လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ချင်းလူထုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၌ ပါဝင်လှုပ်ရှားလျက်ရှိသည့် ချင်းအမျိုးသမီးတဦးဖြစ် သူ ချယ်ရီဇာဟောင်းသည် ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ဖလမ်းမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်အဖြစ် ချင်းတိုးတက်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ချယ်ရီဇာဟောင်းသည် ချင်းတိုးတက်ရေးပါတီ CPP (ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ) ၏ အတွင်းရေးမှူးတဦး ဖြစ်ပြီး အမျိုးသမီးအရေး၊ လူငယ်အရေးနှင့် ပညာရေး ဆိုင်ရာများ၌ လှုပ်ရှားဆောင်ရွက်နေသူလည်း ဖြစ်သည်။
ချယ်ရီဇာဟောင်းအား ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် လှုပ်ရှားမှုများအပေါ် ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်း ထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ ဖလမ်းမြို့နယ်မှာ တခြားပါတီတွေကနေ ပါဝင်ယှဉ်ပြိုင်မယ့်သူ ဘယ်နှဦးလောက် ရှိပါလဲ။
ဖြေ။ ။ ပြည်သူ့လွှတ်တော် အတွက်က ကျမပါမယ်။ တခြားပါတီက NLD, USDP, CNDP နဲ့ တသီးပုဂ္ဂလ တယောက်ပါတယ် ဆိုတော့ ကျမအပါအဝင် ၅ ဦး ဝင်ပြိုင်မှာပေါ့။
မေး။ ။ ယှဉ်ပြိုင်ရမယ့် ပါတီတွေမှာ နာမည်ရပါတီတွေလည်း ပါဝင်နေတယ်ဆိုတော့ မချယ်ရီဇာဟောင်းကရော အားသာချက်၊ အားနည်းချက် ဘယ်လိုရှိနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မြင်မိပါလဲ။
ဖြေ။ ။ ကျမက ချင်းပြည်နယ်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တယောက်အနေနဲ့ လုပ်ဆောင်လာခဲ့တာ ၁၀ နှစ်ကျော်ပြီ။ လူ့အရင်းအမြစ် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းတွေမှာလည်း သင်တန်းတွေ ပေးခဲ့တယ်။ စာသင်ကျောင်း ဆောက်ပေးတာမျိုးတွေ၊ သင်တန်းပေးတာမျိုးတွေ၊ ဗလာစာအုပ်တောင် မဝယ်နိုင်တဲ့ ကလေးတွေကို ဝယ်ပေးတာမျိုး စတာတွေအတွက်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွက် အလုပ်လုပ်ခဲ့တယ်ဆိုတော့ ရွာတော်တော်များများက ကျမကို ထင်တာထက် ပိုသိတယ်။ လုပ်ခဲ့တာတွေကို အသိအမှတ်ပြုတာ ရှိတယ်။
ဒါတွေကြောင့်လည်း သူတို့အားပေးမှုတွေကြောင့် ဝင်ပြိုင်တာပေါ့။ အဲဒီလို လူ့အခွင့်အရေး လှုပ်ရှားရင်းနဲ့လည်း နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့လည်း အဆက်အသွယ်ရှိတယ်။ ချင်းပြည်နယ်နဲ့ တကမ္ဘာလုံးကို ချိတ်ဆက်နေရတယ်ပေါ့နော်။ ချင်းပြည်နယ်မှာ ဘာဖြစ်နေတယ် ဆိုတာကို မြန်မာမှာပြောပြသလို နိုင်ငံတကာမှာလည်း ပြောပြဖြစ်တာကို မဲပေးမယ့်သူတွေကလည်း အသိအမှတ်ပြုတယ်။ ချင်းပြည်နယ်ရဲ့ လူဦးရေက ၅ သိန်းကျော် ဖြစ်တယ်။ ၂ သိန်း ၆ သောင်းကျော်က အမျိုးသမီး ဖြစ်တယ်။ အမျိုးသမီး ပါဝင်မှုကတော့ ၁ ရာခိုင်နှုန်းတောင် မရှိဘူးဆိုတော့ အဲဒါကိုလည်း ကျမမြှင့်တင်ပေးချင်တယ်။
ဖလမ်းမြို့နယ်မှာဆိုရင် စစ်တပ်ရဲ့စနစ်တွေကြောင့် ဒါမှမဟုတ် ပညာရေးချို့တဲ့မှုတွေကြောင့် လူငယ်အတော်များများက နိုင်ငံရေး ဆိုရင် သူတို့နဲ့မဆိုင်ဘူး ဆိုတာမျိုး ထင်နေကြတယ်ဆိုတော့ အမျိုးသား ခေါင်းဆောင်တွေက တဖြည်းဖြည်းနဲ့ ပျောက်သွားမှာ ကျမ စိုးရိမ်တယ်။ လူငယ်တွေအတွက် နိုင်ငံရေးဆိုတာ သူတို့နဲ့ ဆိုင်ပါတယ် ဆိုတာမျိုး ပြချင်တယ်။ ကျမက လူငယ်အမျိုးသမီး လူ့အခွင့် အရေးရှုထောင့်၊ ဖွံ့ဖြိုးမှုရှုထောင့်က လုပ်နေတာဆိုတော့ အခြေအနေတော့ ကောင်းပါတယ်။
မေး။ ။ မဲဆွယ်စည်းရုံးတဲ့ ကာလလည်း ရောက်နေပြီဆိုတော့ မချယ်ရီဇာဟောင်း အနေနဲ့ ရွာတွေမှာ စတင် စည်းရုံးနေပြီလား။
ဖြေ။ ။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ရွာတွေကို ဆင်းနေပြီ။ ပညာပေးမှုတွေ လုပ်နေတယ်။ ချင်းပြည်နယ်မှာက မဲဆွယ် မှုတွေ မလုပ်သေးခင် လူထုကို ပညာပေးရသေးတယ်။ လွှတ်တော်က ဘာလဲဆိုတာမသိ ခြားနားချက်လည်းမသိ ပါတီတွေက လွှတ် တော်ထဲကို ဘာကြောင့် ဒီလောက်ဝင်နေချင်တာလဲ ဆိုတာလည်း မသိဘူး။ ပြီးတော့ ဒီနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်စဉ်မှာ ဘယ်သူတွေ ပါဝင်နေသလဲ။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်သူတွေက အဓိက ကျနေလဲဆိုတာတွေလည်း ပြည်သူတွေ မသိဘူး။ ဒါကြောင့် ဇန်နဝါရီကနေ သြဂုတ်အထိ တောက်လျှောက်သင်တန်းတွေ ပေးရတယ်။
တချို့လူငယ်တွေက ရှက်ကြတော့ သူတို့အုပ်စုနဲ့ သူတို့လုပ်ပေးရတာလည်း ရှိတယ်။ လူရာကျော်ကို သင်တန်းပေးရတာလည်း ရှိတယ်။ စည်းရုံးရေး မဝင်ခင် အရင်ပညာပေးမှ သူတို့ကြိုက်တဲ့သူ၊ ပါတီကို ရွေးချယ်ပါစေ။ အဲဒီလို မဟုတ်ဘဲ အထူးသဖြင့် NLD ပြောတာဆိုရင် NLD ကပဲ ဒီမိုကရေစီရအောင် လုပ်နိုင်တယ် ဆိုတာမျိုးတွေ၊ ပြည်သူလူထုတွေက ဒီမိုကရေစီဆိုတာ တခြားနေရာ က နေလာမယ့် အရာတခုလိုလို၊ ကောင်းကင်က ကျလာမယ့် အရာလိုလို ထင်နေတာတွေ ရှိတယ်။ တကယ်တမ်းမှာ ဒီမိုကရေစီ ရှင် သန် ရေးမှာ အဲဒီလိုကိစ္စက အန္တရာယ် ကြီးတယ်။ ကျမက နိုင်ငံရေး တခုတည်းကိုပဲ ကိုယ်အနိုင်ရဖို့ ပြောနေတာ မဟုတ်ဘူး။
ကျမက ပြည်သူလူထုရဲ့ နိုင်ငံရေး အသိပညာ တိုးတက်ဖို့ပါ ပြောနေတာဆိုတော့ NLD ရဲ့ လုပ်ဆောင်မှုကို နည်းနည်းစိတ်ပူတယ်။ ပါတီကြီးတွေကလည်း သူ့ပါတီကို မဲမပေးရင် ဖွံ့ဖြိုးမှု စီမံကိန်းတွေ မရဘူးဆိုတာ တောင်ပေါ်မှာ အရမ်းများတော့ လူထုက အဲဒါကို ကြောက်နေကြတယ်။ သူတို့ရွာ ကျောင်းမဆောက်ရမှာ၊ ရွာတံတား မလုပ်ရမှာတွေ လူတွေက ကြောက်နေကြတယ်။ တကယ်တမ်း အဲဒီကိစ္စတွေ ဆိုတာက ဘယ်ပါတီမှလုပ်တာ မဟုတ်ဘူး။ တက်လာတဲ့ အစိုးရဟူသမျှက ပြည်သူလူထုအတွက် လုပ်ရမှာဖြစ်တော့ နိုင်ငံသား အခွင့်အရေးကို အစိုးရ လုပ်ပေးရတယ် ဆိုတာကို လူ့အခွင့်အရေး ရှုထောင့်ကနေ လူတွေက မသိကြဘူး။
စေတနာရှိလို့ လာပေးတယ် ဆိုတာမျိုးက သူတို့အခွင့်အရေးဆိုတာ မသိဘူး။ ကျမက အဲဒါကိုလည်း ပြောင်းအောင် လုပ်နေရတယ်။ မဲဆွယ်တာ တခုတည်း မဟုတ်ဘူး။ ဒီမိုကရေစီ ဖြစ်စဉ်မှာ ပြည်သူလူထုရဲ့ ပါဝင်မှုက ဘယ်လောက် အရေးပါတယ်ဆိုတာ တော် တော် လေးတော့ နားလည်လာပြီဆိုတော့ စကားတနေရာပြီး တနေရာ ပျံ့နှံ့လာပြီ။ ကျမဆို အခုအလုပ် အရမ်းများနေတယ်။ ရွာတရွာမှာ သင်တန်းပေးမယ်။ ချင်းတောင်သွားမယ် ဟောပြောပွဲတွေ လုပ်မယ်။ နေရာတိုင်းမှာ ကျမကို စောင့်နေကြတယ်။
မေး။ ။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ များလာတဲ့အပေါ်မှာရော ဘယ်လိုမှတ်ချက် ပြုချင်ပါလဲရှင့်။
ဖြေ။ ။ အမျိုးသမီး ပါဝင်မှုက ကိုယ်စားလှယ်လောင်းစာရင်းကို ကြည့်မယ်ဆိုရင် ပါတီတိုင်းမှာ ၂၀ ရာခိုင်နှုန်းလောက် ပါတယ်။ ကျမတို့ ပါတီမှာလည်း ၂၃ ရာခိုင်နှုန်းရှိတယ် ဆိုတော့ အခြေအနေက တဖြည်းဖြည်းနဲ့ တိုးတက်လာတယ်။ အဲဒါတခုတော့ ကောင်း တာပေါ့။ အမျိုးသမီး ပါဝင်မှု များလာတာတွေ့တော့ အားရတယ်။ တကယ်ပဲ ကိုယ်စားလှယ်လောင်း အကုန်လုံး လွှတ်တော်ထဲ ရောက်သွားရင်တော့ ကျမတို့ပြောနေတဲ့ လူဦးရေ ၅၁ သန်းမှာ ၂၆ သန်းကျော်က အမျိုးသမီးတွေ ဖြစ်တယ်။ အဲဒီအထဲမှာ အလုပ် လုပ် နိုင်တဲ့ လူဦးရေက ဘယ်နှသန်းရှိလဲဆိုတာ စနစ်တကျ မသိဘူး။ အမျိုးသမီးတွေ အလုပ်လုပ်နိုင်ပေမယ့် ဝင်ငွေရှိတဲ့ အမျိုးသမီးတွေက ၁၀ သန်းတောင် မရှိတော့ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရမယ်။ ဒါမှ စီးပွားရေးလှုပ်ရှားမှုတွေ တိုးလာမှာ။
နောက်ပြီးတော့ အမျိုးသမီး ဝန်ကြီးဌာန၊ အဲဒါကိုလည်း အမျိုးသမီးအင်အားတွေ စုလာရင် တဖြည်းဖြည်းနဲ့ လုပ်လာနိုင်မယ်လို့ ကျမ တို့မျှော်လင့်တယ်။ လူမှုရေးအသိုင်းအဝိုင်းထဲမှာလည်း ကလေးတွေ ပညာရေး၊ ကျန်းမာရေး စတာတွေကို စဉ်းစားရင် အမျိုးသမီး တွေ မပါဘဲ သွားနေတာက ခရီးမတွင်ဘူးပေါ့။ အမျိုးသားနဲ့ အမျိုးသမီး ဒွန်တွဲပြီးတော့ ရှုထောင့်အမျိုးမျိုးမှာ အတူတူသွားမှ ဖွံ့ဖြိုးရေး တွေ ဖြစ်လာမှာဆိုတော့ အမျိုးသမီးတွေကို လျစ်လျူရှုထားလို့ မရဘူး။ အမျိုးသမီးအရေးကို နောက်မှလုပ်မယ်ဆိုပြီး ထားလို့မရဘူး။ ဒွန်တွဲ လုပ်နေရမှာ။
မေး။ ။ မချယ်ရီဇာဟောင်းက ပြည်သူတွေအတွက် ဘယ်လိုအပြောင်းအလဲတွေကို လုပ်ပေးနိုင်မှာပါလဲ။
ဖြေ။ ။ ချင်းပြည်သူတွေအတွက် ချင်းပြည်နယ်မှာရှိတဲ့ လူမျိုးပေါင်းစုံအတွက် တိုးတက်ဖို့ရာ လုပ်ချင်တယ်။ ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်းအထိ ဆင်းရဲနွမ်းပါးမှု ဖြစ်နေတာ။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ တိုးတက်ဖွ့ံ့ဖြိုးမှုကို အဓိကထားတယ်။ မူဝါဒ ပြောင်းလဲရေး အဓိကကတော့ ဖက်ဒရယ် ရရှိရေးပေါ့။ တက်လာတဲ့ အစိုးရက ဖယ်ဒရယ် ရရှိရေးအတွက်ဆိုတော့ မြင်လို့လဲ မရတဲ့ နိုင်ငံရေး အပြောင်းအလဲ တခုပေါ့။ မြင်လို့ရတဲ့ အပြောင်းအလဲကတော့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေပေါ့။
ကျမတို့ပါတီက လေယာဉ်ကွင်းရဖို့ တွန်းလာခဲ့တာ ၅ နှစ်ထဲ ဝင်နေပြီ။ အခု ဘတ်ဂျက်က ကျတော့မယ်။ အဲဒီလို အဆင့်ထိ ရောက် နေပြီပေါ့လေ။ ဒါပေမယ့် ကန့်ကွက်တဲ့သူတွေလည်း ရှိနေတာပေါ့နော်။ ကျမတို့ကတော့ တောက်လျှောက် လုပ်နေတာပဲ။ တိုးတက် ဖွံ့ဖြိုးမှုပိုင်းတွေ ဆက်လုပ်သွားမယ်။ ချင်းပြည်နယ်မှာက လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ဆက်သွယ်ရေး ကိစ္စတွေက အရမ်းနှောင့်နေးပြီး အများကြီး လုပ်စရာ ရှိသေးတယ်။
မေး။ ။ မချယ်ရီဇာဟောင်း အနေနဲ့ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို တိုင်းရင်းသား ပါတီထဲက လူတွေက ပိုသိတယ်။ ချင်းပြည်နယ်မှာ လူတွေအခုလည်း ဒုက္ခရောက်နေတယ်။ ဘယ်သူတွေက ကိုယ့်မိသားစု အရေးလိုမျိုး လုပ်ပေးနေလဲဆိုတော့ ကိုယ့်မိသားစု ပါတီတွေပဲ။ အဲဒါဟာ ကိုယ့်ဆက်နွယ်မှုတွေ ရှိနေတဲ့နေရာတွေ ဖြစ်နေတယ်လေ။ အဲဒီလိုဆိုတော့ NLD တို့ USDP တို့ထက် ပိုပြီးတော့ ဆက်နွယ်မှု ရှိတယ်။ သူတို့လာပြိုင်တာ ကောင်းပါတယ်။ လာပြိုင်တယ် ဆိုတာက နိုင်ငံရေးအရ ဂုဏ်တခု လိုချင်လို့ လာပြိုင်တာ။ ကျမတို့ ဝင်ပြိုင် တယ် ဆိုတာက ကျမတို့အမျိုးသားရေးအတွက် ဝင်ပြိုင်တာ ဖြစ်တယ်ဆိုတော့ ပြည်မက ပါတီတွေနဲ့ ချင်းပါတီတွေရဲ့ ထူးခြားချက် ပေါ့။ လွှတ်တော်ထဲ ရောက်ရင်တော့ အလုပ်တွေ အများကြီး လုပ်လို့ရတာပေါ့။ ။