“အစိုးရတရပ် ဖွဲ့ စည်းနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

ထက်နိုင်ဇော်
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်ချုပ်ကြီးဟောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရ ဦးရွှေမန်းသည် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ရန် ၎င်း၏ ပါတီတခု ဖြစ်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ကျပ်ဘီလီယံချီ အကုန်ခံ၍ ပြင်ဆင် တည် ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပါဝင်သူများ၏ စာရင်းကိုပါ အသေးစိတ် ချပြန်ရန် ပြင်ဆင်လျက်ရှိသည်။

ထိုအချိန်မှာ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေတဲ့ သူရဦးရွှေမန်းဟာ နေပြည်တော် အခြေစိုက် သတင်းထောက်တချို့ ကို လက်ခံတွေ့ ဆုံပြီး အခြား သတင်းထောက်များကို အွန်လိုင်းမှ တဆင့် တွေ့ ဆုံရာမှာ ဧရာဝတီ သတင်းဌာန၏ နေပြည် တော် သတင်းထောက် ထက်နိုင်ဇော်က ၎င်း၏ မေးမြန်းချက်များကို ပြန်လည် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

သတင်းထောက်များနှင့် တွေ့ ဆုံပြောဆိုနေသူ သူရ ဦးရွှေမန်း / ထက်နိုင်ဇော် / ဧရာဝတီ

မေး ။ ။ ဥက္ကဌကြီးတို့ အထူးကော်မရှင် ဆောင်ရွက်ပြီးနောက်ပိုင်းမှာ ပါတီတရပ်ထူထောင်လာတယ်။ အခုဒီဘက်ပိုင်းမှာ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်လာတယ်ပေါ့လေ။ ဒီရွေးကောက်ပွဲမှာ ဘယ်လောက်အထိ မျှော်မှန်းထားလဲ။ ဘယ်လို စိတ်ပိုင်း ဖြတ်မှုမျိုးနဲ့ ဒီရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။

ဖြေ ။ ။ ကောင်းပါပြီ။ အဲတော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) အနေနဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၅ မြို့နယ်မှာ ရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအပြင် တိုင်းရင်းသားရေးရာ ဝန်ကြီးများလည်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မိုလို့ အကြမ်းဖျဉ်းမှတ်လို့ ရနိုင်အောင် ရွေးကောက်ပွဲကို ဝင်မယ့် ကိုယ်စားလှယ်ပေါင်းဟာ အနည်းဆုံး လူပေါင်း ၉၀၀ ရှိပါမယ်။ ဒီထက်ပို များလာနိုင်တဲ့ အနေအထား ရှိပါတယ်။ ပါတီရဲ့ မျှော်မှန်းချက်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရဲ့ ၄၀ ရာခိုင်နှုန်းကနေပြီးတော့ ၅၀ ရာခိုင်နှုန်းအတွက် အောင်မြင်နိုင်မယ်လို့ မျှော်မှန်းထားပါ တယ်။

ဒါတင်မကသေးဖူး။ အောင်မြင်လာတဲ့အခါမှာ အစိုးရတရပ် ဖွဲ့ စည်းနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရတရပ် ဖွဲ့ စည်းရုံတင် မကပါဘူး။ အဲဒီ အစိုးရအဖွဲ့က တကယ့်ကို စေတနာလည်းရှိ၊ အရည်အချင်းလည်း ရှိ၊ စွမ်းဆောင်နိုင်ရေ ကောင်းတဲ့ အစိုးရတရပ်ဖြစ်ပြီးတော့ နိုင်ငံတော်နဲ့ ပြည်သူများကို အလုပ်အကျွေးပြုသွားမှာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင်တော့ နိုးနိုးကြားကြား တက်တက်ကြွကြွ၊ မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက် ပြည်သူများကို အလုပ် အကျွေးပြုဖို့ မျှော်လင့်ထားပါတယ်။

မေး ။ ။ ဥက္ကဋ္ဌ ကိုယ်တိုင်ရော ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရှိလား။ နောက်ပြီးတော့ ယှဉ်ပြိုင်မယ်ဆိုရင် အရင်တုန်းက ဇေ ယျာသီရိ နောက်ပြီးတော့ ဇာတိဖြစ်တဲ့ ဖြူးမှာ သွားပြီးတော့ ယှဉ်ပြိုင်ခဲ့တယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာရော ဘယ်လို မဲဆန္ဒနယ်မျိုးကို ရွေးချယ်ထားလဲ။ ကိုယ်တိုင် အနိုင်ရအောင် ဘယ်လိုလုပ်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ကောင်းပါပြီ။ ကျေးဇူးပါပဲ။ အရေးကြီးတာက ရွေးကောက်ပွဲအောင်နိုင်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ဖို့ အတွက် ရွေးကောက်ပွဲမှာ အောင်နိုင် နိုင်တဲ့သူများနဲ့ ယှဉ်ပြိုင်ဖို့ အဓိကထား စဉ်းစားထားတာ ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ် သက်လို့ သေသေချာချာ ဆောင်ရွက်နေတဲ့ အချိန်ဖြစ်လို့ ဘယ်သူဘယ်နေရာမှာ ပါဝင်ဆောင်ရွက်မယ်။ ဥက္ကဌကြီးလည်း ဘယ်နေရာမှာ ဘယ်လို ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စကတော့ သိပ်မကြာခင် ထုတ်ဖော်ကြေညာသွားမှာ ဖြစ်ပါတယ်။

မေး ။ ။ တချို့ ပါတီတွေမှာ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဆူဆူညံညံ အသံတွေ ဖြစ်နေတာ ကြား ရပါတယ်။ အန်ကယ်တို့ ပါတီ အနေနဲ့ကရော ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ ဘယ်လိုမူဝါဒနဲ့ ရွေးချယ်ပါသလဲ။ တချို့ ဆိုရင် လူငယ်တို့ အမျိုးသမီးတို့ ဦးစားပေးတာ ရှိပါတယ်။ ဒီမှာရော ဘယ်လို ဦးစားပေးပါသလဲ။

ဖြေ ။ ။ ပါတီရဲ့ အဓိက အခြေခံ မူဝါဒကတော့ ကိုယ်စားလှယ်လောင်းများဟာ ဒေသခံ ဇာတိသား၊ ကိုယ်စားလှယ် လောင်းများဟာ အခြေခံ ချမှတ်ပေးရမယ့်မူကို စဉ်းစားထားပါတယ်။ ဒုတိယအချက်ကတော့ ဒေသခံ ပြည်သူတွေက လက်ခံနိုင်တဲ့သူမျိုးကို စဉ်းစားပါတယ်။

တတိယအချက်ကတော့ ကိုယ်စားလှယ်လောင်းများဟာ စိတ်ကောင်းစေတနာရှိပြီးတော့ အများအကျိုးကို ဆောင်ရွက်လို တဲ့သူများ ဖြစ်ပါတယ်။ စတုတ္ထအချက်ကတော့ ပါတီက ချမှတ်ထားတဲ့ မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အောင် မြင်စွာ အကောင်အထည်ဖော်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဖို့ မူအားဖြင့် ချမှတ်ဆောင်ရွက်ထားပါ တယ်။

တခြားပါတီတွေကလည်း ဒီလို ပြဿနာတွေ ရှိတယ်လို့ ကြားသိရပါတယ်။ ဒီအချိန်ဟာ သိပ်အရေးကြီးပါတယ်။ ဒီအချိန် ဟာ သိပ်စကားများရတဲ့ အချိန်ဖြစ်ပါတယ်။ ပါတီဖွဲ့ စည်းရေးကို ပြီးတဲ့အခါ ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ရေးရော အရေးကြီးတဲ့အချိန် ဖြစ်တဲ့အတွက် အနည်းနဲ့ အများဆိုသလို အငြင်းပွားမှု၊ မကျေလည်မှုတွေ ရှိပါတယ်။

အဲလိုဖြစ်တဲ့ အနေအထားမျိုးကို ကောင်းစွာ ကျော်လွှားပြီးတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အောင်မြင်အနိုင်ရရှိရေး အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ဥက္ကဋ္ဌကြီး ပြောတဲ့အထဲမှာ ကိုယ်စားလှယ် ၉၀၀ ကျော်တောင် ပြိုင်မှာပေါ့နော်။ ဒါက ပါတီကြီးတခုရဲ့ အ ဆင့် ဖြစ်သွားပြီပေါ့။ တနိုင်ငံလုံးလည်း ပြိုင်မှာဆိုတော့ ဒီလို ပြိုင်နိုင်ဖို့အတွက် ပါတီရဲ့ ရန်ပုံငွေ အခြေအနေ၊ ဘဏ္ဍာရေး အခြေအနေကရော ဘယ်လောက်အထိ ရှိလဲ။ ပြီးတော့ ပါတီဝင်တွေကိုရော ပံ့ပိုးပေးမှာလည်း။ ရွေးကောက်ပွဲ ကုန်ကျ စရိတ်တွေကို သူတို့ဟာသူတို့ ကျခံရမှာလား။

ဖြေ ။ ။ ပါတီရန်ပုံငွေက အရေးကြီးပါတယ်။ အဲဒီပါတီရန်ပုံငွေ ဘယ်လို စုဆောင်းလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ စပြီးတော့ ပါတီ ထူထောင်တဲ့အချိန်မှာ ရန်ပုံငွေရဲ့ အခြေခံအနေနဲ့ မိမိတို့ စုဆောင်းထားတဲ့အပေါ်မှာ မူတည်ပြီးတော့ နောက်ပိုင်းကျတဲ့အခါကျမှ ပြည်သူများ ပါဝင်ထည့်ဝင်မှုတွေကလည်း ဒီနေ့ ဆောင်ရွက်လျက် ရှိပါတယ်။

ပြည်သူများဆိုတဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်ဒေသ အသီးသီးကလည်း ပါတီကို စိတ်ဝင်စား၊ ပြီးတဲ့အခါမှာ ပါတီအောင် နိုင်ရေးအတွက် သူတို့လည်း စိတ်ဝင်စားတဲ့အတွက် သူတို့ တတ်စွမ်းသမျှ ဝိုင်းကူနေတာလည်း ရှိပါတယ်။ ဒါကြောင့်မိုလို့ တို့များ ပါတီအနေနဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဖြစ်တယ်။ ပြည်ထောင်စုကြီးကို ကောင်းအောင် ဆောင်ရွက် မယ်။ ဒါကြောင့်မိုလို့ တတ်နိုင်တဲ့သူများက လူအားရော၊ ငွေအားရော ပစ္စည်းအားရော စိတ်ဓါတ်အားတွေပါ ပါဝင် ဆောင် ရွက်ပေးပါတယ်။

ခုနကပြောသလိုပေါ့။ တချု့ိကျတော့ လူအားရမယ်။ ငွေအား မရနိုင်ဘူး။ ပစ္စည်းအား မရနိုင်ဘူး။ စိတ်ဓာတ်အားနဲ့ ဝိုင်း ဆောင်ရွက်ပေးပါလို့ ဆိုတဲ့အတွက် ဒီနေ့ ပြောမယ်ဆိုရင် တိုတောင်းတဲ့ တနှစ်တာကာလအတွင်းမှာ ပါတီကြီးတရပ် ဖြစ်ခဲ့ပါတယ်။ ပါတီကြီးတခု ဖြစ်တဲ့အခါမှာ တခုလည်း ဖြစ်နိုင်ပါတယ်။ ယုံကြည်မှုပါ။

တို့တွေဟာ ကိုယ့်ကိုယ်လည်း ယုံကြည်ပါတယ်။ ကိုယ့်ပါတီကိုလည်း ယုံကြည်ပါတယ်။ တို့ဟာ ပြည်သူတွေအပေါ် တ ကယ့် စေတနာသန့်သန့်နဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ ပါတီ ဖြစ်တဲ့အတွက် ကိုယ်တို့ စိတ်သန့်တယ်။ ယုံလည်း ယုံကြည်တယ်။ အဲဒီအတိုင်းပဲ ပြည်သူတွေကလည်း ထင်ပါတယ်။ ပါတီအပေါ် ယုံကြည်လို့ ပါတီက ချမှတ်ပေးထားတဲ့ မူဝါဒတွေကို ဖတ်ကြားတဲ့အခါမှာ ကြိုက်လို့။

ဒီပါတီဟာ တနှစ်အတွင်းမှာ ပါတီကြီးတရပ်အဖြစ် ရောက်ရှိလာတယ်လို့ ယူဆပါတယ်။ အဲဒီနေရာမှာ ခုနကလို ကိန်း ဂဏန်း အနေနဲ့ တိတိကျကျ မပြောနိုင်ပေမယ့် ရွေးကောက်ပွဲမှာ ပါတီထူထောင်တာ အပါအဝင် ကုန်ကျမယ့် စရိတ် ကတော့ ဘီလီယံချီ (ကျပ်) ကုန်မယ်လို့ပဲ ပြောချင်ပါတယ်။ တိတိကျကျတော့ လောလောဆယ် ပြောလို့ မရနိုင်သေးပါ ဘူး။ ဘီလီယံ အကုန်ကျခံပြီး ဆောင်ရွက်ပါမယ်။ အဲဒါသည် မိမိတို့ မတည်ငွေ အပါအဝင် ပြည်သူများ၏ ပါဝင်မှု လှူဒါန်း မှုများလည်း ပါပါတယ်။

မေး ။ ။ နောက်ပိုင်းမှာ မေးချင်တာက အန်ကယ်ကိုယ်တိုင်လည်း ပါတီက ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းလောက်လည်း နိုင်မယ်။ အစိုးရလည်း ဖွဲ့ နိုင်မယ်ပေါ့နော်။ ၂၀၁၀ မှာ ကြံ့ခိုင်ရေး အစိုးရ ဖြစ်တယ်။ ၂၀၁၅ မှာ NLD အစိုးရဖြစ်တယ်။ ဒီနောက်ပိုင်းမှာကျတော့ NLD ကလည်း အရင်ကလောက်တော့ အများကြီး မနိုင်နိုင်တော့ဘူးဆိုရင် ၂၀၂၀ အလွန်မှာ ဘယ်လို အစိုးရမျိုး ပေါ်လာမယ်လို့ ထင်လဲ။

ဖြေ ။ ။ အဖြစ်နိုင်ဆုံးကတော့ တပါတီတည်းနဲ့တော့ အစိုးရ ဖွဲ့ စည်းဖို့က တော်တော်လေး ခက်ခဲပါတယ်။ ဖြစ်နိုင်စရာ အကြောင်း ရှိတာက ညွှန့်ပေါင်းလိုဟာမျိုး ဖြစ်နိုင်ပါတယ်။ ခုနက ပြောသလို ၂၀၁၀ မှာ ပါတီတခု၊ ၂၀၁၅ မှာ ပါတီတခုက အနိုင်ရတယ်။

ဒီနေရာမှာ မိမိတို့တွေ သတိထားဆောင်ရွက်ရမယ့် ကိစ္စက တိုင်းရင်းသားများရဲ့ အနေအထားကို မေ့ထားလို့ မရပါဘူး။ တို့များရဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက မိမိတို့အနေနဲ့ နိုင်ငံကို တည်ဆောက်တဲ့နေရာမှာ ဖက်ဒရယ် ဒီမိုကရေ စီနိုင်ငံ၊ ပြည်ထောင်စုနိုင်ငံဖြစ်အောင် ဒီလိုတည်ဆောက်ဖို့ ဖော်ပြထားတာ ရှိပါတယ်။ ဒီအပေါ်မှာလည်း တိုင်းရင်းသားတွေ ရော ပြည်သူတွေရော ကျေနပ်လက်ခံနိုင်တယ်လို့ ယူဆတယ်။

ဒါကြောင့်လည်း ဒီပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူများရဲ့ ယုံကြည်မှု၊ တိုင်းရင်းသားများရဲ့ ယုံကြည်မှု ကြောင့် အခုလိုအောင်မြင်နိုင်မယ်လို့ ပြောပါတယ်။ အောင်မြင်နိုင်မယ်လို့ ပြောတဲ့နေရာမှာ ခုနက မေးခွန်းက အစိုးရ ဖွဲ့ စည်းတဲ့အခါမှာ မိမိတို့က ညှိနှိုင်းဦးဆောင် ဖွဲ့ စည်းနိုင်တဲ့ အနေအထား ရှိမယ်လို့ ပြောခြင်း ဖြစ်ပါတယ်။

မေး ။ ။ ဒါကတော့ နောက်ကြောင်း နည်းနည်း ပြန်မေးချင်တာပါ။ ပြီးခဲ့တဲ့ လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကို စွပ်စွဲပြစ်တင်တဲ့ အဆိုတခု တင်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီးတင်တာ မအောင်မြင်ခဲ့ဘူး။ ဒီအဆိုက တကယ်ပဲ ဖြစ်သင့်တာမျိုးလား။ အန်ကယ်ကိုယ်တိုင်လည်း လွှတ်တော် ဥက္ကဌ လုပ်ခဲ့ဖူုးတာဆိုတော့ ဒီလို အခြေအနေကို ဘာများ သုံးသပ်ချင်ပါသလဲ။

ဖြေ ။ ။ တကယ်တန်းတော့ ဒီကိစ္စမျိုးက ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ပါဘူး။ သို့သော် ဖြစ်ဖို့အကြောင်းတွေက ဖန်တီးလာ တော့ ဒီလိုဖြစ်သွားတယ်လို့ပဲ ယူဆပါတယ်။ ဦးတီခွန်မြတ်သည်လည်း ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းတုန်းက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်း ကော်မတီ ဥက္ကဌ၊ ဒီတခေါက် လွှတ်တော် ဖြစ်ပေါ်လာတဲ့အခါမှာလည်း အခုလိုပေါ့ လေ။

နောက်ဆုံး လွှတ်တော်မှာ ဥက္ကဌအဖြစ် တာဝန်ယူတဲ့အချိန်မှာလည်း သူ့အနေနဲ့ ရည်မှန်းရည်ရွယ်တာကတော့ ဒီမိုကရေစီ နိုင်ငံ ထူထောင်ဖို့အတွက် သူ့အနေနဲ့ တတပ်တအား ပါဝင်မယ်။ ဒီမိုကရေစီ လမ်းကြောင်း မလွဲသွားအောင်ဆိုပြီး ဒီလို ပါ ဝင်ဖို့ အခြေအနေကို တချို့ ကိစ္စတွေက လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်တဲ့ ကိစ္စတွေ တချို့ အဆိုတွေ တချို့ မေးခွန်းတွေ အပေါ် မူတည်ပြီးတော့ တိုင်းရင်းသား ပါတီတွေရော တချို့အတိုက်အခံ ပါတီတွေရော ဒီဟာတွေ မကျေမလည် ဖြစ်တဲ့ အခါကျတော့ နောက်ဆုံးကျတဲ့အခါ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယကအပေါ် အားလုံးပုံကျပြီးတော့ ဒီလို ကြားပြီးတော့ အညှပ်ခံတယ်လို့ပဲ ထင်ပါတယ်။

ပြောမယ်ဆိုရင် စိတ်မကောင်းပါဘူး။ အထူးသဖြင့် သူကတော့ တိုင်းရင်းသား၊ ပညာတတ်၊ ဥပဒေ သမားလည်း ဖြစ်တဲ့ အချိန်မှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ လက်ရှိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကရော ဘယ်လို ရှိလဲ။ အန်ကယ် ကိုယ်တိုင်လည်း သူတို့ အာဏာရလာခါစမှာ အာဏာလွှဲပြောင်းမှု အဆင်ပြေအောင် ကူညီပေးခဲ့တာမျိုး သိရှိခဲ့ရပါတယ်။ အခုနောက်ဆုံး ဆက်ဆံရေးက ဘယ်လိုရှိလဲ သိချင်ပါတယ်။

ဖြေ ။ ။ နောက်ဆုံး ဆက်ဆံရေးက ပြောမယ်ဆိုရင်တော့ ဒီအချိန်ဒီအခါမှာတော့ သူကလည်း ပါတီတခုရဲ့ ခေါင်းဆောင်၊ တို့ကလည်း ပါတီတခုရဲ့ ခေါင်းဆောင်။ ဒီပါတီဟာလည်း တခုနဲ့တခု မတူပါဘူး။ အမှီသဟဲလည်း မပြုပါဘူး။ အခုမေးခွန်း ကြောင့်ပဲ ပြောရမယ်။ ဒီပါတီဟာ သီးခြားလွတ်လပ်ပြီးတော့ ထူထောင်တဲ့ပါတီ ဖြစ်ပါတယ်။ ဘယ်ပါတီရဲ့ လက်ခွဲလည်း မဟုတ်ပါဘူး။ ဘယ်ပါတီရဲ့ ခုနက လက်အောက်ခံလည်း မဟုတ်ဘူး။

လွတ်လပ်တဲ့ပါတီတခုကို ဦးဆောင်ထားတဲ့ ပုဂ္ဂိုလ်တယောက်နဲ့ ဒီနေ့ အာဏာရပါတီရဲ့ ခေါင်းဆောင်တယောက်နဲ့ ဒီလိုပဲ နေရမယ့် သဘော ရှိပါတယ်။ ဒီလိုပဲ ဆက်ဆံရေးက ခပ်ခွာခွာမှာပဲ ရှိပါတယ်။ ကိုဗစ်ကာလလိုပေါ့။ ခပ်ခွာခွာ နေရပါမယ်။

တို့များက နိုင်ငံကို တည်ဆောက်တဲ့အခါမှာ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ အစည်းနဲ့မဆို နိုင်ငံ့အကျိုးအတွက်ဆို ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားတဲ့အတွက် နောင်အခြေအနေမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်စရာ တွေ အများကြီး ရှိနိုင်တယ်လို့ ထင်ပါတယ်။

Loading