COVID-19 ဂယက်ကြောင့် တကမ္ဘာလုံးတွင် စီးပွားရေး ထိခိုက်မှုများ ရှိနေပြီး အလုပ်လက်မဲ့ဖြစ်ပွားမှု နှုန်းလည်း တရက် ထက် တရက် တိုးလာနေသည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်က မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်း စီးပွားရေး ထိခိုက်မှုမှာ ပို၍ ဆိုးရွားလာသည်။
အဆိုပါ ရောဂါကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) သည် ၂ ရာခိုင်နှုန်းနှင့် ၃ ရာခိုင် နှုန်းကြား နှေးကွေးသွားပြီး စီးပွားရေးအပေါ် သက်ရောက်မှုများကို နိုင်ငံတဝန်းရှိ ဆင်းရဲသားများနှင့် ထိခိုက်လွယ် မိသားစု များ ခံရနိုင်ခြေ ရှိကြောင်း ကမ္ဘာ့ဘဏ်ကလည်း အသိပေးထားသည်။
လက်ရှိ မြန်မာ့စီးပွားရေးတွင် ဖြစ်ပေါ်နေသော ထိခိုက်မှုများ၊ အလုပ်လက်မဲ့ ဖြစ်ပွားလာနိုင်သည့် အခြေအနေများ၊ အစိုးရ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များနှင့် လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများ ကွာခြားမှု အခြေအနေ၊ COVID-19 ဖြစ်ပွားမှု ကြာလာပါက မြန်မာ့စီးပွားရေး တောာ့င်ခံနိုင်မှု ရှိမရှိ အစရှိသည်များကို မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအောင်စိုးသာနှင့် ဧရာဝတီ သတင်းထောက် မျိုးပပစန်းက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရဲ့ ဂယက်ကြောင့် စီးပွားရေး လုပ်ငန်းတွေ တော်တော်များများလည်း ထိခိုက်နေ တယ်။ ဒီရောဂါက ဘယ်လောက်အထိ ကြာမလဲဆိုတာလည်း မသိတော့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ရေရှည်မှာ ဘယ်လို အခြေအနေတွေ ရင်ဆိုင်လာရနိုင်သလဲ။
ဖြေ။ ။ COVID-19 က ဒေသတခု နိုင်ငံတခုရဲ့ ရောဂါမဟုတ်ဘူး။ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ကြေညာထား တဲ့ ကူးစက်မြန် ရောဂါဖြစ်တယ်။ နောက်ဆုံးတရုတ်နိုင်ငံက စခဲ့တယ်။ အခု တရုတ်နိုင်ငံရဲ့ ကောင်းပြီလို့ ယူဆတဲ့ နေရာ တွေကတောင် ကောင်းကောင်းမလည်ပတ်နိုင်သေးဘူး။ ကမ္ဘာပေါ်မှာ ရှေ့ဆုံးကပြေးနေတဲ့ အမေရိကလို နိုင်ငံမျိုးတောင် အခုချိန်မှာ ရုန်းကန်နေရတယ်။ ပိုက်ဆံတွေ ထည့်မလောက် ဖြစ်နေတယ်။ အာရှတိုက်မှာ ဆိုရင် ငွေကြေးအင်အား အတောင့်တင်းဆုံးဖြစ်တဲ့ စင်ကာပူလို နိုင်ငံမျိုးတွေလည်း စီးပွားရေး ပြိုလဲသွားမှာ စိုးရိမ်နေရတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့နည်းတူပဲ သေချာပေါက် စီးပွားရေးက ထိုးနှက်မှု ရှိလာမယ်။ ယိုင်လာမယ် ဆိုတာ သေချာတယ်။ ဘာလို့လဲ ဆိုတော့ ကမ္ဘာ့စီးပွားရေးက ပုံမှန်ရှိနေတဲ့ အချိန်မှာတောင် အကုန်လုံးက မနည်း ရုန်းကန်နေရ တာ ဖြစ်တယ်။ အခုလို COVID-19 ဖြစ်တဲ့အချိန် အရပ်သားဆန်ဆန် ပြောရင် မလှုပ်ရ မကိုင်ရ မထိရတာလေးတွေ ဖြစ် လာတဲ့ အချိန်မှာ လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေကို ဆက်လုပ်ဖို့ လူတွေက တော်တော်လေး ကြောက်လာတယ်။ ဘာလို့ လဲ ဆိုတော့ သူကလည်း ရောဂါရှိနိုင်တယ်။ ကိုယ်ကလည်း ရောဂါ ရှိနိုင်တယ်။ အကုန်လုံးက တော်တော်ကြီး စိုးရိမ်လာ တယ်။ အဲဒီတော့ လုပ်လက်စ အလုပ်တွေ အကုန်လုံးနီးပါး ရပ်သွားကြတယ်။
တိုက်ဆိုင်တာက သင်္ကြန်လို ကာလမျိုးပေါ့။ ကောင်းတာလည်း ရှိတယ်။ ဆိုးတာလည်း ရှိတယ်။ ကောင်းတာက သင်္ကြန်လို ကာလမျိုးက နဂိုကတည်းက မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ အားလုံးက တော်တော်ကြီး နှေးသွားတဲ့ အခြေအနေဖြစ်တယ်။ COVID-19 နဲ့တိုက်ဆိုင်တဲ့ အတွက်ကြောင့် အေးတာနဲ့ ရောနေတယ်။ ဒါပေမယ့် အခု ပြန်စဖို့ကျတော့လည်း တယောက် ချင်းက မရဲတရဲပေ့ါ။ စလိုက်တဲ့ သူတိုင်းက ကူးမှာလားဆိုတဲ့ သံသယ စိတ်တွေနဲ့ အကုန်လုံးဖြစ်နေကြတယ်။ အဲဒီနောက် မှာ ကျနော်တို့ စီးပွားရေးကို ပြန်စဖို့ တော်တော်လေး ခက်လာတယ်။ ထိခိုက်မှုကတော့ ကဏ္ဍတိုင်းမှာ ရှိနေမှာပဲ၊ ပြန်ပြီး တော့ စမယ့် အချိန်မှာလည်း မနည်း ပြန်စရမယ်လို့ ထင်ပါတယ်။
မေး။ ။ ခရီးသွားကဏ္ဍတွေ လက်ခစား CMP လုပ်ငန်းတွေ SME တွေ စတဲ့ ကဏ္ဍသုံးခုက အဓိက ထိခိုက်နေတယ်လို့ ဆို တယ်။ အခု သူတို့နည်းတူ အခြား ဘယ်ကဏ္ဍတွေကရော ဘယ်လောက်အထိ အခုချိန်မှာ ကြီးမားစွာ ထိခိုက်မှုတွေ ရှိနေပြီ လဲ။
ဖြေ။ ။ ဒီကဏ္ဍကြီးတွေမှ အထိခိုက်ဆုံးလို့ ပြောချင်တာ မဟုတ်ပါဘူး။ ကျနော်တို့ UMFCCI နဲ့ သက်ဆိုင်ရာ တိုင်းဒေသ ကြီး အစိုးရအဖွဲ့တွေ လေ့လာတဲ့အခါမှာ ပထမဆုံး တွေ့ရတာတော့ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍပေါ့။ ပြောရရင် ဧည့်သည်လာမှ အလုပ်ဖြစ်တဲ့ အရာပေါ့။ ကမ္ဘာလုံးဆိုင်ရာ ကပ်ဖြစ်တဲ့ အတွက် နိုင်ငံတကာ ဧည့်သည် မရှိတော့ဘူး။ ထို့အတူပဲ ပြည်တွင်း ပြဿနာလည်း ဖြစ်တဲ့ အတွက်ကြောင့် ပြည်တွင်း ဧည့်သည်လည်း မတွေ့တော့ဘူးပေါ့နော်။ ကျနော့် သူငယ်ချင်းတွေ ရေးထားတာတွေ့ပါတယ်။ ဒီအနှစ် ၂၀ ၊ ၃၀ အတွင်း မှာ ခရီးသွားသုညလို့ ပြောကြတယ်။ အဲဒီတုန်းက အံ့သြရတယ်။ အခု လမ်းတွေ သွားပြီဆိုရင် ဟိုတယ်တွေ အကုန်လုံးက တံခါးတွေ ပိတ်ထားကြတယ်။ ဒါကြောင့် ဒါမျိုး ထိခိုက်တယ်လို့ စပြီးစဉ်းစားတယ်။
နောက်တခုကတော့ CMP လုပ်ခ လစာနဲ့ အလုပ်လုပ်တဲ့ အထည်ချုပ် လိုဟာမျိုးတွေ အခြား ဟာတွေပေါ့။ ဒါတွေကလည်း အပ်ကုန်မရှိရင် လုပ်လို့ မရတာရှိပါတယ်။ SME ပေါ့။ သူတို့က နဂို ကတည်းကမှ စီးပွားရေးစလုပ်ဖို့ စဉ်းစားနေတဲ့ အဖွဲ့ အစည်းတွေ ဒါတွေကလည်း လုပ်ဖို့ ခက်မယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ရတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ အစိုးရက စပေးတယ်လို့ ဆုံးဖြတ်လို့ ရပါတယ်။
ကျနော်တို့ UMFCCI ဘက်ကလည်း ပထမဆုံးစပြောတဲ့ အချိန်မှာ ဒါမျိုးတွေ ဆွေးနွေးဖြစ်တယ်ဆိုတော့ ဒါကြောင့် ဒီကဏ္ဍ ၃ ခုကို စတင်စဉ်းစားခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ ဆက်တာတွေလည်း မထိခိုက်ဘူးလား ဆိုတော့ မဟုတ်ဘူး။ ဆက်တိုက် ဆက်တိုက် ထိခိုက်နေပါတယ်။
မေး။ ။ အစိုးရက အခု ကျပ်ဘီလီယံ ၁၀၀ ကို ဒီကဏ္ဍ ၃ ခုအတွက် ပေးတယ်ပေါ့နော်။ ဒါကရောလုံလောက်မှု ရှိပါ သလား။ တခြား ဘယ်ကဏ္ဍတွေကို ဆက်ထောက်ပံ့ဖို့ လိုအပ်နေပါသလဲ။
ဖြေ။ ။ ပထမဆုံး ကျပ်ဘီလီယံ ၁၀၀ ရတော့ အကုန်လုံးက နည်းတယ်၊ များတယ်ဆိုတဲ့ အငြင်းပွားမှုလေးတွေ ရှိတယ်။ လုပ်ငန်းရှင် တယောက်အနေနဲ့ ပြောရရင် ဂဏန်းတခု ထွက်လာတာက အကောင်းဆုံး အခြေအနေပဲ။ တကမ္ဘာလုံး မှာလည်း အစိုးရတွေက ထွက်ကူပါတယ်။ မီလီယံပေါင်း ရာနဲ့ ချီတဲ့ ပိုက်ဆံတွေ ထောင်နဲ့ ချီတဲ့ ပိုက်ဆံတွေ ဝင်ကူညီပါ တယ်။ အမေရိကန်နိုင်ငံဆိုရင် ထရီလီယံ နဲ့ ချီတဲ့ ငွေကြေးတွေ သုံးစွဲဖို့ ဆိုတာ ပါပါတယ်။
အစိုးရကနေ အလုပ်သမားတွေ ကို ၇၀ ရာခိုင်နှုန်း ထောက်ပံ့တယ်။ ၈၀ ရာခိုင်နှုန်း ထောက်ပံ့တယ်ဆိုတဲ့ ကိစ္စတွေလည်း ပါပါတယ်။ စင်ကာပူနိုင်ငံဆို လည်း လစာ အမေရိကန်ဒေါ်လာ ၄၆၀၀ အများဆုံး သတ်မှတ်ပြီးတော့ ဒီလိုလူတွေကို ၄၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း သတ်မှတ်ပြီးတော့ ထောက်ပံ့တာရှိတယ်။ အလုပ်အကိုင် တည်မြဲရေး ဝင်ငွေတွေ မလျော့ကျရေးပေါ့။ ကယ် ဆယ်တယ် ဆိုရင် မမှားပါဘူး။ ဒါကြောင့် ကျနော်ထင်တယ်၊ ကျပ်ဘီလီယံ ၁၀၀ နဲ့ မလောက်ပါဘူး။
အခု ထိခိုက်မှုကို ကုစားတဲ့ ကဏ္ဍ ၃ ခုတောင်မှ လုံလောက်မယ်မထင်ဘူး။ ဟိုတယ်နဲ့ ခရီးသွား တခုတည်းတင် နှစ်လ သုံးလဆိုတဲ့ လစ်ဟာ သွားတဲ့ ကာလမှာ သူတို့ ဝင်ငွေ လျော့ကျသွားတယ် ဆိုတဲ့ ဂဏန်းကို စပြီးတွက်ချက်တဲ့ ကျပ် ဘီလီယံ ၂၀၀၊ ၃၀၀ ဆိုတဲ့ ဂဏန်းတွေ ထွက်လာပါတယ်။ စပြောတုန်းက ဒီ ဂဏန်းတွေ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ သို့လော သို့လော အတွေးတွေက အခု သူတို့ တွက်ကြည့်ရင် ဒီ့ထက်တောင် မကဘူးလို့ ထင်ပါတယ်။
ဒီ ၃ ခုကို ကုစားရုံနဲ့ မလောက်ပါဘူး။ ဒီကျပ်ဘီလီယံ ၁၀၀ က ပထမဆုံးအနေနဲ့ မြန်မာ့ စီးပွားရေး ဈေးကွက်ထဲ ဝင်လာ တာ ကောင်းတယ်။ ကျနော်တို့ အနေနဲ့လည်း ကြိုဆိုတယ်။ စီးပွားရေးလုပ်ငန်းရှင် တယောက် အနေနဲ့လည်း တခြား စက်မှု လုပ်ငန်းကဏ္ဍတွေကို ကူဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ SME ကဏ္ဍ တခုတည်းတင် မလုံလောက်ဘူး။
လုပ်ငန်း အကြီးတွေ၊ လုပ်ငန်း အလတ်တွေလည်း ရှိပါသေးတယ်။ ဥပမာ လေကြောင်းလိုင်းတွေပေါ့။ လေကြောင်း လိုင်း တွေဆိုရင် စီးလုံးငှားတွေ ပြောင်းပြေးဆွဲတယ် ဆိုပေမယ့် ခရီးသည်ကို ဆွဲနေတဲ့ အချိန်လောက်တော့ ရပ်တည်ဖို့ မလွယ် ဘူး ထင် တယ်။ လေကြောင်းလိုင်းတွေလည်း တော်တော်ကြီးပြဿနာ တက်ကုန်ကြတယ်။ အခုဆိုရင်ပဲ လုပ်ငန်းတွေ ပြန် လည် ပတ် ဖို့ အချိန်ရောက်လာပြီ သွားရေးလာရေး ခက်ခဲကုန်ကြတယ်။
အလုပ်သမားတွေက လာချင်ကြတယ်။ စီးပွားရေးသမားက ပြန်မစရဲဘူး။ တချို့စီးပွားရေးသမားကလည်း စချင်တယ်။ အလုပ်သမားက မလာရဲဘူး။ အမျိုးစုံတွေ ဖြစ်ကုန်ကြတယ်ပေါ့။ နောက်တခုက စီးပွားရေးမှာ အလုပ်သမားကလည်း စချင် တယ်၊ အလုပ်သမားကလည်း လာချင်တယ် ဒါပေမယ့် ကုန်ကြမ်းတွေ မရှိတော့ဘူး။ တချို့လည်း ကုန်ကြမ်းတွေ ရှိတယ်။ ဝယ်မယ့်သူမရှိတော့ဘူး။ မျိုးစုံဖြစ်ကုန်ကြပြီပေါ့နော်။ ဒါကြောင့် စီးပွားရေးကိုက တခြား Industrial တွေလည်း ကူညီဖို့ လိုပါတယ်။ ကျပ်ဘီလီယံ ၁၀၀ အပြင် နောက်ထပ် ဆက်တိုက် ကုစားမှုတွေ လိုပါလိမ့်မယ်လို့ မြင်ပါတယ်။
မေး။ ။ ဒီအခက်အခဲတွေကို ဆရာတို့ UMFCCI အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါသလဲ။ အစိုးရ ပိုင်း ကိုရော ဘယ်လို အကူအညီတွေ တောင်းသွားမလဲ။
ဖြေ။ ။ UMFCCI ကတော့ နေ့စဉ်လည်း ပြင်ဆင်မှုတွေလုပ်နေပါတယ်။ ကျနော်တို့ သင်္ကြန်မတိုင်ခင် မတ်လ ၂၃ မှာ မြန်မာနိုင်ငံကို COVID-19 စတွေ့ပြီလို့ ကြေညာလိုက်ကတည်းက သိသိသာသာကြီး လုပ်ခဲ့ပါတယ်။ အဲဒါ မတိုင်ခင်မှာ လည်း အကြို ညိုနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ မတ်လဆန်းလောက် ကတည်းက ကျနော်တို့ အသေးစိတ်ကို စီစဉ်နေပါတယ်။
UMFCCI ဖြစ်တဲ့ အတွက် ကျနော်တို့က ရပ်လို့ မရပါဘူး။ နေ့စဉ် ကုန်သည်တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့နေရပါတယ်။ တခြားအသင်းတွေရပ်ထားလည်း ကျနော်တို့ ကုန်သည်စက်မှု အသင်းက ရပ်ထားလို့ မရပါဘူး။ ဒါကြောင့် အစိုးရ ဌာနဆိုင်ရာရဲ့ လမ်းညွှန်မှုတွေ လှုပ်ရှားမှုတွေကိုလည်း ကြည့်နေပါတယ်။
သူတို့တွေနဲ့ သူတို့ ထုတ်ပြန် ချက်တွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ အနည်းဆုံး လူဘယ်လောက်နဲ့ လည်ပတ်ဖို့ ဆက်ပြီးတော့ ယန္တရား တခုလုံး ရပ် မသွား ဖို့ သက်ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ လည်ပတ်နိုင်ဖို့ အရေး နောက်ဒေသဆိုင်ရာ အာဏာပိုင်တွေ ပြည်ထောင်စု အစိုးရ အဖွဲ့တွေ COVID-19 ကော်မတီတွေနဲ့ နေ့စဉ်မပြတ် လုပ်နေပါတယ်။ ရှေ့ဆက် ပြီးတော့လည်း UMFCCI အနေနဲ့ တရက်ချင်း တပတ်ချင်းကို လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ရောဂါက ကြာရှည်မယ်ဆိုရင် ကုန်ဈေးနှုန်း မြင့်တက်တာတွေ ကုန်စည် ပြတ်လပ်တာတွေ ဖြစ်နိုင်တယ် ပေ့ါနော်။ ကုန်ဈေးနှုန်း တက်လာတွေ့လည်း ရှိနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုစီစဉ် ဆောင်ရွက်တာမျိုး ရှိပါသလဲ။
ဖြေ။ ။ ကျနော်ထင်တယ်။ ပြဿနာ တစုံတရာဖြစ်ရင် ကုန်ဈေးနှုန်းက တက်မှာပဲ။ ဒါက မြန်မာတနိုင်ငံတည်း မဟုတ်ဘူး။ တကမ္ဘာလုံး ဖြစ်တာပဲ။ လက်သန့်ဆေးရည်ဆိုရင် အရင်တုန်းက ဝယ်မယ့်သူတောင် မရှိဘူး။ အခုက ထုတ်တာ ထုတ် သလောက် မလောက်နိုင်ဘူး။ ရေသန့်ဆိုလည်း ထုတ်လို့တောင် မလောက်နိုင်တော့ဘူး။ ကုန်ထုတ်လုပ်မှုတွေ တော်တော် များများ ရပ်နေတဲ့အချိန်မှာ ရေသန့်ဆိုလည်း ပြတ်လပ်တာမျိုးတွေ၊ အခြေခံ စားသောက်ကုန်လည်း အတူတူပဲ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဆန်စပါး ပေါ့။
ဆန်စပါးဆိုလည်း နယ်တွေ ဆန်စက်တွေမှာ ဘယ်လောက်ရှိမလဲ နယ်က ဆန်စက်တွေ ရပ်သွား ပြီ ဆိုတာနဲ့ ရန်ကုန်ကို အဝင်နည်းရင် ဈေးကြီးလာမှာပဲ။ ဒါတွေက ဝယ်လိုအားနဲ့ ရောင်းလိုအား ပါပဲ။ နောက်တခုက လူတွေ စိတ်ပူရင် ဈေးကြီး လာမယ်။ အဲဒီတော့ ကျနော်တို့ UMFCCI အနေနဲ့ လုပ်နေတာက ကုန်သည်တွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာ ဆန်အသင်း၊ ဆီအသင်း၊ စားသောက်ကုန် ဖြန့်ဖြူးရေးအသင်း ဒါတွေနဲ့ တွေ့ဆုံညိုနှိုင်းပါတယ်။
မေး။ ။ အခု ရောဂါ ပြန့်ပွားမှု များလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကို အစိုးရ စစ်ဆေးမယ်၊ လုပ်ငန်းခွင်မှာ တဦးနဲ့ တဦး ၆ ပေကွာ လုပ်ရမယ် ဆိုတာတွေ ရှိလာတယ်။ ဒီအပေါ်မှာ လုပ်ငန်းရှင်တွေဘက်က ပြင်ဆင်မှု အခြေအနေက ဘယ်လို ရှိပါသလဲ။ နောက်ပြီး ဧပြီလ ၂၀ ကနေ ၃၀ ရက်အထိ ပိတ်ထားရမှာတွေရှိတယ်။ ဒါပေမယ့် မြေပြင်မှာဖြစ်နေတဲ့ အခြေအနေနဲ့က လက်ရှိ ကွာဟနေတယ်။ ဒါနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ လုပ်ငန်းရှင်တွေ ကို တိုက်တွန်းသွားဖို့ ရှိပါသလား။
ဖြေ။ ။ ကိုယ်ပိုင် တဦး၊ တယောက်အနေနဲ့ ပြောရင်တော့ ကျနော်တို့လည်း ဆန်တွေလုပ်တယ်၊ ဆီတွေလုပ်တယ်။ အခြေခံစားသောက်ကုန် လုပ်ငန်းတွေ လုပ်တယ်ဆိုတော့ ဝန်ထမ်းတွေက ရာနဲ့ ထောင်နဲ့ ချီပြီး ရှိပါတယ်။ ဒီဝန်ထမ်းတွေ ကို လစာပေးဖို့ ဆိုတာက ဝင်ငွေ ရှိမှရမယ်။ အဲဒီတော့ လုပ်ငန်းတွေ မလည်ပတ်လို့ မရဘူး။ လည်ပတ်မှ ဖြစ်မယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်ကလည်း လုပ်ငန်းတွေ မပြတ် စီးဆင်းဖို့ တောက်လျှောက် အားပေးပါတယ်။ အဲဒီတော့ ကျနော်တို့တွေက တတ်နိုင်သလောက်ကို ကျန်းမာရေး ဂိုက်လိုင်းနဲ့ ညီအောင် ပြင်ဆင်ပြီး လည်ပတ်ဖို့ ကြိုးစား ပါတယ်။
စစ်ဆေးရေးကတော့ သူ့မှာလည်း သတ်မှတ်ချက်တွေ ရှိတယ်။ အလုပ်သမား ဝန်ကြီးဌာနနဲ့လည်း UMFCCI က တွေ့ဆုံ တာတွေ အကြံဉာဏ်တောင်းတာတွေ လုပ်နေပါတယ်။ အကြမ်းဖျင်း နားလည်သလောက်တော့ စည်းကမ်းချက်နဲ့ ညီတဲ့ စက်ရုံတွေက ဖွင့်ခွင့်ရှိတယ်။ တချို့လည်း ကိုယ့်ဘာသာ ညီညွှတ်တယ်လို့ ထင်တဲ့ စက်ရုံတွေက ပြင်ဆင်ပြီးဖွင့်တယ်လို့ ယူဆပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း ဖွင့်နေတဲ့ စက်ရုံတွေရှိပါတယ်။ မနေ့က အလုပ်သမား ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် အင်တာဗျူး လုပ်ထားတာလေးလည်း တွေ့ရပါတယ်။
သက်ဆိုင်ရာ အလုပ်သမားအဖွဲ့တွေ၊ ကျန်းမာရေးအဖွဲ့တွေ ၅၀၊ ၆၀ လောက် ဖွဲ့ပြီးတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ဆေး ပေးမယ်လို့ နားလည်ပါတယ်။ အောက်ခြေမှာ ဒီစက်ရုံ လည်ပတ်မှ ငွေကြေးရမယ့် ဟာမျိုးတွေ တချို့ ပုပ်သိုးကုန်တွေ စွန့်ပစ်ရမယ့် ဟာမျိုးတွေ ရှိတယ်။ တချို့လည်း ဖြစ်သလိုပဲ ဖွင့်မယ်၊ နောင်ဖြစ်လာမှ ရှင်းမယ် ဆိုတဲ့ ဟာမျိုးတွေလည်း အဲဒီအချိန်မှာ အများကြီးပါပဲ။ ဒီလိုလူတွေကလည်း ဖိအားတွေနဲ့ ဖွင့်နေကြတာပဲ။
အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုးက တနေ့လုပ်မှ တနေ့ စားနေလို့ရတဲ့ သူတွေရှိနေတယ် ဆိုတော့လေ။ အဲဒီတော့ ဒါတွေကို ကျော်လွှားနိုင်ဖို့ အတွက်ကလည်း နေ့စဉ် ဝင်ငွေရဖို့ ကြိုးစားနေပါတယ်။ ဖွင့်တဲ့သူကလည်း အောက်ခြေမှာ တကယ်ဖွင့် တာ။ အရင်လောက်မများပေမယ့် အခြေခံကျတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတွေမှာ ဆိုရင် လူတွေ ကူူးလူးသွားလာတာ အများကြီးပဲ။ ကားတွေဆိုလည်း တော်တော်ကြီး ပြန်ကြပ်ကုန်တယ်။
ကျနော်တို့ မြို့လယ်ခေါင်မှာသာ ကားတွေ မရှိပေမယ့် လုပ်ငန်းကိုင်ငန်း လုပ်နေတဲ့နေရာတွေမှာ ကားတွေ ပြန်များကုန်ပြီ။ လူတွေ သွားလာနေကြတယ်။ တချို့လည်း Mask တွေ တပ်တယ်။ တချို့လည်း မတပ်ဘူး။ ဒါတွေက ကျနော်တို့ စက်ရုံ အလုပ်ရုံ အကြီးကြီးတွေသာ စနစ်တကျ လုပ်နိုင် ပေမယ့် တကယ့် အခြေခံကျတဲ့ မြို့အစွန်အဖျား နေရာတွေ လမ်းကြို၊ လမ်းကြားတွေ ထမင်းစားဖို့ အနိုင်နိုင် လုပ် နေရတဲ့ သူတို့ မစဉ်းစားနိုင်ဘူး။ ဒါတွေက တကယ့်အောက်ခြေမှာ ဖြစ်ပျက်နေ တဲ့ ဟာတွေပဲ။ ဒါတွေမှာလည်း တော်တော် ကြီး သတိထားရမယ့် ကိစ္စတွေ ဖြစ်လာပြီလို့ ကျနော်ထင်တယ်။
မေး။ ။ COVID-19 က အခုချိန်မှာ မြန်မာ့စီးပွားရေးကို ဘယ်လောက်ထိ ဆွဲချလိုက်ပြီလို့ ပြောလို့ရပါသလဲ။
ဖြေ။ ။ မူလအခြေအနေရောက်ဖို့ ကျနော်တို့ လပေါင်းများစွာ ပြန်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း မူလ အခြေ အနေ ပြန်ရောက်ရှိဖို့ ခက်ခဲတဲ့ လုပ်ငန်းရှင်တွေ အများကြီး ဖြစ်သွားလိမ့်မယ်လို့ ယူဆတယ်။ ကမ္ဘာပေါ်မှာလည်း နေ့စဉ်နဲ့ အမျှ အလုပ်လက်မဲ့ ဖြစ်သွားတယ် ဆိုတဲ့ အရေအတွက်တွေ အများကြီးပဲ။ နိုင်ငံ တနိုင်ငံမှာ လူဦးရေ သောင်းနဲ့ သိန်းနဲ့ ချီတဲ့ အလုပ်လက်မဲ့တွေ ဖြစ်နေတာ အများကြီးပဲ။
ဥပမာ အမေရိကန်လို နိုင်ငံမျိုးမှာ ဆိုရင် အခုချိန်ထိ လူဦးရေ ဘယ်နှသိန်း ဘယ်နှသန်း အလုပ်ပြုတ်သွားပြီ ဆိုတဲ့ ဟာမျိုး တွေ ကြေညာနေကြပြီ။ ထိုင်းဆိုရင်လည်း သူတို့မှာရှိတဲ့ ကုန်သည် စက်မှု အသင်းတွေက တွက်ချက်ပြီးတော့လုပ်တာ လူဦးရေ သန်းနဲ့ ချီပြီးတော့ အလုပ်မဲ့နိုင်ခြေ ရှိတယ်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ တွေ့ရတယ်။
မြန်မာနိုင်ငံမှာလည်း ကျနော်ထင်တယ်။ အလုပ်လက်မဲ့ ဖြစ်ပွားနိုင်ခြေက ရန်ကုန်မြို့ တမြို့တည်းတင် လူဦးရေ သိန်းနဲ့ ချီပြီး ရှိနိုင်တယ်။ ဒါက ကျနော်တို့ မှန်းတာ။ ဘာလို့လဲ ဆိုတော့ ဒေတာရှိလို့တော့ မဟုတ်ဘူး။ မရပ်တည်နိုင်တဲ့ လုပ်ငန်း ရှင်က အများကြီး ဖြစ်နေလို့ ပြောတာ။ အဲဒီတော့ လုပ်ငန်းရှင်က ဒီလုပ်ငန်းတွေကို စွန့်လွှတ်ရမယ် ဆိုရင် အလုပ်သမား တွေ အတွက် အများကြီး အလုပ်လက်မဲ့ ဖြစ်နိုင်တယ်။ ဒါကိုလည်း ကျနော်တို့ အစိုးရ၊ လုပ်ငန်းရှင်နဲ့ အလုပ်သမား ဝန်ကြီး ဌာနတွေက တွက်ချက်နေတယ်လို့ ထင်ပါတယ်။ COVID-19 ကုစားရေး ကော်မတီတွေက တွက်ချက်နေတယ်။ ဒါတွေကို ဘယ်လို ကုစားမလဲ ဆိုတာ ဆွေးနွေး တိုင်ပင်နေတယ်။
အဓိကတော့ ကျနော်တို့ အလုပ်အကိုင်အခွင့်အလမ်းကို ကုစားဖို့လိုအပ်တယ်။ နောက်တခုက အလုပ်အကိုင်အခွင့်အလမ်း ပေးချင်တာတောင်မှ လုပ်ငန်းရှင်က ဆက်ပြီးမရပ်တည်နိုင်ရင် အလုပ်ဆိုတာ ပေးဖို့ မဖြစ်နိုင်ဘူး။ အစိုးရက ထောက်ပံ့ တယ် ဆိုတဲ့ ငွေကြေးကလည်း ဒီ ၁ လ၊ ၂ လအတွင်း ဝန်ထမ်းလစာပေးရုံနဲ့ တချို့လည်း ကုန်သွားနိုင်တယ်။ ကုန်သွားပြီး ရင် ဘာနဲ့ ရပ်တည်ကြမလဲ ဆိုတာကလည်း ကျနော်တို့ မှာ မေးခွန်းတွေ အများကြီးပဲ။ ဒါတွေကို ကျော်လွှားနိုင်မှသာ ကာလ တခုရောက်မယ်။ ဒါတောင်မူလ အခြေအနေ ပြန်မရောက်သေးဘူး။ အဲဒီကနေမှ လုပ်ငန်းရှင်ရော၊ အစိုးရရော၊ အလုပ်သမားရော အားထည့်ပြီးကြိုးစားမှသာ ဒီကပ်ကြီးက ကျနော်တို့ လွတ်မြောက်နိုင်မှာ ဖြစ်တယ်။
မေး။ ။ တခြားဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလားရှင့်။
ဖြေ။ ။ ကုန်သည်တယောက်အနေနဲ့ ပြောရရင် ဒါကြီးကမဖြစ်ချင်ဘူး။ ရောဂါဖြစ်တဲ့သူကလည်း ဖြစ်ချင်လို့ ဖြစ်တာ မဟုတ်ဘူး။ ရောဂါဖြစ်တဲ့သူကိုယ်တိုင်လည်း တော်တော်စိတ်ညစ်ရမှာပဲ။ ကျနော်တို့လည်း ဝန်ထမ်းတွေကို လစာ ပေးချင် တယ်။ လုပ်ငန်းတွေလည်း လည်ပတ်ချင်တယ်။ ဝင်ငွေတွေလည်း ရချင်တယ်။ တူညီတဲ့ လားရာ တခုကတော့ ရှိကြမှာပဲ။ ဒါကြောင့် အတူတူ ကြိုးစားပြီးတော့ ဒီရောဂါကို ခုခံ ကာကွယ်တားဆီးသွားဖို့ လိုတယ်။ နောက်တခြမ်းကတော့ စီးပွားရေး ပေါ့နော်။
စီးပွားရေးမှာ နိုင်ငံတော်ကနေ စကြည့်လိုက်လို့ရှိရင် အလုပ်သမားထု လူထုပေါ့လေ ဒါတွေ အလုပ်အကိုင် ရရှိ ရေး အကြီးတယ်လို့ မြင်တယ်။ ထို့အတူပဲ ဒီလုပ်ငန်းတွေ အလုပ်သမား လစာပေးနိုင်ဖို့ လုပ်ငန်းရှင်တွေ သေမသွားဖို့ တည်မြဲ သွားဖို့ လိုအပ်တယ်။
ရောဂါရဲ့ ဂယက် နောက်ဆက်တွဲမှာ ကြောက်ဖို့ ကောင်းတာက စီးပွားရေးဖြစ်မယ် ဂယက်ကလည်း အကြီးကြီးဖြစ်တယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရ၊ အလုပ်သမားတွေ အားလုံးညီညွှတ်နေမှ ရပ်တည်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒီမှာ အခြေခံ ကျတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ရှိပါတယ်။
အရေးကြီးတဲ့ ကာလ အခုလိုကြုံနေတဲ့ အချိန်မှာ အခြေခံကျတဲ့ တချို့ ဥပဒေတွေကို ဖြေလျှော့ဖို့လိုတယ်။ ပြင်သင့်တာ ပြင်ရမယ်။ ယာယီကျော်လွှားသင့်တာ ကျော်လွှားရမယ်။ အရေးပေါ် ဆိုတဲ့ အရေးကြီးတဲ့ အချိန်တွေမှာ ကျင့်သုံးသင့်တဲ့ မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မြန်လုပ်ဖို့ လိုတယ်။ နောက်ပြီး တိုင်ပင်သင့်တဲ့ သူတွေကို အစိုးရရော တိုင်ပင်ဖို့လိုပြီး တော့ အောက်ခြေကျနော်တို့ လိုက်နာသင့်တဲ့ ပြည်သူလူထုကလည်း သေချာ လိုက်နာဖို့ လိုတယ်လို့ မြင်ပါတယ်။ ဒါမှသာ ကျနော်တို့အတွက် ကပ်ကြီးက ကျော်လွှားနိုင်မယ်လို့ မြင်ပါတယ်။ ။
You may also like these stories:
ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ ယာယီပိတ်သိမ်း
ရန်ကုန်မှ မန္တလေးသို့ လာသူများ မဖြစ်မနေ Quarantine ဝင်ရမည်
အမိန့်ကြေညာချက်ကို မလိုက်နာရင်တော့ အရေးယူရမှာပဲ