ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်က အမည်ပျက်စာရင်း သွင်းလိုက်တာကို ကန့်ကွက် ဆန္ဒပြကြတဲ့ပွဲမှာ ပါဝင်သူတွေ ဒံပေါက်လု ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကို လူတချို့ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများမှာ ရယ်သွမ်းသွေးနေကြတာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိတယ်။ တကယ်တော့ ဒီ ဖြစ်ရပ်ဟာ တိုင်းပြည်မှာ လူ့အဖွဲ့အစည်းရဲ့ ဆီဦးထောပတ်ကို လူ့မလိုင် ကပ်ပါး လူတစုက စားသုံးခွင့် ရနေခြင်း ပြယုဂ်ပါ။ နိုင်ငံရဲ့ လူအများစု အငတ်ထုကြီး ခံစားနေရတဲ့ အဖြစ်သနစ် မြင်ကွင်း အသေးစား တခုပါ။ ပြက်ရယ်ပြုစရာ မဟုတ်ပါ။
ကျနော်တို့ လူမှုတရားမျှတမှု အခြေခံ လူထု ဒီမိုကရေစီ အတွက် ရေးသား ပြောဆို တောင်းဆို တိုက်ပွဲ ဝင်နေခြင်း ဟာ ဒီလို လူအများ အတွက်ပါ။ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အရင်းတည် တိုင်းပြည်ရဲ့ အဆီအနှစ် အရင်းအမြစ် အားလုံးကို အလွဲသုံးစားပြုပြီး မိသားစု အလိုက်၊ အုပ်စု အလိုက် စီးပွား ဥစ္စာ ဓန တည်ဆောက်နေသူများကို နာမည်ပျက် စာရင်း သွင်း ရခြင်း အနှစ်သဘောကလည်း ဒီလိုမျိုး တရားမဲ့မှုတွေ တိုင်းပြည်မှာဖြစ်နေလို့၊ လူအများစု ငတ်နေလို့ အတွက်ရယ်ပါ။
ပုဂ္ဂိုလ် တဦးတယောက်ကို ပြောချင်ဇောနဲ့ လူငတ် အချင်းချင်း မလှောင်မိပါစေနဲ့ ခင်ဗျာ။ ကျနော်တို့ အားလုံး အများစုဟာ ငတ်ကြီးကျ ခေတ်ဆိုးတခုကို ကြီးပြင်း ဖြတ်သန်းခဲ့ရပါတယ်။ တံခါးပိတ် ဝါဒ ကျင့်သုံးခဲ့တဲ့ တပါတီ အာဏာရှင် မဆလ ခေတ်တလျှောက် ပိုက်ဆံရှိဦးတောင် နိုင်ငံခြား အစားကောင်း အသောက်ကောင်း အလွယ် စားရဖို့ လူအများ အတွက် ခက်ခဲ့ပါတယ်။ ရေခဲမုန့်ကလေး နည်းနည်း တူတူတန်တန် စားရဖို့ အရေး သမ္မတကို ပြေးရတယ်၊ ကန်တော်ကြီး သွားရတယ်၊ လေဆိပ် အကြောင်းရှိလို့ ရောက်ရင် စားရတယ်။ ငယ်ငယ်က နိုင်ငံခြားက ဆွေမျိုးတွေ ချောကလက် ပို့တိုင်း အဖေနဲ့ အမေက ကျနော်တို့တတွေကို ဦးစားပေး ကျွေးလေ့ရှိတယ်။ အဖေက အမြဲ ပြောတယ်။ “မင်းတို့ စားပါကွာ၊ ငါတို့က ဘိလပ်လုပ်၊ ဥရောပလုပ် အစာကောင်း ပေါပေါများများ စားခဲ့၊ ဝ ခဲ့ပါပြီ၊ မင်းတို့သာ အစစ အရာရာ ရှားပါးတဲ့ ခေတ်ကြီးမှာ မွေးလာခဲ့တာ၊ အစားကောင်း ငတ်ပါတယ်” တဲ့။
စစ်တပ်က ထပ် အာဏာသိမ်းပြီး နအဖ၊ နဝတ ခေတ်ရောက်ပြန်တော့ ဈေးကွက် စီးပွားရေး မက်လုံး နဲ့ အတူ လက်သင့်ရာ စားတော်ခေါ် လူတစုအတွက် တံခါးကို တဝက်တပျက် လိုသလို ဖွင့်ပေးရင်း တိုင်းပြည်မှာ တရုတ်၊ ယိုးဒယား ပစ္စည်းများ မှောင်ခိုမဟုတ် ပေါ်ပေါ်ထင်ထင် ပေါပေါလောလော ဝယ်လို့တော့ ရလာပါရဲ့။ ဒါပေမယ့် လူတွေမှာ ပိုက်ဆံ ရှားတယ်၊ ပိုက်ဆံတွေ တန်ဖိုးမဲ့ကုန်တယ်။ အစစ အရာရာ ရှားပါးတဲ့ ခေတ်ကနေ အစစ အရာရာ ဈေးကြီးတဲ့ ခေတ်ကို ပြောင်းခဲ့တယ်။ ဒီတော့ လူအများ အတွက် အစားကောင်း၊ အသောက်ကောင်း၊ အဝတ်ကောင်း၊ အသုံးအဆောင် ပစ္စည်းကောင်း ငတ်မြဲ ငတ်ခဲ့တာပါပဲ။
အခု ခေတ်ပြောင်း စနစ်ပြောင်း လို့ ဆိုကြချိန်မှာလည်း ဆင်းရဲ ချမ်းသာ ကွာဟမှု ပိုမို ကြီးမားလာမှုနဲ့အတူ လူအများစု ဘဝ တွေဟာ မသေထမင်း မသေဟင်း စားနေရုံသက်သက်၊ ရှာရသမျှ ပိုက်ဆံ အခြေခံ စားဝတ်နေရေး ဖြေရှင်း အလျဉ်မီရုံ သက်သက် ဖြစ်လျက်ပါပဲ။ တခြား အစားကောင်းတွေ၊ လူ ဖြစ်ရကျိုးနပ်စေတဲ့ ဝါသနာပါရာ အနုသုခုမ အနုပညာ၊ အားကစား လိုက်စားမှု၊ ဂန္တဝင် စာပေ လေ့လာမှုနဲ့ ခရီးထွက်ခြင်း အပါအဝင် အပန်းဖြေ ဇိမ်ခံမှု အစုံစုံ အတွက် လူအများ ခမျာ အဆာမကျယ် အိပ်မက် မမက်နိုင်ပါ။
အရာရာ ချုပ်ကိုင် လွှမ်းမိုး စနစ်ဆိုးမှာ ဟန်ကျနေသူ လူတစု ကတော့ ထားပါ။ အကြောင်းသင့်လို့ ဗိုက်ပြည့် အထိုက်အလျာက် အဆင်ပြေ ထမင်းဝနေသူ လူလတ်တန်းစားများလည်း အသားဟင်းကောင်း တော့ ငတ်နေပါတယ်။ ဟင်းစားနည်းသူဟာ လူလိမ္မာဖြစ်ဟန်ကို လူ့အသိုင်းအဝန်းမှာ ယဉ်ကျေးမှုလုပ် သတ်မှတ် ပုံဖော်ခြင်း ခံနေရပါတယ်။ ဟင်းစားကြူးသူကို ဘီလူး အသွင်လို့ ကလေးငယ်များကို တလွဲ အသိပေးခံနေရပါတယ်။ ဒီလိုနဲ့ မျိုးဆက် တဆက်ပြီး တဆက် သေးကွေး ကြုံလှီလာခဲ့ကာ အခု ဗမာငပုလေးတွေ ဖြစ်ကုန်ရတာ မျက်မြင်ပါ။
အကြောင်း ပိုသင့်လို့ အထက်တန်း လူလတ်တန်းစား တချို့ ဟင်းကောင်း မငတ် အစားကောင်းစား အဝတ်ကောင်းဝတ် နိုင်စေဦး၊ အခြား “Quality of Life” ခေါ်တဲ့ နေထိုင်မှု ဘဝအရည်အသွေး ကိစ္စ၊ ဥပမာ – ပညာသင်ကြားခြင်း လို ဆေးကုသခံခြင်းလိုမျိုးတွေ အတွက် တိုင်းပြည်မှာ စံမမီ မခံစား နိုင်လို့ နိုင်ငံရပ်ခြားကို ထွက်ရှာနေရတယ် မဟုတ်ဖူးလား။ သူသူငါငါဟာ လူနေမှု အဆင့်အတန်း မပြည့်မီ မခံစားရ၊ လူဖြစ်ရကျိုး မနပ်ဘဲ စနစ်ဆိုးဒဏ် လူဆိုးဒဏ်ကြောင့် တနည်း မဟုတ် တနည်း တခုမဟုတ် တခု အငတ်ဘေးသင့် နေကြသူများပါ။ ကိုယ့်ထက်ပို အဖိနှိပ်ခံ နင်းပြား ဖြစ်နေတဲ့ ဒံပေါက် လု သတင်းပါ အညာက ဘဝတူ လူငတ်ကြီးတွေကို စာနာစိတ် ထားသင့်ပါတယ်။
“ရေစိုနေတဲ့ စာအုပ် တအုပ်လို ဒုက္ခတွေ စွတ်စိုလာတဲ့အခါ ဘဝဟာ ပိုမိုလေးလံလာတယ်” ဆိုခဲ့တဲ့ ဆုံးသွားရှာပြီ ဖြစ်တဲ့ ‘ပြည်’ သားကြီး ကိုဆွေရဲ့ ဇာတ်ကောင် ဟာ လိမ္မော်သီး ငတ်ပါတယ်။ ခင်ဗျား အတွက် အဆင့်အတန်းမီ လုံခြုံစိတ်ချရတဲ့ ဆေးကုသမှု ခံယူမှု ငတ်ကောင်း ငတ်ပါမယ်၊ ကျနော့် အတွက် ခေတ်မီ ပညာရပ်ကောင်း ငတ်ချင် ငတ်ပါမယ်၊ ဒီလိုပဲ ပိုမို ဆိုးရွား ‘ခံ’ နေရများသူဟာ အခြေခံ အစားကောင်း ငတ်နေပါတယ်။
ဝတ္ထုတို ဆရာ တယောက် ရေးခဲ့ဖူးတာကိုလည်း သတိရမိပါရဲ့။ နေမကောင်း ဖြစ်နေတဲ့ မိတ်ဆွေရဲ့သားကို ဆေးရုံမှာ သတင်း သွားမေးရင်း “သား ဘာစားချင်သလဲ” လောကွတ် ပြုမိသတဲ့။ ကလေးက “ဒံပေါက် စားချင်တယ်” ပြန်ဖြေတော့ စိတ်ထဲက “ဒါတော့ ဦးဦးလည်း စားချင်နေတာပါပဲကွာ” ဆိုရသတဲ့။
ဆိုတော့ ကျနော်တို့ အားလုံးဟာ “လူ့ဘဝ အရသာ ပြည့်စုံ ကုံလုံ လုံခြုံ စိတ်ချ မှု ဒံပေါက်”ကို ငတ်နေသူချည်းပါပဲ။ ဒီ့အတွက် နိုင်ငံ့ စနစ်ကို ပြင်ဖို့ ကြိုးစားနေရခြင်းပါ။
တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာဟာ အာဏာ နှစ်ငါးဆယ်ကျော် လက်ကိုင်ယူထားတဲ့ စစ်ခေါင်းဆောင် တစုနဲ့ ဒီမိုကရေစီ အင်အားစု နိုင်ငံရေးသမားများ အာဏာလုနေခြင်း သက်သက် မဟုတ်ပါ။ အာဏာ လုပ်ပိုင်ခွင့်နဲ့ တိုင်းပြည်ကို ဂုတ်ခွစီးရင်း ထင်တိုင်းကြဲ သွေးစုပ်၊ စီးပွား ဥစ္စာ ဓန အရာရာ အလျှံပယ် ဖြစ်နေတဲ့ လူတစု ရှိသူများ (Haves) နဲ့ အစစ အရာရာ မဲ့ နေတဲ့ မရှိသူ လူအများ (Have Nots) ကွာခြားချက် ကြီးမား နေခြင်းက အဓိကပါ။ ထားစရာ မရှိလောက်အောင် ‘ဟန်’ နေသူများ နဲ့ စားစရာကို မရှိ ဖြစ်နေတဲ့ ‘ခံ’ နေရသူများ အရေး က အခရာပါ။ ဒီ ကွာဟနေတဲ့ လူတန်းစား နှစ်ခု ကွာဟချက် နည်းအောင်၊ “ရင်ကြားစေ့အောင်” အခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ပညာ ကျန်းမာ ဝါဒ ပေါ်လစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ တောင်းဆိုနေရခြင်းပါ။
ကိုယ်ကျင့် သီလ မှတ်ကျောက်တင်ခံ သခင် ခေတ် နိုင်ငံရေး သမားကောင်းကြီး ဖြစ်တဲ့ သခင်ဝတင်က လွတ်လပ်ရေး ရပြီးစ ခေတ် ဗမာပြည် ကို ကြည့်ပြီး “မစင်ကို တုတ်ချောင်းနှင့် သုတ်၍ နေရသောသူ သန်း ၃ဝ ခန့် ရှိပါသေးသည်။ အိမ်သာတွင်း မရှိသော ရွာပေါင်း၊ အိမ်ပေါင်း များစွာ ရှိနေပါသေးသည်။ ခြေထောက်တွင် ဖိနပ်မရှိသူ၊ မစီးနိုင်သေးသောသူ သန်း ၂ဝ ခန့်ရှိနေ ပါသေးသည်။ မီးကို စောင်လုပ်၍ နေရသေးသူ၊ မီးခိုးကို ခြင်ထောင်လုပ်၍ နေရသူ သန်း ၂ဝ ခန့် ရှိနေပါသေးသည်” အစရှိသဖြင့် လူအများစု ရဲ့ လူတမ်းမစေ့ လူစဉ်မမီ ဖြစ်နေရတဲ့ ချွတ်ခြုံကျ ပကတိ ဘဝ တွေကို အရှိအတိုင်း မီးမောင်းထိုးပြပြီး “ဒါတွေသိမှ နိုင်ငံရေး လုပ်ပါ” လို့ သတိပေးခဲ့ဖူးတယ်။ နိုင်ငံရေး လုပ်ရခြင်းက ဒီလို လူတွေ အတွက်ပါ။
အကျိုးစီးပွား နဲ့ အာဏာ ကို ရေရှည် ဆုပ်ကိုင် ထားလိုသူ အုပ်စိုးသူများဟာ လူထု လူအများကို ငတ်အောင် ထားပါတယ်၊ အသိပညာ ကန်းအောင်၊ နလပိန်းတုံး ဖြစ်အောင် လုပ်ပါတယ်၊ လူ့အခြေခံ ရပိုင်ခွင့် အခွင့်အရေး အားလုံးကို ချုပ်ကိုင် ပြန်ပေးဆွဲ ထားပါတယ်။ ဒါမှ အခွင့်အရေး ရပိုင်ခွင့်ကို လိုတဲ့အချိန်မှာ လိုသလို ချပေးရင်း လူအများကို သူတို့ ကြိုးဆွဲ စီမံရာ လိုက်နာစေတာ မတရား အာဏာလိုချင်သူများရဲ့ လက်ဆွဲ နည်းနာပါ။ အခု မိုဘိုင်းဖုန်းတွေ ဈေးချပေး၊ အရင်လို အစိုးရ ကချည်း လက်ဝါးကြီးမအုပ်တော့ဘဲ သူများကိုလည်း လုပ်ပိုင်ခွင့်ချပေးတော့ လူလတ်တန်းစားများ ပျော်တယ် မဟုတ်လား။ ဒီလိုပဲ အခု ဒံပေါက်ကျွေးတော့ ကျနော်တို့နဲ့ ဘဝတူ လူငတ်ကြီးများ ပျော်တယ်၊ မရမှာစိုးတော့ လုရတော့တာပေါ့။
စစ်အာဏာရှင် လုံးလုံး ခေတ်မှာ လက်နက် အာဏာ ခြိမ်းခြောက် လူအများကို ထောက်ခံပွဲ၊ ရှုတ်ချပွဲတွေ လုပ်ခိုင်းတယ်။ အခု ရွေးကောက်ပွဲ တွေ၊ လွှတ်တော် တွေ ဟန်ပြ ပါလာပြီ ဖြစ်တဲ့ ခေတ်မှာ လုပ်ပိုင်ခွင့် အခွင့်အရေး ထောက်ပံ့မှု အစာ မက်လုံး ပေး လူထု ကို စည်းရုံး လိုရာ ခိုင်း နာခံတော် ဖြစ်စေတယ်။ အိမ်နီးချင်း ထိုင်းမှာလည်း ဒီ သဘောရှိတယ်။ အထူးသဖြင့် သပ်ဆင်ရှိနာဝပ် ခေတ်ကစလို့ အခြေခံလူထု ကို မက်လုံး အမျိုးမျိုးပေး စည်းရုံးကာ ရွေးကောက်ပွဲ နိုင်အောင် သိမ်းသွင်းတဲ့ ဓလေ့ အခြေတည်လာတယ်။ မရှိတဲ့ လူထုကလည်း နိုင်ငံရေးတွေ၊ ရွေးကောက်ပွဲ တွေ နောက်ထား ပေးရင် ယူတယ်၊ ကျွေးရင် စားတယ်၊ ခိုင်းတာ လုပ်ပေးလိုက်တဲ့ အကျင့် စွဲလာတယ်။
ဗမာပြည်မှာ လက်ရှိ အာဏာရ စစ်တပ် ပါတီ ဟာ ဒီလိုပဲ မက်လုံးပေး လာဘ်ထိုး ယဉ်ကျေးမှု နဲ့ ရွေးကောက်ပွဲ တွေ မှာ စည်းရုံးခဲ့တယ်။ “လမ်းတခြမ်းခင်း (ဦး) အောင်သိန်းလင်း” လို့ စာချိုးရတဲ့ အနေအထားကို ၂၀၁၀ နောက်ပိုင်း ကတည်းက ဖြတ်သန်းနေတယ်။ ဒီ ဓလေ့ ဟာ အခြေတည်လာခဲ့ပြီ။ ဒါဟာ ပြည်သူ့ မျက်နှာ မထောက်၊ ရေရှည်မကြည့် မိမိ အကျိုး စီးပွား အာဏာကိုသာ ဆက်လက်ဆုပ်ကိုင်၊ နေရာမြဲချင်သူတွေရဲ့ အကျင့်၊ အလုပ်တွေပါ။ ဒီ့အတွက် ဓားစာခံ အငတ်ထု လူထု အများကို အပြစ်မတင်သင့်သလို ဟာသလည်း မလုပ်သင့်ပါ။
နိဂုံးချုပ်ရရင် ဒံပေါက် လုခြင်းဟာ ရယ်စရာ မဟုတ်ပါ။ ဒံပေါက် လုခြင်း ဓလေ့ကို ပျောက်ချင်သလား။ လက်နက်အားကိုး အင်အားကြီးသူ အုပ်ချုပ် တိုင်းပြည်မှာ အစစ အရာရာ မင်းမူ စတမ်း ဖြစ်ခွင့်ရနေတဲ့ စနစ်ကို အရင် ပျောက်အောင် လုပ်ရပါမယ်။ လူထုကို မဲဝယ်၊ ထောက်ခံ ခိုင်း၊ ကန့်ကွက်ခိုင်း လုပ်ချင်တာ လုပ်ခွင့်သာနေတာကို ပျောက်အောင် လုပ်ရပါမယ်။ ဒါမှသာ ရှိသူများနဲ့ မရှိသူများ၊ တနည်း ဒံပေါက် ကျွေးနိုင်သူများ နဲ့ ဒံပေါက် ငတ်သူများ အကြား ကွာဟချက် မြင့်မားနေမှု ပပျောက် လူအများလည်း ချောင်လည် အစားကောင်း မငတ် ဒန်ပေါက်နဲ့ မြှူဆွယ် ‘ချူ’ လို့ မရတဲ့ အခြေအနေ ဖြစ်လာပါမယ်။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်)