၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အာဏာရလာသော သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသည်။ မြန်မာနိုင်ငံတွင် ရင်နှီးမြှုပ်နှံရန် စိတ်ဝင်စား သည့် လုပ်ငန်းများတွင် အိမ်ခြံမြေ လုပ်ငန်းလည်း တခုအပါအဝင်ဖြစ်ပြီး မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်း များက တရိပ်ရိပ် ထိုးတက် လျက် ရှိသည်။ မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ် အကျိုးဆောင်ပေး နေသော ပြည်တွင်း အကျိုးဆောင် ကုမ္ပဏီ များ တနေ့တခြားများပြားလာသကဲ့သို့ အရောင်းအဝယ်များ ကိုအွန် လိုင်းတွင် တင်ပေးခြင်းဖြင့် ဝယ်သူ၊ ရောင်းသူ ဆက်သွယ် ပေးသောအွန် လိုင်းဝက်ဆိုက်ဒ်များလည်းပေါ် ထွန်း လာသည်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှ Rocket Internet ကုမ္ပဏီက လည်း House.com.mm အမည်ဖြင့် မြန်မာ့အိမ်ခြံမြေရောင်းဝယ်သူများကိုဝန်ဆောင်မှုပေးလျက်ရှိရာအဆိုပါ ကုမ္ပဏီမှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr.Michiel Bakker ကို ဧရာဝတီအကြီးတန်း သတင်းထောက် မေစစ်ပိုင်ကတွေ့ ဆုံမေးမြန်းထားပါသည်။
မေး။ ။ House.com.mm က အိမ်ခြံမြေလုပ်ငန်းကိစ္စတွေ လုပ်ကိုင်ဖို့ ဈေးကွက် ထဲမှာဘယ်လိုပုံစံနဲ့ သွားနေလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ ကုမ္ပဏီဌာနချုပ်ကဘာလင်မြို့မှာရှိတာ။ မြန်မာ နိုင်ငံအပါအဝင် နိုင် ငံ ပေါင်း ၄၀ ကျော်မှာ ရောင်းသူနဲ့ ဝယ်သူကို အွန်လိုင်းပေါ်မှာတိုက်ရိုက်တွေ့ဆုံပြီးတော့ အရောင်းအဝယ် လုပ်ပေးတာပေါ့။ တိုက်ရိုက် ဆိုတဲ့ နေရာမှာ အိမ်ခြံမြေ အကျိုးဆောင်တွေ၊ ရောင်းလိုသူနဲ့ ဝယ်လိုသူတွေပါမယ်။ အဲဒီမှာ အိမ်ခြံမြေ ရောင်းချင်ဝယ်ချင်ကြလို့ လေ့လာသူ တွေက ဝက်ဘ်ဆိုက်ကို ကြည့်ကြမယ်။ ဘယ်အိမ်ခြံမြေ ကောင်း မလဲဆိုတာ သူတို့တွေကလေ့လာကြမယ်။ စိတ်ကြိုက်တွေ့ရင် အေဂျင်စီအကျိုးဆောင်ကို ဆက်သွယ်ကြမှာပေါ့။ ကျနော်တို့လုပ်ငန်းမှာက ဝယ်သူငှားသူတွေက အင်တာနက် အသုံးပြုသူတွေ ဖြစ်မယ်။ ပြီးတော့ အချင်းချင်းဆက်သွယ်ကြ၊ အရောင်းအဝယ်ဖြစ်ကြမယ်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်လို့ ဘယ်လိုသုံးသပ်မလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီမှာက အခုချိန်ထိဘယ်လုပ်ငန်း မဆိုOffline ပုံစံဘေလ်ဘုတ်ထောင်တာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကြော်ငြာတဲ့ အနေအထားနဲ့ပဲ သွားနေတယ်။ တကယ့် နိုင်ငံတကာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက်ဆိုတာအွန်လိုင်းပေါ်ကနေသွားနေကြပြီ။ ဒါကတိုင်းပြည်ရဲ့ အိုင်တီ (Information Technology) ကဏ္ဍဖွံ့ဖြိုးမှုကို ပြယုဂ်တခုလို့ ပြောလို့ရတယ်။ ဒါကြောင့် ကျနော်တို့တွေက အွန်လိုင်း အင်တာနက်ကနေ ကြော်ငြာတဲ့ပုံစံနဲ့ပဲသွားတယ်။
မေး။ ။ အိမ်ခြံမြေလုပ်ငန်းအများစုကဂျာနယ်၊ မဂ္ဂ ဇင်းတွေနဲ့ အလုပ်လုပ်ကြတာများပြီး အွန်လိုင်းကလည်းသိပ်မသုံးနိုင် ကြ သေးတော့ အွန်လိုင်းကနေဘယ်လို ဈေးကွက်ချဲ့ထွင် ထိုးဖောက်မလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ လူအများစုက အခုဆိုရင် ဖုန်းနဲ့ အင်တာနက်၊ ဖေ့စ်ဘုတ် တွေ အသုံးပြုလာကြပြီ။ ကျနော်တို့ လုပ်ငန်း ဒီကိုဝင်လာတဲ့အချက်တချက်က ဖုန်းအသုံးပြုသူတွေ များလာတာလည်း ပါတယ်။ ဘာမှ မလုပ် ရသေးတဲ့ မြေရိုင်းတွေလည်း ရှိနေသေးတယ်။ ပြီးတော့ မြန်မာပြည်က အာရှမှာ အရမ်းဖွံ့ဖြိုးတိုးတက် လာမယ့် နေရာပဲ။ အဲဒီလို ဖြစ်လာမှာကို ကျနော်တို့ တွေ့နေရတယ်။ အဓိကကတော့ ကုန်စည်တခု ကို အရင်ဖန်တီးလိုက်တယ်။ လုံးဝ အဆင်ပြေတာသေချာပြီဆိုရင် ဈေးကွက်ကိုချဲ့ထွင်လိုက်တယ်။ ဈေးကွက် ချဲ့ထွင်တယ်ဆိုတဲ့နေရာမှာ တခြားလုပ်ငန်းတွေနဲ့ ပြိုင်ဆိုင်နေတာ မဟုတ်ဘဲနဲ့ လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်လိုက်တာ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ အေဂျင်စီတွေနဲ့ Partnership ဖွဲ့တယ်။ စည်းရုံးတယ်။ ဒါကလည်း ထိုးဖောက်တဲ့ လမ်းစဉ်တခုပေါ့။
မေး။ ။ လက်ရှိ မြန်မာပြည်ရဲ့ အင်တာနက်အခြေအနေနဲ့ အွန်လိုင်းဈေးကွက် သွားဖို့ က အဆင်ပြေပါ့မလား။
ဖြေ။ ။ တခြားနိုင်ငံတွေမှာကဖွံ့ဖြိုးတိုးတက်ပြီးပြီ၊ လူတဦးချင်းစီရဲ့ ပညာအရည်အချင်းတွေကကောင်းနေပြီ။ အဲလိုမျိုး အွန်လိုင်း အိမ်ခြံမြေ လုပ်ရတာ ရှိပြီးသားဆိုတော့ မခက်ခဲဘူး။ မြန်မာပြည်မှာ ကျတော့ ဒါနဲ့ပတ်သက်ပြီး ဗဟုသုတ နည်းကြသေးတယ် ဆိုတော့ အချိန်တော်တော်ယူရတယ်။ အခုဆိုရင် အွန်လိုင်းအိမ်ခြံမြေ လုပ်ငန်း ဆိုပြီး လုပ်လာတာ ၂ နှစ် ကျော်ပြီ။ တခြားနိုင်ငံမှာဆိုရင် ဒီလောက် အချိန်မယူရဘူး။ ဒါက တခြားနိုင်ငံနဲ့ ကွာ ခြားချက်ပဲ။
မေး။ ။ ပြည်ပရင်းနှီးမြုပ်နှံသူတွေ၊ လုပ်ငန်းရှင်တွေက မြန်မာပြည်ရဲ့ အိမ်ခြံမြေဈေးက သိပ်မြင့်နေတယ်ပြော ကြတယ်။ အဲဒီ အပေါ်မှာ အမြင်သဘောထားသိချင်ပါတယ်။
ဖြေ။ ။ ဟုတ်တယ်။ ဈေးကြီးတယ်၊ လူတယောက်ချင်းစီရဲ့ ဝင်ငွေနဲ့ ချိန်ဆပြီးပြောရမယ် ဆိုရင် မြန်မာနိုင်ငံမှာ က အိမ်ခြံမြေဈေးကြီးတယ်။ ရောင်းသူ ဝယ်သူ ကြားမှာဈေးကွာဟနေတယ်။ ဘာတွေတွေ့နေရ သလဲဆိုတော့ ရောင်းသူ က ကြိုက်ဈေး ခေါ်ပြီးရောင်း နိုင်တယ်။ ဒါပေမယ့် အဲဒီဈေးကို ဝယ်တဲ့သူက မဝယ် နိုင်ဘူး။ တချို့ ကျတော့လည်း ရောင်းသူ ရောင်းတဲ့ ဈေးထက် ဝယ်သူက ပိုပေးနိုင်တာရှိပါတယ်။ နောက်တခုကတော့ ရန်ကုန်မှာဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ အိမ်ရာစီမံကိန်းတွေ များလာတာ မြင်ရတယ်။ အဲဒါကတော့ ကောင်းတယ်လို့မြင်တယ်။ ကျနော်တို့ အနေနဲ့ ဈေးနှုန်းများတာတော့ ဘာမှ လုပ်မပေးနိုင်ပေမယ့် မျှတမှု ရှိအောင်တော့ ရောင်းသူဝယ်သူတွေကြားမှာ ဖြစ်အောင် လုပ်ပေးနိုင်တယ်။
မေး။ ။ အွန်လိုင်းမှာ တင်ထားတဲ့ မြန်မာနိုင်ငံရဲ့ အိမ် ခြံမြေ ဝယ်၊ ရောင်း၊ ငှား ကိစ္စတွေကို ပြည်တွင်း ကအပြင် တခြား ဘယ်နိုင်ငံတွေက စိတ်ဝင်တစားနဲ့ စုံစမ်းကြလဲ။
ဖြေ။ ။ မေးကြတယ်။ နိုင်ငံတကာကအီးမေးလ်တွေ ပို့ပြီးမေးကြတာတွေရှိတယ်။ ဝက်ဘ်ဆိုက်ထဲ ကိုအိမ်နီး ချင်းနိုင် ငံတွေ၊ အာရှ၊ ဥရောပ နိုင်ငံတွေ က ကြည့်တာများတယ်။ အများစုကတော့ မြန်မာပြည်ကို အပြီးအပိုင်ရွေ့ ပြောင်းလာ ချင်သူတွေ၊ မကြာခင် အခြေချလာကြတော့မယ့်သူတွေ နဲ့စီးပွားရေးလုပ် မယ့်သူတွေပါတယ်။ စင်ကာပူက လူတွေကတော့ အများဆုံးလို့ ပြောရမယ်။
မေး။ ။ အခု အွန်လိုင်းမှာ တင်ထားတဲ့ အိမ်ခြံမြေကြော်ငြာတွေရဲ့ ရောင်းဝယ်မှု အခြေအနေ ဘယ်လိုရှိသလဲ။
ဖြေ။ ။ အရောင်းဈေးကွက် က ၆၆ ရာခိုင်နှုန်းရှိနေတယ်။ ကျန်တာတော့ အငှားပေါ့။ အငှားဈေးကွက်ကတော့ ပြည် တွင်း ပြည်ပ ၂ ခုလုံး အတွက်ထားပေမယ့် အရောင်းကိုတော့ ပြည်တွင်းက လူတွေအတွက် ထားတာများတယ်။ ရင်းနှီးမြုပ်နှံသူတွေ အဓိကအလိုချင်ဆုံးနေရာ က ရန်ကုန်ပဲ။ မြန်မာပြည်ရဲ့ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်း လုပ်နေ သူတွေနဲ့ ဆက်သွယ်ထားတယ်။ ကံကောင်းသွားတာတော့ ကျနော်တို့ ကိုယ်တိုင်သွား စရာမလိုဘဲ ထုတ်ကုန်ရောက် လာတော့ အဆင်ပြေပါတယ်။ ကျနော်တို့တွေ က အရောင်း အဝယ် မလုပ်ဘူး။ ရောင်းတဲ့ သူတွေနဲ့ ဝယ်တဲ့သူတွေ အချင်းချင်း အလုပ်လုပ်တာ။ အကျိုးအမြတ်ကတော့ ငွေကြေးတောင့်တင်းတဲ့ ကုမ္ပဏီတွေဆီ ကကြော်ငြာခနဲ့ဝက်ဆိုက်ဒ်မှာကြော်ငြာခ ဆိုတဲ့ နေရာမျိုးက ယူတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် အလားအလာကိုဘယ်လိုသုံးသပ်လဲ။
ဖြေ။ ။ ရန်ကုန်မှာ အိမ်ရာစီမံကိန်းတွေရှိလာပြီ။ တိုင်းပြည်ရဲ့ ဂျီဒီပီ အချိုးက လည်းဖွံ့ဖြိုးတိုး တက်လာပြီ။ လူတွေ က လည်း ဗဟုသုတတွေ များလာပြီ။ ပြီးတော့ အလယ်အလတ်တန်းစား လူတန်းစားတွေလည်း များလာတော့ အိမ်ခြံမြေ ဈေးကွက်က တိုးတက်လာမယ့် သဘောမှာရှိတယ်။ ။