တယ်လီနောကုမ္ပဏီက နိုင်ငံတွင်း ကွန်ရက်တည်ဆောက်မှု လုပ်ငန်းခွင် ၃ ခုမှာ ကလေး လုပ်အားအသုံးပြုတာတွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ တယ်လီနောကုမ္ပဏီက တာဝါတိုင်တွေ စိုက်ရာမှာ သူနဲ့ တွဲဖက်လုပ်တဲ့ မြန်မာကုမ္ပဏီတွေအနေနဲ့ အသက် ၁၅ နှစ် အောက် ကလေးတွေကို အလုပ်မခိုင်းစေဖို့ မေတ္တာရပ်ခံထားပေမယ့် အခု လို ကလေးလုပ်သားအသုံးပြုမှု ရှိတာကို တွေ့ခဲ့ရတာလို့ ဆိုတယ်။ အဲဒီသတင်းဖတ်မိတော့ မြန်မာပြည်အလည်ရောက်ခဲ့တုန်းက တွေ့မြင်မိတဲ့ ကလေးအလုပ်သမားတွေကို ပြန်သတိရမိတယ်။
အမိမြေနဲ့ ၂၅ နှစ်တာဝေးကွာနေရသူ ကျောင်းသားဟောင်းအတော်များများ ရန်ကုန်မြို့ဆီပြန်ရောက်တဲ့အခါ ပထမဆုံးသွားတဲ့နေရာက ရွှေတိဂုံစေတီဖြစ်ပြီး ဒုတိယ နေရာကတော့ အင်းယားကန်စောင်းပဲ ဖြစ်ပါတယ်။ အဲဒီ အင်းယားကန်စောင်းက စားသောက်ဆိုင်တန်းမှာ ကလေးစားပွဲထိုးတွေ တွေ့ရတော့ ပြည်ပမှာ လူ့အခွင့်အရေးနဲ့ ကြီးပြင်းခဲ့ရသူတွေအတွက် အကြီးအကျယ် အံ့အားသင့် ကြေကွဲတုန်လှုပ်မိတယ်။ အတော်များများဟာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်တွေပါ။ ”အသက် ဘယ်လောက်ရှိပြီလဲ၊ ကျောင်းမနေကြဘူးလား” ဆိုပြီး မေးကြည့်တော့ သူတို့က သိပ်ဖြေချင်ပုံမရပါ။
|
တရက်မှာတော့ တာမွေအဝိုင်းအနီးက နာမည်ကြီးလက်ဖက်ရည်ဆိုင်မှာ သွားထိုင်ရင်းနဲ့ စားပွဲထိုး လူငယ်တွေနဲ့ စကားပြောဖြစ်ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်စားပွဲထိုးချည်း ၁၀ ယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ဟာ အညာဒေသကဖြစ်ပြီး ဒီဆိုင်မှာ အလုပ်ရဖို့အရေး အတော်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောင်းမနေကြဘူးလားဆိုပြီးမေးတော့ မူလတန်းတော့ အောင်ပြီးပြီ၊ အလယ်တန်းတော့ တဝက်တပျက်နဲ့ ထွက်လာရတယ်လို့ တဦးကပြောပါတယ်။ ဒါပေမယ့် ဒီလူငယ်လေးရဲ့ သချာၤစွမ်းရည်ကတော့ လက်ဖျားခါလောက်ပါတယ်။
ဘာကြောင့်လဲဆိုရင် ရန်ကုန်က လဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်အတော်များများမှာ စားပွဲနံပတ် တွေ၊ bill နံပတ်တွေ၊ bill တွေရေးလေ့မရှိပါ။ လက်ဖက်ရည်တခွက်က ဘယ်လောက်၊ မုန့်တခုက ဘယ်မျှ၊ ကြက်သားဟင်းတခွက်က ဘယ်ပုံ၊ ဆေးလိပ်တဗူးက ဘယ်ရွေ့ စသဖြင့် တခါတည်း စားပွဲ ထိုးပါးစပ်ကနေ တန်းပြောပြိး ပေါင်းသွားလိုက်တာများ ဂဏန်းပေါင်းစက်ရှိမှ အလုပ်လုပ်တတ်တဲ့ အ နောက်တိုင်းသားတွေ အလေးပြုလောက်ပါတယ်။
ဒါက ရန်ကုန်မှာတွေ့ရတဲ့ ကျောင်းဆက်တက်ခွင့်မရတဲ့ ၁၈ နှစ်အောက် လူငယ်အလုပ်သမားလေး တွေရဲ့ အခြေနေပါ။ ပုဂံနဲ့ အင်းလေးဖက်မှာတွေ့ရတဲ့ လူငယ်အလုပ်သမားတွေကျတော့ ရန်ကုန်နဲ့ မတူ ပြန်ဘူး။ ဘာဖြစ်ဖြစ် ရန်ကုန်က စားသောက်ဆိုင်တွေမှာ စားပွဲထိုးလုပ်တာဟာ တရားဝင်လုပ်သား တပိုင်းဖြစ်တဲ့အတွက် သူတို့မှာ လစာရပါတယ်။
ဒါပေမယ့် ဒီ ပုဂံက ရွှေစည်းခုံစေတီ ဘေးမှာတွေ့ရတဲ့ အပျော်တန်းဧည့်လမ်းညွှန် ကလေးငယ်တွေက တော့ လစာရှိပုံမရ။ တရားဝင် လမ်းညွှန်တွေဖြစ်လာအောင်လဲ ဘယ်သူကမှ မြေတောင်မြောက်ပေး မဲ့ ပုံမရှိပါ။ ထူးခြားတာကတော့ ရန်ကုန်စားသောက်ဆိုင်တန်းက ကလေးစားပွဲထိုးတွေ သချာၤတွက် ကျွမ်းသလို ပုဂံကဧည့်လမ်းညွှန်ကလေးတွေကလည်း အင်္ဂလိပ်စကားပြော ကျွမ်းပါတယ်။ ဘုရားရာဇဝင် တခုလုံးကို အာဂုံဆောင်ထားနိုင်တာပါ။ တချို့ကလေးတွေဆိုရင် အင်္ဂလိပ်လိုအပြင် ပြင်သစ်၊ ဂျပန်၊ ထိုင်းဘာသာတွေတောင် အတော်အတန် ပြောတတ်နေတာကိုတွေ့မိတော့ မချီးကျုးပဲ မနေနိုင်ပါ။
ခက်တာက ဒီကလေးတွေ ဒီလောက်တော်နေပေမယ့် သူတို့ကို ဘယ်သူကမှ အသိမှတ်ပြုထားတာ မရှိ။ ဧည့်သည်တဦးအတွက် လမ်းညွှန်မှုပေးရင် ဘယ်လောက်ပေးရမယ်ဆိုတဲ့ အခကြေးငွေ သတ်မှတ်ချက်လည်း မရှိပါ။ စေတနာရှိသလောက်သာ ပေးထားခဲ့ပေတော့။ ”နှစ်ထောင်လောက်တော့ ပေးပါ ဦးရယ်။ ဒီက ရတဲ့ငွေနဲ့ မိဘနှစ်ပါးကိုလုပ်ကျွေးနေရတာပါ” လို့ဆိုတော့ ကျနော့်စိတ်ထဲ အတော်မကောင်း ဖြစ်သွားပါတယ်။ ဒါပေမယ့် သူ့လိုတောင်းနေသူတွေက တဒါဇင်မကရှိတယ်။
ပုဂံပြိးရင် ကမ္ဘာလှည့်ခရီးသည် ဒုတိယ အများဆုံးသွားတဲ့နေရာလို့ နာမည်ကြီးနေတဲ့ အင်းလေးကန်ဖက် ရောက်တော့လည်း အခြေနေက နောက်တမျိုး။ ဒီကလေးတွေက ပုဂံဖက်မှာလို ဧည့်လမ်းညွှန်မလုပ်ပဲ ပန်း ရောင်းကြပါတယ်။ ဖောင်တော်ဦးစေတီဘေးမှာ တွေ့ရတဲ့ ကလေးတွေဆီက ထူးထူးခြားခြား ပညာရေးနဲ့ဆိုင်တဲ့ တောင်းဆိုသံတခုကိုကြားရတော့ အတော်အံသြသွားပါတယ်။
”ဦးလေး၊ ဦးလေးက ပန်းမဝယ်ရင်လည်း သမီးကျောင်းစာအုပ်ဖိုးအတွက် တထောင်လောက် ပေးခဲ့လေ” လို့ ပန်းသည်ကလေးမတဦးက ပြောပါတယ်။ ဧည့်သည်က ဝယ်ချင်မှန်းမသိ၊ မဝယ်ချင်မှန်းမသိ လမ်းပိတ်ပြီး နင်းကန်ရောင်းနေလို့ စိတ်ညစ်ပြီး ထွက်ပြေးလာတဲ့ ကျနော် တွေဝေသွားပါတယ်။ လှူလိုက်ရင် ကောင်းမလားပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ ဒါတွေဟာ အစိုးရက ဖြေရှင်းပေးရမယ့် ကိစ္စပဲ။ ၂ ထောင်ပေးလိုက်ရုံနဲ့ ပြေလည်သွားမယ့်ကိစ္စမှ မဟုတ်ပဲ။ ပြီးတော့ သူ့ကို နှစ်ထောင်ပေးရင် ကျန်တဲ့လူတွေလည်း နှစ်ထောင်စီ ကျနော် ထပ်ပေးသင့်သလား။
အဲဒီလို ရန်ကုန်စားသောက်ဆိုင်တန်းကနေ ပုဂံ-အင်းလေး ဘုရားစောင်းတန်းက ပန်းသည် လေးတွေအထိ ပုံစံအမျိုးမျိုးနဲ့ ဘဝကို ရုန်းကန်နေရရှာတဲ့ အသက် ၁၈ နှစ်မပြည့်သေးပဲ လုပ်ငန်းခွင်ထဲ ဝင်နေရသူတွေ ဘယ်လောက်များများရှိနေလေမလဲ။ ဘယ်သူကမှ စာရင်းဇယားလုပ်မထားတော့ အတိအကျ မသိနိုင်ပါ။ ဒါပေမယ့် တနိုင်ငံလုံးရှိ လဖက်ရည်ဆိုင်တွေ၊ စေတီပုထိုးတွေ၊ မီးရထားဘူတာရုံ တွေ၊ အဝေးပြေးကားဂိတ်တွေမှာ အလုပ်လုပ်နေရတဲ့ ကလေးတွေကို ပေါင်းလိုက်ရင် အရေအတွက် သိန်းချီရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။
သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲ။ ဘယ်လိုလုပ်ပေးနိုင်သလဲ။ အင်း… ဒီ မေးခွန်းကို မေးရတာကလဲ ခပ်လန့်လန့်။ ဘာကြောင့်လဲဆိုရင် ”ဒီကလေးတွေ ဒီလိုပဲ တသက်လုံးနေ လာတာ အဆန်းလုပ်လို့၊ မင်းက နိုင်ငံခြားကနေပြန်လာမှ ကိန်းကြီးခန်းကြီးနဲ့ လျှောက်ပြောနေတယ်” ဆိုပြီး အပြောခံရလေ့ရှိလို့ဖြစ်ပါတယ်။
သတိမမူ ဂူ မမြင်ဆိုတဲ့အတိုင်း အမှားအယွင်းကြားမှာ နေ့စဉ်နေထိုင်ရှင်သန်နေသူတွေအဖို့ ဒီဟာကို အမှားအယွင်းတခုအဖြစ် မြင်ချင်မှမြင်မိပါလိမ့်မယ်။ ဒါဟာ သူမွေးလာကတည်းက နေ့စဉ်မြင်နေရတဲ့ မြင်ကွင်းဖြစ်တဲ့အတွက် ဒါကို အမှားအယွင်းတခု၊ အားနည်းချက်တခု၊ ပြုပြင်ဖို့ လိုနေတဲ့အချက်တခုအ ဖြစ် မြင်မိဖို့မလွယ်ပါ။ ဒါပေမယ့် ကလေးသူငယ် အခွင့်အရေးတွေကို အလေးထားတဲ့နိုင်ငံက လာတဲ့သူတွေက တော့ ဒါဟာ စနစ်တခုရဲ့ မှားယွင်းချက်၊ အားနည်းချက်အဖြစ် ချက်ချင်းမြင်လေ့ရှိပါတယ်။
ဒီလိုကျောင်းနေခွင့်မရတဲ့ ကလေးငယ်တွေအတွက် ရန်ကုန် NGO တခုက ရွှေ့ပြောင်းကျောင်းတခုကို ထူ ထောင်ပြီး ကလေးစားပွဲထိုးတွေကို သူတို့ဆိုင်တွေအထိသွားပြီး စာသင်ပေးတယ်လို့ သတင်းကြားရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အစီစဉ်ဖြစ်ပေမယ့် အမြစ်ပြတ် ကုထုံး မဟုတ်ပါ။
ဒါဖြင့် အမြစ်ပြတ်ကုထုံးက ဘာလဲ။ အစိုးရဖက်ကနေ ကလေးလုပ်သားမခိုင်းဘူးဆိုတဲ့ နိုင်ငံတကာ စာချုပ်စာတန်း တွေကိုလက်မှတ်ထိုးပြီး ဒီကလေးတွေ ကျောင်းနေနိုင်အောင် အမျိုးသားစီမံကိန်းချကာ လုပ်ဆောင်ဖို့လိုနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နှောင်းပိုင်းက ထွက်ပေါ်လာတဲ့သတင်းတွေ အရဆို ရင်တော့ ILO ပြဋ္ဌာန်းချက် ၁၈၂ ကို မြန်မာအစိုးရဖက်က လက်မှတ်ထိုးလိုက်ပေမယ့် အနည်းဆုံး အသက်သတ်မှတ်ချက်ဆိုင်ရာ ILO ပြဋ္ဌာန်းချက် ၁၃၈ ကိုတော့ လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါဘူး။
အဲဒီလို လက်မှတ်ရေးထိုးထားတယ်ဆိုတာကို အလုပ်ရှင်တွေ၊ ကလေးတွေနဲ့ ကလေးမိဘတွေ သိရှိကြပါရဲ့လား။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကြုံဖူးတဲ့ ထိုင်းနိုင်ငံ မဟာချိုင်ဒေသက မြန်မာကလေးလုပ်သားတွေ ကယ်တင်ရေးစီမံကိန်းတခုကို သွားသတိရမိပါတယ်။ အသက် မပြည့်သေးတဲ့ ကလေးတွေကို မဟာချိုင် ပုဇွန်စက်ရုံမှာခိုင်းစေနေတယ်ဆိုပြီး သတင်းရတဲ့အတွက် NGO တခုနဲ့အတူ ကျနော် သတင်းယူဖို့ လိုက်သွား ပါတယ်။ ကျနော်တို့ကိုမြင်တော့ ထိုင်းအလုပ်ရှင်က မကြိုက်ပါ။ အလုပ်ရုံထဲ ဝင်ကြည့်လို့ရတယ်။ ဓာတ်ပုံရိုက်ခွင့်၊ မေးမြန်းခွင့်တော့ မပေးနိုင်ဘူးလို့ပြောပါတယ်။ ဝင်ကြည့်တော့ အသက် ၁၄-၁၅ ဝန်းကျင် လူ ငယ်တွေအများကြီး။
အဲဒါတွေကို ကျနော်တို့က သတင်းပြန်လုပ်တော့ အလုပ်ရှင်ဖက်က စိတ်ဆိုးတဲ့အပြင် အလုပ်သမားတွေကပါ စိတ်ဆိုးတာခံရတော့ ကျနော် အတော်အံ့သြသွားပါတယ်။ ”ဒီကလေးတွေက ဒီမှာအလုပ် မလုပ်ရင် ဘယ်မှာ သွားလုပ်ရမလဲ။ ခင်ဗျားတို့ ထမင်းကျွေးထားမှာလား” လို့ ကလေးမိဘ အလုပ်သမားတွေက ပြန်ပြောပါတယ်။
ဆိုလိုတာကတော့ ဥပေဒအတိုင်း သွားလုပ်ရုံနဲ့မပြီး။ ဒီကလေးတွေကို အလုပ်ခွင်ထဲကနေ ပြန်ထုတ်ချင်တယ်ဆိုရင် သူတို့ကို ကျောင်းထားပေးနိုင်ဖို့ှ၊ အနည်းဆုံးအားဖြင့် သူတို့ရဲ့ စားဝတ်နေရေးကို တာဝန်ယူနိုင်ဖို့ လိုပါတယ်။ ဘာမှ တာဝန်မယူနိုင်ပဲနဲ့ ”မင်းအသက်မပြည့်သေးလို့ အလုပ်ခွင်ထဲ မဝင်ပါနဲ့” ဆိုပြီး ဥပဒေတခုတည်းနဲ့ သွားတားရင် ထမင်းမငတ်အောင် ရှာစားနေသူရဲ့ ထမင်းလုတ်ကို ပုတ်ချတာနဲ့ တူပါမယ်။ ဒီအတွက် အစိုးရမှာ ဘယ်လို စီမံကိန်းရှိသလဲ။ NGO တွေနဲ့ မလုံလောက်ပါ။
အင်းယားကန်ဘေး စားသောက်ဆိုင်က စားပွဲထိုးကလေးတွေ၊ ပုဂံရွှေစည်းခုံစေတီနဲ့ အင်းလေး ဖေါင် တော်ဦးစေတီက ကလေးဧည့်လမ်းညွှန်တွေ၊ ကလေးပန်းသည်လေးတွေ ကျောင်းစာသင်ခန်းထဲ ပြန်ရောက်နိုင်ဖို့အတွက် ကျနော်တို့ ဝိုင်းအဖြေရှာဖို့ ဖြေရှင်းဖို့ အမြန်လိုနေပြီဖြစ်ပါတယ်။