၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက်နေ့ မနေ့က ၁၅ နှစ်ပြည့်မှာ ရက္ခိုင့်တပ်တော်အစား အာရက္ခတပ်တော်လို့ အမည် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
လူ ၂၆ ယောက် နဲ့ AA ကိုစတင် ဖွဲ့စည်းချိန်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဦးဖုန်ကြားရှင်က သေနတ်အလက် ၁၀၀ နဲ့ RPG ၂ လက် ကို ပေးခဲ့တယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဦးဖုန်ကြာရှင် ဈာပနမှာ ပြောကြားခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် AA ဟာ အခုဆိုရင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆင်နွဲနေပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်နဲ့ ချင်းနဲ့ ရခိုင်အစပ်က ပလက်ဝ မြို့နယ်ကိုပါ ထိန်းချုပ်သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။
ရခိုင်ပြည်သူတွေရဲ့ တခဲနက်ထောက်ခံမှုကို ရရှိထားတဲ့ AA အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အာမခံ ချက် အပါအဝင် အချုပ်အခြာအာဏာ ဆိုင်ရာအာမခံချက်တွေကိုလည်း ရရှိဖို့ ကြိုးစားနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုပါတယ်။
လက်ရှိ အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ စစ်ရေး အခြေအနေတွေကို ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။