်းဖွင့်ပေးဖို့လည်း အရေးတကြီး လိုအပ်ပါတယ်။

ကျနော်တို့ နိုင်ငံရဲ့ ပြောင်းလဲမှု ဖြစ်စဉ်နဲ့ မတူပေမယ့် အတိတ်က ကျူးလွန်ခဲ့တဲ့ ကိစ္စတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့၊ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေကို နိုင်ငံရေးအားပြိုင်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ စိန်ခေါ်မှုတွေ ကြားကနေ လုပ်ဆောင်နေဆဲဖြစ်တဲ့ ကမ္ဘောဒီးယား အတွေ့အကြုံ၊ သင်ခန်းစာတွေကို လေ့လာသင့်ပါတယ်။

ကမ္ဘောဒီးယားမှာ ပိုပေါ့ ဦးဆောင်ပြီး ခမာနီအစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၇၅ ကနေ ၁၉၇၉ အထိ အတင်း အဓမ္မ စေခိုင်းခံရတာ၊ နှိပ်စက်ညှင်းပန်း၊ သတ်ဖြတ်ခံရတာတွေကြောင့် ကမ္ဘောဒီးယားပြည်သူ ၂ သန်း ကျော် သေဆုံးခဲ့ရပါတယ်။ ၁၉၇၉ ခုနှစ်မှာ ပိုပေါ့ ဦးဆောင်တဲ့ ခမာနီအစိုးရကို ဖြုတ်ချပြီး တက်လာတဲ့ ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of Kampuchea – PRK) ခေါင်းဆောင်းများဟာ ပြန်လည် သင်ြ့မတ်ရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် ခမာနီသူပုန်တွေရဲ့ လက်စားချေခံရမှာ စိုးရမ်၊ ကြောက်လန့်မှုကို ဖယ်ရှားဖို့နဲ့ ကျူးလွန်ခံရသူတွေ၊ အသက်ရှင်ကျန်ရစ်တဲ့သူတွေရဲ့ ပြင်းပြတဲ့ လက်စားချေဖို့ စိတ်ဆန္ဒကို နှစ်သိမ့် ချွေးသိပ်ပေးဖို့ ဆောင်ရွက်ကြတယ်။ ခမာနီဟောင်းတွေကို လက်တုန့်ပြန်တာဟာ ကမ္ဘောဒီးယားမှာ ပြည်တွင်းစစ် ပြန်ဖြစ်ဖို့ တွန်းပို့သလို ဖြစ်နေတယ်။

ကမ္ဘောဒီးယားမှာ ပြန်လည် ရင်ကြားစေ့ရေးအတွက် ပဏာမခြေလှမ်းအဖြစ် ခမာနီခေတ်က ချိုးဖောက်မှုတွေကိုသာ အဓိကဦးစားပေး ကုစားပေဖို့ ကာလသတ်မှတ်နိုင်တာ တွေ့ရပါတယ်။ သူတို့ နိုင်ငံသမိုင်းမှာ တခြား ကာလတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ပေမယ့် ခမာနီတွေ လက်ထက်လောက် ဆိုးရွား၊ ပြင်းထန်တာ မရှိခဲ့ပါဘူး။ ကျနော်တို့ နိုင်ငံအတွက်ဆိုရင် နှစ်ပေါင်းများစွာ ကြာရှည် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့အတူ၊ ခေတ်အဆက်ဆက် လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုကို ရှာဖွေဖို့ အတွက်တော့ ဖြစ်နိုင်ခြေရှိတဲ့ အချိန်၊ ကာလတွေကို သတ်မှတ်ပြဋ္ဌာန်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားမှာ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကနဦး ကြိုးပမ်းမှုအဖြစ် ၁၉၇၉ ခုနှစ် သြဂုတ်လမှာ PRK ခေါင်းဆောင်တွေဟာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖြစ်စဉ်အဖြစ် ပိုပေါ့နဲ့ သူ့လက်ရုံးတဦးဖြစ်သူ အိန်ဆာရီ (Ieng Sary) တို့ကို လေးရက်တာ ခုံရုံးတင်ခဲ့ပါတယ်။ “ပြည်သူ့ တော်လှန်ရေးခုံရုံး” ကနေ ပထမဆုံး အကြိမ်အဖြစ် လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ပြစ်ဒဏ်စီရင်တာ ဖြစ်ပါတယ်။

၁၉၈၀ မှ ၁၉၈၃ ခုနှစ်အထိ၊ PRK ဟာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံးတွေကို ဖြည့်စွက် တည်ထောင်ခဲ့တယ်။ ကမ္ဘောဒီးယား လူ့အဖွဲ့အစည်းအတွင်း အမှန်တရားကော်မရှင်လို့ အမည်တပ်မထားပေမယ့် ၎င်းနဲ့ သွင်ပြင်လက္ခဏာတူတဲ့ အစည်းအဝေးတွေကို Renakse လို့ခေါ်တဲ့ ကော်မတီက ၁၉၈၃ ခုနှစ်မှာ ကျင်းပခဲ့တယ်။ ကော်မတီအနေနဲ့ ကမ္ဘောဒီးယားတဝန်း အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ဆုံမေးမြန်းတာ၊ ခမာနီတို့ ကျူးလွန်ဖျက်စီးခဲ့တဲ့ ပြည်သူလူထုနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေ စုဆောင်းတာ၊ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သချုႋင်းဂူတွေကို တူးဖော်တာ၊ မှတ်တမ်းမှတ်ရာတွေကို စစ်ဆေးတာနဲ့ အစီရင်ခံစာတွေ ရေးသားပြုစုပြီး အစိုးရကို ပေးပို့အစီရင်ခံတာတွေ လုပ်ခဲ့တယ်။ အသက်ရှင်ကျန်ရစ်သူတွေကိုလည်း ခမာနီတွေ သက်ဆိုင်ရာ ဒေသအသီးသီးမှာ ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ မှတ်တမ်း ပန်ကြားလွှာမှာ လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်တာတွေ လုပ်ခဲ့တယ်။ သို့သော်လည်း အမှန်တရားကော်မရှင်ပုံစံ Renakse လုပ်ငန်းစဉ်တွေဟာ လုပ်ထုံးလုပ်နည်း အားနည်းချက်နဲ့ နိုင်ငံရေးအရ စွက်ဖက်မှုတွေကြောင့် ထိရောက်သင့်သလောက် မထိရောက်ခဲ့တာ တွေ့ရပါတယ်။

၁၉၈၀ ခုနှစ်လောက်မှစပြီး ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ဝင်ရောက် လုပ်ကိုင်နိုင်လာတာ တွေ့ရတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းကာလတွေမှာ ပြည်တွင်းပြည်ပ အခြေအနေတွေကြောင့် ကမ္ဘောဒီးယားမှာ ငြိမ်းချမ်းရေးကို ဦးစားပေးခဲ့ရပြီး ကုလသမဂ္ဂ ကြီးကြပ်မှုနဲ့ ၁၉၉၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။

၁၉၉၈ ခုနှစ်မှာ ခမာနီ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ နူအွန်ချီအ (Nuon Chea) နဲ့ ခီယူဆန်ဖန် (Khieu Samphan) တို့ ဘက်ပြောင်း ခိုလှုံလာတယ်။ ၁၉၉၉ ခုနှစ် အစောပိုင်းမှာ ကမ္ဘောဒီးယား အာဏာပိုင်တွေက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ခမာနီခေါင်းဆောင်နှစ်ဦးကို ဖမ်းမိခဲ့ပါတယ်။ ညှင်းပန်းနှိပ်စက်မှုတွေကို အဓိက ပြုလုပ်ခဲ့တဲ့ Toul Slenng စခန်း တာဝန်ခံ ဒုချ် (Duch) နဲ့ စစ်မြေပြင် တာဝန်ခံ “သားသတ်သမား” လို့လည်း နာမည်ကြီးသူ တာမော့ (Ta Mok) တို့ပဲ ဖြစ်ပါတယ်။ ခမာနီ သူပုန်တွေလည်း တစစီ ပဲ့ထွက်ကုန်ပြီး ခမာနီ တာဝန်ရှိသူတွေကို ခုံရုံးတင်တာ၊ ဒါမှမဟုတ် အမှန် တရားဖော်ထုတ်ရေး ကော်မရှင်တွေ ဖွဲ့စည်းဖို့ အခြေအနေတွေ ပေးလာတာ တွေ့ရတယ်။ ကုလသမဂ္ဂနဲ့ ကမ္ဘောဒီးယား အစိုးရတို့အကြား နှစ်အပေါင်းအတော်ကြာ အငြင်းပွားမှုတွေ ရှိခဲ့ပြီးတဲ့နောက် ခမာနီ ခေါင်းဆောင်တွေကို ကိုင်တွယ်ဖို့ ကမ္ဘောဒီးယား တရားစီရင်ရေးစနစ်အတွင်းမှ “ပေါင်းစပ်” ပုံစံ တရားခုံရုံးပြုလုပ်ရန် သဘောတူလိုက်ကြတယ်။

၂၀၀၆ ခုနှစ်မှာ နိုင်ငံတကာနဲ့ ပြည်တွင်း (ကမ္ဘောဒီးယား) ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ တရားရေးဝန်ထမ်းတွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ “ကမ္ဘောဒီးယားအတွက် အထူးအာဏာပေး ခန့်အပ်ထားသည့့် တရားရုံး” ခေါ် Extraordinary Chambers in the Courts of Cambodia (ECCC) ကို ဖွဲ့စည်းခဲ့တယ်။ နှစ်ဖက်စလုံး အနေနဲ့ သက်ရှိထင်ရှား ခမာနီ “ထိပ်တန်းခေါင်းဆောင်များ” နဲ့ ပိုပေါ့လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ကျူးလွန်ခဲ့သူတွေကိုသာ အဓိကထား စစ်ဆေးဖို့ သဘောတူခဲ့တယ်။

ECCC အနေနဲ့ ပြန်လည် သင့်မြတ်ရေးအတွက် အဆင်ပြေချောမွေ့စေဖို့၊ ကျူးလွန်ခံရသူတွေရဲ့ ဒုက္ခဆင်းရဲ နာကျင်မှုတွေကို အသိအမှတ်ပြုဖို့၊ ပြစ်ဒဏ်ပေးခြင်းခံရမှုမှ ကင်းလွတ်နေတာတွေ ပပျောက်ဖို့နဲ့ အားကောင်းတဲ့ တရားဥပဒေ စိုးမိုးမှုတွေရရှိဖို့ သတ်မှတ် ဆောင်ရွက်ပေးပေမယ့် အားနည်းချက်တွေအဖြစ်၊ ခုံရုံးစား ရိတ်ကြီးမြင့်မှု၊ နိုင်ငံတကာအလှုရှင်တွေအပေါ် မှီခိုနေရမှု။ ခုံရုံးလုပ်ထုံးလုပ်နည်းအပေါ် သာမန် ပြည်သူတွေ အနေနဲ့ လိုက်ပါဆောင်ရွက်နိုင်မှု စတဲ့ အားနည်းချက်တွေလည်း ရှိနေဆဲပါ။

ဒီနေရာမှာ ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းတွေက အမှန်တရားနဲ့ တရားမျှတမှုရှာဖွေတဲ့ လုပ်ငန်းစဉ်တွေ မှာ အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်နိုင်မှုဟာလည်း အရေးကြီးတာကို တွေ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ DC-Cam လို့ခေါ်တဲ့ ကမ္ဘောဒီးယား မှတ်တမ်းတင်ဌာနက ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အလယ်တန်းနဲ့ တက္ကသိုလ် အဆင့်တွေရှိ သမိုင်းသင်ခန်းစာတွေမှာ ခမာနီ သမိုင်းကို ထည့်သွင်းခဲ့တယ်။ ဆရာ၊ ဆရာမတွေ ကိုလည်း သင်ကြားနည်းဆိုင်ရာ သင်တန်းတွေပို့ချတယ်။ DC-Cam မှာလည်း ခမာနီ သမိုင်းနဲ့ဆိုင်တဲ့ မှတ်တမ်းမှတ်ရာတွေကို ထိန်းသိမ်းထားတဲ့ မော်ကွန်းတိုက်ကို သုတေသနပြုသူများ၊ ကျောင်းသားများ လေ့လာနိုင်ဖို့ ဖွင့်လှစ် တည်ထောင်နိုင်ခဲ့တယ်။ ဒါဟာ နိုင်ငံရဲ့ဆိုးရွားတဲ့ အတိတ်သမိုင်းကို ကျောင်းသူ၊ ကျောင်းသားတွေ၊ လူငယ်မျိုးဆက်သစ်တွေ လေ့လာ သင်ခန်းစာယူနိုင်ပြီး အနာဂတ်မှာ ဆိုးရွားတဲ့ အနိဋ္ဌာရုံတွေ ထပ်မဖြစ်အောင် တားဆီးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ECCC ခုံရုံးတင်ကြားနာမှုကို လေ့လာဖို့ ခွင့်ပြုထားတဲ့ ရပ်ကွက်၊ ကျေးရွာတွေက သာမန်ပြည်သူတွေ လေ့လာရေးမသွားမီ DC-Cam က ကြီးမှူးပြီး ခုံရုံး၊ လုပ်ထုံးလုပ်နည်းတွေ၊ တရားခံတွေဖြစ်တဲ့ ခမာနီခေါင်း ဆောင်ဟောင်းတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို ရှင်းလင်းပို့ချတယ်။ ခုံရုံးကို လေ့လာအပြီးမှာလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို DC-Cam က ဝန်ထမ်းတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ကြတယ်။ အဲဒီ ရွာသားတွေ ကိုယ့်ဒေသကိုယ် ပြန်ရောက်ကြတဲ့အခါ ခုံရုံးကို မသွားရောက်နိုင်တဲ့ တရွာတည်းသားတွေ၊ ဒါမှမဟုတ် ရွာနီးချုပ်စပ်က လူတွေကို ခုံရုံးအတွေ့အကြုံကို ပြန်လည် ဝေငှဖလှယ်ပေးနိုင်ကြတယ်။ ဒါ့အပြင် ခမာနီတို့ လက်အောက်က ဆိုးရွားတဲ့ အဖြစ်အပျက် ခံစားချက်တွေကို ရပ်ရွာဆွေးနွေးပွဲတွေမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ် နိုင်ခြင်းဖြင့် အောက်ခြေအဆင့် ပြန်လည်ကုစားမှု လုပ်ငန်းကိုလည်း တပြိုင်နက် ဆောင်ရွက်နိုင်အောင် လူထုအခြေပြု အဖွဲ့အစည်းတွေက ဆောင်ရွက်နိုင်လာတယ်။

လက်စားချေ တုန့်ပြန်မှာကို စိုးရိမ်နေတဲ့ အောက်ခြေအဆင့် ခမာနီ ကေဒါဟောင်းတွေ အနေနဲ့လည်း ကျေးရွာအဆင့် ဆွေးနွေးပွဲတွေကနေ နားလည်မှုနဲ့ ခွင့်လွှတ်မှုတွေရဖို့ အထောက်အကူ ဖြစ်စေပါတယ်။ တရားမျှတမှုရရှိစေဖို့ ECCC လို ခုံရုံးမျိုးတွေ ဖွဲ့စည်းထားပေမယ့်၊ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ ကိုက်ညီတဲ့ ခွင့်လွှွတ်မှု၊ အပြန်အလှန် နားလည်မှုစတဲ့ ကုစားမှုတွေနဲ့ ပြန်လည်သင့်မြတ်မှုကို ကျေးရွာ၊ ရပ်ကွက်အဆင့် ဆွေးနွေးပွဲတွေကနေ ရရှိစေတာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက အဆိုပါ ဆွေးနွေးပွဲတွေမှာ ကျူးလွန် ခံရသူများသာမက၊ ကျူးလွန်ခဲ့သူများ အပါအဝင် အင်အားစုအားလုံး ပါဝင်နိုင်တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား အသွင်ကူးပြောင်းရေး ကာလအတွင်း လှပတဲ့ အနာဂတ်ကို ကြိုးစားတည်ဆောက်ဖို့ ကြိုးပမ်း ဆောင်ရွက်ရာမှာ အတိတ်က ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမှန်တရားကို ရှာဖွေရင်း၊ ခမာနီဟောင်းတွေအပေါ် ခွင့်လွှတ်မှု၊ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေအကြား အပြန်အလှန် အသိအမှတ် ပြုမှုကို မြှင့်တင်ပေးနေချိန်မှာပဲ အတိတ်မှပြစ်မှုများ အတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို ပြင်းပြင်းထန်ထန် တောင်းဆိုနေတာတွေနဲ့ ကြုံတွေ့ရပါတယ်။

ကမ္ဘောဒီးယား အတွေ့အကြုံအရ ခမာနီ လက်ထက်က ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့၊ တရားမျှတမှု ရစေဖို့အတွက် နိုင်ငံတော်အဆင့်မှာ ECCC လိုမျိုး နိုင်ငံတကာနဲ့ ကမ္ဘောဒီးယား ဖက်စပ် ခုံရုံးတွေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို၊ လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့လည်း အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ အရေးပါသူတွေ၊ အဖွဲ့အစည်းတွေ လက်လှမ်းမမီတဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ အဓိက အခန်းကဏ္ဍက ပါဝင်နိုင်တာကို တွေ့ရပါတယ်။ လူထု အခြေပြု အဖွဲ့အစည်းတွေ အနေနဲ့ ဘက်မလိုက်မှု၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ကျူးလွန်သူတွေအကြား စစ်မှန်တဲ့ ဆွေးနွေးမှုတွေ၊ နိုင်ငံရေးမပါတဲ့ အမှန်တရား ထုတ်ဖော်ပြောဆိုမှုတွေကနေ ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်ကြတာ တွေ့ရပါတယ်။

ကျနော်တို့ နိုင်ငံရဲ့ အတိတ်က ဖြစ်ရပ်တွေအတွက် သင်ခန်းစာယူ၊ တာဝန်ခံ၊ တာဝန်ယူမှုတွေ၊ ခွင့်လွွှတ် နားလည်မှုတွေနဲ့ အပြန်အလှန် အသိအမှတ်ပြုမှုတွေ ရရှိလာအောင်ကတော့ တကယ်ပဲ “သဘောထား မတူညီသူတွေ အတူလက်တွဲ လုပ်ဆောင်နိုင်ဖို့” နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ လုပ်ပိုင်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် လမ်းဖွင့်ပေးဖို့ လိုပါတယ်။

(John David Ciorciari ၏ Lessons from the Cambodian Experience with Truth and Reconciliation ကို ကိုးကားပါသည်။)

Loading