လာမည့် ဧပြီလ ၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ အစိုးရ သက်တမ်း တနှစ်ပြည့်ပြီ ဖြစ်သည်။ အစိုးရသက်တမ်း တနှစ်ပြည့် ကာလ အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်ကဏ္ဍများစွာတွင် လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး အခြေအနေများ အပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သုံးသပ်ချက်များကို ဧရာဝတီသတင်းဌာနမှ သတင်းထောက်များက ဆက်သွယ်မေးမြန်း စုစည်းဖော်ပြလိုက်ပါသည်။
ဒေါက်တာ နန္ဒာလှမြင့် (USDP ပြောရေးဆိုခွင့်ရှိသူ)
NLD အစိုးရသက်တမ်း တနှစ်ပြည့်တဲ့အချိန်မှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်မလာသေးဘူးလို့ပဲ ဆိုရမှာပါ။ စီးပွားရေးအရ ကျပ်တည်းမှုတွေ၊ လုံခြုံရေးအရ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေနဲ့ အမှုအခင်းတွေလည်း ပိုမိုဖြစ်လာတာ တွေ့ရတယ်။ ပြည်သူတွေကတော့ NLD အစိုးရတက်လာရင် စီးပွားရေးတွေကောင်းလာမယ်၊ လုံခြုံလာမယ်၊ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ကြတာပါ၊
သူတို့မှာ အတွေ့အကြုံ နည်းသေးတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် သူတို့ကို မကောင်းဘူး၊ မလုပ်နိုင်ဘူးဆိုပြီးတော့ အပြစ် ပြောနေလို့တော့ မရဘူးပေါ့။ ကျနော်တို့ပါတီ လက်ထက် ကတော့ တပ်မတော်လက်ထက်ကတည်းက အတွေ့အကြုံ ရှိတဲ့သူတွေ ပါခဲ့တဲ့အတွက် အခုလိုဖြစ်ခဲ့တဲ့ အခြေအနေတွေအပေါ် ထိန်းနိုင်ခဲ့တယ် ပြောလို့ရပါတယ်။ ကျနော်တို့တုန်းကလည်း ကုန်ဈေးနှုန်း တက်တာပဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် အတွေ့အကြုံရှိတဲ့အတွက် အခြေအနေအရပ်ရပ်ကို ထိန်းကျောင်းနိုင်ခဲ့တယ်။
ဒီလိုလျော့ကျလာတဲ့အခြေအနေတွေအတွက် ကျနော်တို့အလုပ်ရုံ ဆွေးနွေးပွဲတွေလုပ်ပြီး ရရှိလာတဲ့အချက်တွေကို အစိုးရထံကို ဒါတွေတော့ဖြစ်နေပြီ။ ဒါလေးတွေတော့ လုပ်ဆောင်သင့်ပါတယ်လို့ အပြုသဘောနဲ့ ထောက်ပြတာတွေ လုပ်နေပါတယ်။ ဒီအပေါ်မှာ လုပ်မယ်၊ မလုပ်ဘူးဆိုတာတွေကတော့ လက်ရှိအစိုးရရဲ့ သဘောထားအပေါ်မှာ မူတည်ပါတယ်။
ဦးမန်းအောင်ပြည်စိုး (ဒုဥက္ကဋ္ဌ ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ )
ကျနော်မြင်ရတာတော့ ထူးထူးခြားခြားမရှိဘူး။ ကရင်ပြည်နယ်က လမ်းပေါ်မှာ ခင်းနေတဲ့ နိုင်လွန်ကတ္တရာ တွေကလည်း သူတို့ရဲ့ အစီအစဉ် မဟုတ်ဘဲ ဟိုးအရင် အစိုးရက လုပ်ထားတဲ့ အစီအစဉ်တွေလို့ သိရတယ်။ လျှပ်စစ်ဆိုပြန်တော့လည်း ဈေးတင်မှာတို့၊ ဘာတို့ ကြားနေရတော့ အဲဒါတွေကို ကြည့်မယ်ဆိုရင် အပြောင်းအလဲ ဘာမှ မရှိဘူးလို့ သုံးသပ်လို့ ရပါတယ်။
နောက်တခုက ကျနော်ကိုယ်တိုင် ဆေးရုံရောက်တော့ တွေ့ခဲ့ရတာက ဆေးရုံမှာ ဝန်ထမ်းတွေ၊ ဆရာဝန်တွေ လာဘ် မစားရဘူး၊ ပိုက်ဆံမတောင်းရဘူး။ တောင်းရင် တိုင်လို့ရတယ် သိရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ ကျတော့ ကိုယ်တိုင်ကြုံခဲ့ရတာက ပေါ်တင်ကြီး။ ဆရာဝန်အတွက်က ဘယ်လောက်၊ ဂွမ်းဖိုးက အစ ဘယ်လောက်နဲ့ ပေါ်တင်ကြီးတောင်းနေတော့ ပြောင်းလဲမယ် အသံထွက်ပြီး ဘာမှ မပြောင်းလဲပါဘူး။
စစ်ရှောင်တွေအတွက်ကိုလည်း NCA ပြီးတာနဲ့ အရေးယူဆောင်ရွက်ရမယ်။ အခုထိ စစ်ဘေးရှောင်တွေကို နေရာလောက်လောက်ငှငှ ချထားပေးတာ တချက်မှ၊ တနေရာမှ မတွေ့ရသေးဘူး။ ဘားအံမှာ ကလေး ၅၀ ကျော် လောက် တကြိမ်ရောက်လာတယ်။ ပထမက ကရင်ပြည်နယ်အစိုးရက ဝိုင်းကူပြီးတော့ လုပ်တယ်။ အခု တနှစ်ပြည့် တော့မယ်။ အဲဒီကလေးတွေကို ကျောင်းထားဖို့၊ ကျွေးဖို့ မွေးဖို့ကို ခရစ်ယာန်ဘုရားကျောင်း တကျောင်းက လုပ်ပေး နေရတယ်။ နိုင်ငံတော် အစိုးရနဲ့ တာဝန်ရှိသူတွေက အကူအညီပေးတာတွေ မတွေ့ရတော့ဘူး။ IDPs တွေ၊ ဒုက္ခသည်တွေ ကိစ္စက ဘယ်လိုမှ ဆောင်ရွက်တာ မရှိသေးဘူးလို့ ထင်တယ်။
KNU ကွန်ဂရက်ကို ကျနော်ရောက်တော့ နိုင်ငံခြားသား နှစ်ယောက်က ဒုက္ခသည်စခန်း တွေကို ၁ နှစ် ၂ နှစ် အတွင်း ရုပ်သိမ်းတော့မယ် ဆိုတာကို ပြောတယ်။ ထိုင်းမှာ ရှိတဲ့ အန်ကယ်တို့ တိုင်းရင်းသားတွေ ဒုက္ခသည်စခန်းမှာ လူသိန်းနဲ့ချီ ရှိတယ်။ အဲဒီလူတွေကို ဘယ်မှာ သွားထားကြမလဲ။ ဒီဘက်မှာ အဆင်သင့် မရှိဘူး။ ဒုက္ခသည်တွေ က လည်း ငါတို့ နေဖို့ထိုင်ဖို့လောက်ကို မစဉ်းစားဘဲ စားဖို့ သောက်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့၊ လုံခြုံစိတ်ချစွာနဲ့ နေနိုင်ဖို့ ရှိရင်တော့ ပြန်လာဖို့ အသင့်ပဲ ။ ဒါပေမယ့် အစိုးရကတော့ ဒီနေ့အထိ ဒါတွေကို စီစဉ်ဆောင်ရွက်နေတာ မတွေ့ရသေးဘူးလို့ ပြောပါရစေ။
သူတို့ အနာဂတ် အလားအလာအတွက် ကျနော်တို့ တော်တော်စိတ်ဆင်းရဲပါတယ်။ ဘာမှ ရေရေရာရာ မရှိတဲ့ အနေ အထား ဖြစ်နေတယ်။ တိကျသေချာတဲ့ အခြေအနေမရှိဘူးဆိုတာ KNU ကွန်ဂရက်မှာလည်း ဆွေးနွေး ခဲ့ကြပါတယ်။ စစ်ရှောင်စခန်းတွေမှာ ကရင်ပဲ မဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံ ရှိတယ်။ အခုလို မရေရာမသေချာတဲ့ အပေါ်မှာ ဒီလူတွေရဲ့ အခြေအနေကို စိုးရိမ်တယ်။ စိတ်မကောင်းဖြစ်ရုံက လွဲပြီး ကျနော်တို့ကတော့ ဘာမှ မတတ်နိုင်ပါဘူး။ ကျနော်တို့က အစည်းအဝေးတွေ ဆွေးနွေးပွဲတွေရှိရင် ပြောပြမယ်။ ကျနော်တို့က ဒီလောက်ပဲ တတ်နိုင်ပါတယ်။
ဒေါက်တာ ဝင်းမြတ်အေး (ပြည်ထောင်စု ဝန်ကြီး- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန)
ကျနော်တို့ တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ ပထမဆုံး ရက် ၁၀၀ ကို စခဲ့တယ်။ အဓိကက ဘယ်လို ဦးတည်ချက်တွေ နဲ့ လုပ်နေလဲ။ ကျနော်တို့ ရည်မှန်းချက်တွေက ဘာတွေလဲဆိုတာ အရေးကြီးတယ်။ ပထမဆုံး ဝန်ကြီးဌာနကို ပြည်သူတွေ ယုံကြည်မှု ရှိလာအောင် အရင်ဆုံး တည်ဆောက်ရတယ်။ အဲဒီမှာ ပြည်သူတွေ ပါဝင်လာမယ်။ ပြည်သူ တွေ ပါဝင်မှ ကျနေ်ာတို့ လုပ်ငန်းတွေ အောင်မြင်မယ်။ အဲဒါကြောင့် ပထမဆုံး ပြည်သူနဲ့ နီးစပ်မှုရှိအောင် ဆောင်ရွက်ခဲ့တယ်။
ပြည်သူယုံကြည်မှုရှိလာအောင် တုန့်ပြန်မှု လျှင်မြန်ဖို့လိုတယ်။ ပြည်သူတွေ အကူအညီ လိုအပ်နေချိန်မှာ အမြန်ဆုံး ရောက်သွားဖို့ လို တယ်။ ဒါကို အရင်ဆုံး ဆောင်ရွက်ခဲ့တယ်။ သဘာဝဘေးပဲ ဖြစ်ဖြစ်၊ လူကြောင့်ဖြစ်တဲ့ဘေးပဲ ဖြစ်ဖြစ် ဘေးဒုက္ခဖြစ်ရင် ပြည်သူနဲ့ အနီးဆုံး ဖြစ်အောင် ကျနော်တို့ ကူညီဖို့ ကြိုးစားတယ်။
ဥပမာ ကလေးသူငယ် ဥပဒေကို ကလေးသူငယ် အခွင့်အရေး ဥပဒေအဖြစ် ပြောင်းတယ်။ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကို ရအောင် ဆွဲနေတယ်။ မသန်စွမ်းနဲ့ ပတ်သက်လို့ နည်းဥပဒေတွေ ဖော်ဆောင်ဖို့ ဆွဲပြီးပြီ။ နောက်ပြီးတော့ လူငယ် မူဝါဒ ရေးဆွဲတယ်။ သက်ကြီးရွယ်အို ဥပဒေကို ရေးဆွဲ အတည်ပြုတယ်။ အတည်ပြုဖို့ ဒီလပိုင်းအတွင်းမှာ လုပ်မယ့် ဥပဒေတွေ အများကြီး ရှိတယ်။ ပြီးပြီးသား ဥပဒေတွေကိုလည်း ကျနော်တို့ ဆောင်ရွက်နေပြီ။
ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ ပညာရှင်တွေကိုလည်း ဖိတ်ပြီးတော့ ဝန်ထမ်းတွေ ခံယူချက်ပြောင်းအောင် ဟောပြောတာတွေ လုပ်တယ်။ မီဒီယာပိုင်းမှာ တိုက်ရိုက်ဆက်သွယ်လို့ရအောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်တယ်။ ပူးပေါင်း ဆောင်ရွက်နေတယ်။
ကျနော်တို့ရဲ့ မူအသစ်တွေက လူတိုင်း အခြေခံံ လူ့အခွင့်အရေး ရရှိရမယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီရမယ်။ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ အသိုင်းအဝိုင်းဖြစ်အောင် ကျနော်တို့ ဆောင်ရွက်တယ်။ ကယ်ဆယ်ရေးအပိုင်းမှာလည်း စီမံခန့်ခွဲမှု စနစ်တွေ ပိုပြီးတော့ ကောင်းအောင် ပြောင်းလဲနေတာတွေ ရှိတယ်။ အဲလို လုပ်ရင် ပြည်သူနဲ့ ပူးပေါင်း ဆောင်ရွက်ရတယ်။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရတယ်။ ကျန်တဲ့ လူမှု ဖွံ့ဖြိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရတယ်။ UN တို့ INGO အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရတာ ရှိတယ်။
ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)
NLD အစိုးရ ဖြစ်လာတဲ့ တနှစ်အတွင်းမှာ “စစ်အာဏာရှင်အစိုးရ ရွေ့သွားတာပါ “က စပြီး ပြောချင်ပါတယ်။ ဒီတခု ကတော့ အကြိုက်ဆုံးပါပဲ။ သို့သော် ဖွဲ့စည်းပုံနဲ့ ပြေးနေရတာဆိုတော့ ထင်သလောက် ခရီးမပေါက်ပါ။
NLD အစိုးရစစ်စစ်ဖြစ်ဖို့ ခရီးဆက်ရပါဦးမယ်။ ဒါလည်း မစု ကိုင်စွဲတဲ့ အဟိ ံသ(အကြမ်းမဖက်ရေး)နဲ့ သွားနေတာဆိုတော့ အချိန်ယူရပါဦးမယ်။ နှစ်ပေါင်း ၅၀ ကျော်မှာ လူထုဟာ တော်လှန်စိတ်ဓာတ်တွေ အင်မတန် ပြင်းထန်ခဲ့ပါတယ်။
ပြောချင်တာက ဒီစိတ်ဓာတ်ကို အရှိန်လျှော့ကြပါ။ ဒီစိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ။ မြန်မာပြည်သစ်တည်ဆောက်လို့ မ ရနိုင်ပါဘူး။ ကိုယ့်အချင်းချင်းတောင် တော်လှန်ရေးစိတ်ဓာတ်နဲ့ ဆက်ဆံနေတာ မြင်နေရပါတယ်။ ဝိုင်းအုံပြီး လုပ်ကြရတော့မှာပါ။
အမှားများနေရင်လည်း ထောက်ပြပေးကြရပါမယ်။ နှစ်ပေါင်း ၅၀ လုံးလုံး မရှိခဲ့တဲ့ အခြေခံအုတ်မြစ်ချနိုင်ရင် အခု ၅ နှစ်အတွက် မင်္ဂလာပါပဲ။ တဖက်ကလည်း အမျိုးမျိုးနဲ့နှောင့်ယှက်နေတာကိုလည်း သတိကြီးစွာထားပြီး ကာကွယ်ရပါ လိမ့်မယ်။ အမျှော်လင့်ဆုံးကတော့ အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာချနိုင်ရေးပါပဲ။
မတင်တင်ညို (အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ- WLB- မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်)
တနှစ်တာ အတွင်း ကြိုးစားပြီး ပြောင်းလဲခဲ့တာတွေကိုတော့ ကျမတို့ အသိအမှတ် ပြုရပါမယ်။ အုပ်ချုပ်မှု ကဏ္ဍအဆင့်ဆင့်မှာ အဂတိလိုက်စားမှု ကင်းစင်ဖို့အတွက် ဦးစားပေးလုပ်ဆောင်တာ တွေ့ရပါတယ်။ အထူးသဖြင့် NLD ကနေ တိုက်ရိုက်ခန့်အပ်ထားတဲ့ ဝန်ကြီးတွေ၊ အမတ်တွေကြားမှာ ဒါမျိုး လုံးဝ မရှိရအောင် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ ဒါကတော့ ကောင်းမွန်တဲ့ အပြောင်းအလဲ တခုပေါ့။ နောက်တခုက ဘာသာရေး အရ အစွန်းရောက်တဲ့ ကိစ္စတွေကိုလည်း လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားတာ တွေ့ရတယ်။ ဥပမာ မဘသကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာတာမျိုးတွေက ထူးခြားတဲ့ ပြောင်းလဲမှုတွေပါ။
ဒါပေမယ့် ပြည်သူလူထုတွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် လုပ်ဆောင်နိုင်မှု အနေအထား အင်မတန်နည်းပါးတာတွေ တွေ့ရတယ်။ အထူးသဖြင့် ပြည်တွင်းစစ်နဲ့ ဆက်ပြီး ပြင်းပြင်းထန်ထန် ဖြစ်နေတာကို တစုံတရာ ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးတွေ မရှိဘူး။ ကျမတို့အနေနဲ့ ဘာပဲဖြစ်ဖြစ် အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ဖြစ်တဲ့ နယ်စပ်ရေးရာ၊ ပြည်ထဲရေး၊ ကာကွယ်ရေးပိုင်းဆိုင်ရာ ကိစ္စတွေကို အရင် စစ်တပ်က ထိန်းချုပ်ထာားတယ်ဆိုတာကို သိတယ်။ NLD အစိုးရမှာလည်း အဲဒီလောက်ထိ အာဏာပါဝါ မရှိဘူး ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရရဲ့ နောက်မှာတော့ ပြည်သူလူထုတွေက ဆက်လက်ရှိနေဆဲပဲ။ နိုင်ငံတကာရဲ့ ဝန်းရံမှုတွေက ကောင်းနေဆဲပေါ့။ ကောင်းမွန်တဲ့ အချက်အလက်တွေ ယူပြီးတာ့မှ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အနေအထားတွေကို တစုံတရာ ထိန်းညှိပေးသွားဖို့ လိုတယ်လို့ ထင်ပါတယ်။
ဦးအိုက်မုန်း ( ဥက္ကဋ္ဌ၊ တအာင်း(ပလောင် ) အမျိုးသားပါတီ )
ကျနော်တို့ပါတီကတော့ ကောင်းတာမြင်ပါတယ်။ ဘာတွေ ကောင်းသလဲဆိုတော့ ကျနော်တို့ ဒေသကို ကျန်းမာရေး၊ ပညာရေးတို့ တိုးချဲ့လုပ်ပေးတာ ရှိပါတယ်။ အရင်က ကျောင်းတခုပဲ ရှိတဲ့နေရာမှာ ထပ်ဆောက်ပေးတာတွေ ရှိတယ်။ အရင်တုန်းက ပညာရေးပိုင်းမှာ ရွာတိုင်းလိုလို မကောင်းတာ။ အခုတော့ ကြိုးစားပြီး ကောင်းအောင် လုပ်ပေးနေတာ တွေ့တယ်။ ကျန်းမာရေးကိုလည်း ကျေးလက်တွေမှာ သေချာဂရုစိုက်ပေးလာတယ်။
ဒါပေမယ့် နယ်မြေလုံခြုံရေးကတော့ ကျနော်တို့ဒေသမှာ တော်တော်ဆိုးနေတယ်။ အခြေအနေ မကောင်းဘူး။ လူထု က ငြိမ်းချမ်းရေးကို လိုလားနေတယ်။ လူထုအမြင်ကတော့ တပ်မတော်က ငြိမ်းချမ်းရေး မလိုလားတာလို့ မြင် နေကြတယ်။ ကျနော်တို့ ဒေသမှာ စစ်မြေပြင် စစ်တလင်းပြင်လို ဖြစ်နေပြီ။ ဒေသဖွံံ့ဖြိုးရေးအပိုင်းကလည်း မဖြစ်နိုင် ဘူး။ စစ်တွေ ရပ်သွားမှ ကျနော်တို့ ဒေသ အေးချမ်းပြီး ဖွံ့ဖြိုးရေး လမ်းပန်းဆက်သွယ်ရေး လုပ်နိုင်မှာ။
ကျနော်တို့ ပါတီအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဟိုတဖွဲ့ချန် ဒီတဖွဲ့ချန်ကို မကြိုက်ဘူး။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေး လုပ်မှ ဖြစ်မယ်။ ကျနော်တို့ မြောက်ပိုင်းမှာ ၃ ဖွဲ့ကျန်မယ် လုပ်တယ်။ ရခိုင်ဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ် ကချင်ဖြစ်ဖြစ် ဘယ်သူ့ ကိုမှ မချန်ဖို့လိုတယ်။ တလောက စစ်တော်တော်ဖြစ်တယ်။ ဖြစ်ရတာက တပ်မတော်က လိုက်တိုက်တယ်။ တောထဲမှာ လည်း လိုက်လာတယ်။ နေစရာမရှိတော့ သူတို့က မြို့ဝင်တိုက်တာလို့ မြင်ပါတယ်။
အခုမှ TNLA (ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော်)ကို ပြန်ပေါ်လာတယ်ပြောတယ်။ မဟုတ်ဘူး။ TNLA က အရင် PSLA(ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်) နဲ့ တဖွဲ့တည်းပါ။ ဟိုးအရင် စစ်အစိုးရ က ပလောင်ဒေသမှာ လမ်းပန်းဆက် သွယ်ရေး ၊ ပညာရေး၊ ကျန်းမာရေးလုပ်ပေးမယ်ဆိုပြီး အပြောနဲ့ အလုပ်နဲ့ မတူဘူး လုပ်တယ်။ လုံခြုံရေးပေးမယ် ဆိုပြီး ပြောတယ်။ လက်နက်အပ်လိုက်ရတယ်။ ဘာမှလုပ်မပေးဘူး။ အဲဒီနောက်မှာ ကချင်ဝင်လာတယ်။ ရှမ်းဝင်လာတယ်။ မူးယစ်ဆေးဝါးတွေ သိပ်ပေါလာတယ်။ ပလောင်ဒေသက သိပ် ရှုပ်ထွေးလာတယ်။ အဲဒါတွေကြောင့် ပလောင်က ကလေးတွေ မဟုတ်တော့ဘူးဆိုပြီး TNLA ကိုပြန်ထူထောင်ပြီး လုပ် တာပါ။
TNLA ကြောင့် အခု ကျနော်တို့ဒေသမှာ မူးယစ်ဆေးဝါး တော်တော်လေး ကင်းရှင်းလာတယ်။ ကျန်တာက ပန်ဆေး တဖွဲ့လောက်ပဲ ကျန်တော့တယ်။ လားရှိုးရဲ့ အနောက်ဘက်ခြမ်းဆို မူးယစ်ဆေးဝါး ကင်းရှင်းသလောက် ဖြစ်နေပြီ။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ NLD အစိုးရက ပြောတာက တံခါးတော့ ဖွင့်ထားတယ်။ ဖွင့်ထားပြီးတော့မှ သူက လာပါ၊ ငြိမ်းချမ်းရေးအဖို့ သတ္တိရှိရှိနဲ့ လုပ်ပါ ပြောတယ်။ အခု တပ်မတော်က ထိုးစစ် လုပ်နေတယ်။ ဒီဘက်က ဘယ်လို လာရမှန်းတောင် မသိဘူးဖြစ်နေတာ။ ကျနော် အကြံပေးချင်တာက NLD အစိုးရက တပ်မတော်ကို ပူးပေါင်း ပြီး တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ညှိနှိုင်းပါ လုပ်ပေးပါ ။ ဒါပဲ တိုက်တွန်းချင်တယ်။
ဦးနိုင်ငွေသိမ်း (မွန်ဒီမိုကရေစီပါတီ )
သူတို့ တာဝန်ယူတာ ၁ နှစ်ရှိပြီနော်။ ဘာမှ တိုးတက်တာ မတွေ့ရဘူး။ အဟောင်းအတိုင်းပဲ ရှိသေးတယ်။ တိုးတက်တာ တခုတော့ရှိတယ်။ ကုန်ဈေးနှုန်း တိုးတက်တာ တခုပဲ ရှိတယ်။
ချောင်းဆုံတံတားကိစ္စဖြစ်တာက ပြည်သူကို မကြည့်ဘဲ သိပ်အကြီးအကျယ်လုပ်ပြီး လွှတ်တော်ထိတင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်ချင်တာကို လုပ်တာ ဒါအာဏာရှင်ပဲ ။ အာဏာရလာတော့ လွှတ်တော်ကို အကာ အကွယ်ယူပြီး ဒီလို လုပ်တာပဲ ။
ကျနော်တို့ ပြည်နယ်မှာ လုပ်စရာတွေ သူတို့လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ခြံတွေ၊ လယ်တွေ စစ်တပ်က သိမ်းထားတာတွေ ရှိတယ်။ ပြန်တောင်းတာ အခုထိ နေရာမရသေးဘူး။ လယ်တွေလည်း တပ်က သိမ်းထားပြီး လယ်စာရင်းငှားချစားတယ်။ ရာဘာခြံတွေ သိမ်းထားတာလည်း အခုရာဘာဈေးတက်လာတော့ သီးစားချ လုပ်စားဖို့ ကြိုးစားနေတယ်။ အဲဒါတွေကို ပြည်သူတွေ ပြန်ရဖို့ သူတို့လုပ်ပေးသင့်တယ်။
ကျနော်တို့ တိုင်းရင်းသားတွေအားလုံးက ငြိမ်းချမ်းရေးလိုချင်နေကြတယ်။ ဒါပေမယ့် တိုက်ပွဲတွေက ဖြစ်နေတယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် ကျနော်တို့ပဲ ကြိုးစားနေလို့လည်း မဖြစ်ဘူး။ တပ်မတော်ကလည်း သူ့ရဲ့ ၆ ချက် လက်နက်ချ ၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင် လွှတ်တော်ထဲမှာ ပြောဆိုတာတွေက တိုင်းရင်းသားတွေက လက်မခံနိုင်ဘူး။ လက်နက်ချတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။
အရင်တုန်းက သူတို့ တိုင်းရင်းသားတွေကို တိုက်တယ်။ တိုင်းရင်းသားတွေက မခံနိုင်တော့ ခံတိုက်ရအောင်ဆိုပြီး တပ်ပေါင်းစုဖွဲ့ပြီး ခံတိုက်ကြတယ်။ သူတို့ ပြောတာက မတရားတဲ့ စစ်လုပ်တယ်ပေါ့။ ဒီတော့ တရားတဲ့စစ်၊ မတရားတဲ့ စစ်ကို နောက်မှပြော။ ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး အားလုံးကို ဗမာလူမျိုးပဲ ရဖို့ တပ်မတော်က အဖျက်လုပ်နေတယ်။
ကျနော်ထင်တာက ဗမာပြည်က ငြိမ်းချမ်းရေး ရဖို့ မလွယ်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဏာ မရှိဘူး။ ပြောနိုင်တာ မရှိဘူး။ သူပြောတာလည်း တပ်မတော်က လက်မခံဘူး။ အဲဒီလို ဖြစ်နေတော့ ကျနော်တို့ တိုင်းရင်းသားတွေ ပြောနေတာက ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်သမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အရင်က ရွေးကောက်ပွဲ မဝင်ခင်တုန်းက ရွေးကောက်ပွဲကြေညာစာတမ်းမှာ တရား ဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ အခု ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးက အကုန် ပျောက်သွားပြီ။ ဘာလို့လဲဆိုတော့ တပ်မတော်က လက်မခံဘူးလေ။ ဒီလိုနဲ့ သူလည်း ဆက်မလုပ်နိုင်တော့ဘူး။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တိုင်းရင်းသားတွေကြား တော်တော် ကွာဟ သွားပြီ။ ကျနော်တို့ သူနဲ့ ပေါင်းလာတာ ၁၉၉၀ ရွေးကောက်ပွဲပြီးကတည်းက ။ အဲဒီတုန်းက သူက ကျနော်တို့ကို ပြောတာက ဒီမိုကရေစီ သွားမယ့် တိုက်ပွဲက တိုင်းရင်းသားတွေက အစိုးရဘက် ပါသွားရင် တိုက်ပွဲရှုံးမယ်ပေါ့။ တိုင်းရင်းသားတွေ အတူပါရင် နိုင်မယ် ပြောတယ်။ အခုတော့ အဲဒီစကားတွေကို သူမေ့သွားပြီ ထင်တယ်။ အခု တိုင်းရင်းသားတွေက အများစုပါ။
NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်)မှာလည်း ကျန်နေတဲ့ သူတွေကို သူစည်းရုံးမရဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေက ငြိမ်းချမ်းရေး လုပ်မယ် ပြောလည်း လက်မှတ်ထိုးဖို့ မခေါ်နိုင်ဘူး။ ဒါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တော်တော် ပျက်ပြားလာတာပဲ။
၂၀၀၈ ဖွဲ့စည်းပုံကို မပြင်လို့ လုံးဝ မရဘူး။ အဲဒါကို ပြောင်းလဲလို့ ရအောင် လွှတ်တော်မှာ ပြောင်းလဲလုပ်ရဖို့ မဖြစ်နိုင်ဘူးဆိုရင် လယ်သမား၊ အလုပ်သမား တွေ အခြေခံလူတန်းစားတွေ အားလုံးကို စည်းရုံးပြီးတော့ ကျနော်တို့က ပြိုင်မှ ရမယ် ပြောဖူးတယ်။ ပညာတတ်လူတန်းစားတွေချည်းပဲ မရဘူး။ လူတန်းစား အားလုံးပေါင်းပြီး လုပ်ရမယ်။ တွန်းရမယ်။ သူ့ကို ပြောဖူးပါတယ်။ သူမလုပ်တာတော့ မတတ်နိုင်ဘူး။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး ကျနော်ကတော့ သူ့ကို မျှော်လင့်ချက် မရှိတော့ပါဘူး။ သူ မလုပ် နိုင်တော့ဘူးလို့ပဲ ထင်တယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်
တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ ဘာတိုးတက်မှုမှ မတွေ့ဘူး။ ဒုံရင်းက ဒုံရင်းပဲ။ တရားစီရင်ရေး ရုံးချုပ်ကြီးက ပြုပြင်ပြောင်းလဲရေးမှာ ပါမလာဘူး။ လာဘ်စားမြဲ၊ တရားရုံးတွေက အမှုကြန့်ကြာမြဲ၊ တရားရုံး စာရေးတွေကလည်း ဒီပုံစံတွေ အတိုင်းပဲ။ တရားစီရင်ရေး ယန္တရားကြီး တခုလုံး ဒီအတိုင်းပဲ။ ဘာမှပြောင်းလဲလာတာ မရှိဘူး။ ပါးစပ်ကတော့ ပြောင်းဖို့ ကြိုးစားနေတယ် ပြောင်းနေတယ်။ လက်က ပါမလာဘူး။
လွှတ်တော်ကတော့ ပြောင်းလဲမှု ရှိပါတယ်။ လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်တွေပါတော့ ကြိုးစားကြတယ်လေ။ ဒီတရားရုံးချုပ်ကြီးကတော့ လူဟောင်းတွေပဲ ဖြစ်နေတော့ စိတ်ကိုမဝင်စားတာ။ ဒီအစိုးရ အသစ်ပေါ်မှာ သူတို့နဲ့ မဆိုင်ဘူး။ မင်းတို့ ဘာသာပြောင်းချင်ပြောင်း ငါတို့ကတော့ ဒီတိုင်းပဲ ဆိုပြီး နေတာ။ တရားရုံးချုပ်ကြီးက မပြောင်းတော့ အောက်ကလူ ကလည်း စားမြဲ၊ သောက်မြဲ နေနေတာ။
အစိုးရသစ်က တရားဥပဒေစိုးမိုးရေးကို စိတ်ဝင်စားပါ။ ပါးစပ်နဲ့ချည်းပဲ စိတ်ဝင်စားမနေဘဲ လက်တွေ့လည်း စိတ်ဝင်စားပါ။ တရားဥပဒေဆိုင်ရာ ကျွန်းကျင်တဲ့သူတွေကိုလည်း အလေးထားပါ။ အကြံပေးရင်လည်း ယူပါ။ ခေါ်ယူ ခန့်အပ်ပါ။
ဦးဆမ်ဆောင်ကား ( ဒုဥက္ကဋ္ဌ ၊ “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ )
ပြောရမယ်ဆို သိပ်တော့ အားမရဘူး။ ကျနော်တို့ “ဝ”အနေနဲ့ ကြည့်တဲ့အခါကျတော့ သူတို့ရဲ့ လုပ်ဆောင်မှုကို အားမရဘူး။ သို့ပေမယ့် သူတို့ဘက် ပြန်ကြည့်တော့လည်း လုပ်ကိုင်တဲ့နေရာမှာ အခက်အခဲ ရှိတယ်ဆိုတာ တွေ့ရ ပါတယ်။ သူတို့ရဲ့ သဘောဆန္ဒနဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်လို့ မရသေးဘူး။ အခြေခံ ဥပဒေကလည်း သူတို့ရဲ့ လုပ်ရပ်တွေကို တားဆီးနှောင့်ယှက်နေတယ်။
၂၁ ပင်လုံလမ်းကို လျှောက်ဖို့ ရွေးချယ်တဲ့အခါမှာ အမှန်က တပ်မတော်က တိုက်ခိုက်မှုတွေကို ရပ်စဲရမယ်။ AA(ရက္ခိုင့် တပ်မတော်)၊ TNLA၊ MNDAA တို့ မတက်ရတာမျိုး မလုပ်ဖို့။ အပစ်အခတ်ရပ်စဲထားပြီးတော့မှ စားပွဲပေါ်မှာ အားလုံးညှိနှိုင်း တိုင်ပင် လိုက်ရင် မကောင်းဘူးလား ။ အခုက ၂၁ ပင်လုံလည်း လုပ်တယ်။ တိုင်းရင်းသား ဒေသတွေကိုလည်း စစ်ထိုး တယ်ဆိုတော့ ဒါတွေက တိုင်းရင်းသားတွေ နားမလည်နိုင်တဲ့ အရာတခုဖြစ်နေတယ်။
အခုထိ မြောက်ပိုင်းမှာ မငြိမ်မသက်ဖြစ်တယ်။ ကိုးကန့်ဘက်မှာ ပလောင်ဒေသတွေမှာ စစ်ပွဲတွေ အကြီးအကျယ် ဖြစ်လို့ လားရှိုးမြို့မှာ စစ်ဘေးဒုက္ခသည်တွေ အများအပြား ရောက်လာကြတယ်။ ဒါတွေက တော်တော် စိတ် မကောင်းစရာတွေပဲ။
ကျနော့်သဘောထားအမြင်နဲ့ ပြောရရင် တိုင်းရင်းသားတွေအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမြဲ တမ်း မျှော်လင့်ချက်ထားပါတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ် ။ ငြိမ်းချမ်းစေချင်တယ်။ တိုင်းပြည် ငြိမ်းချမ်းမှပဲ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံး လုပ်လို့ရမှာလေ ။ ခေါင်းဆောင်တွေကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်နဲ့ လုပ်စေချင်ပါ တယ်။
အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် “ဝ” က မြို့နယ် ၆ မြို့နယ်လို့ သတ်မှတ်ထားပါတယ်။ ၄ မြို့နယ်က လက်နက်ကိုင် အဖွဲ့အစည်းက ထိန်းချုပ်ထားတဲ့ အတွက်ကြောင့် ဒါက ဝင်စွက်မပြောချင်ပါဘူး။ သို့ပေမယ့် မက်မန်းနဲ့ ဟိုပန်က အစိုးရထိန်းချုပ်တဲ့ နယ်မြေဖြစ်တယ်။ အဲဒီမှာ “ဝ” အဖွဲ့အစည်းတွေ ယုံကြည်မှု ရှိလာအောင် အစိုးရက လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းကောင်း ဖောက်ပေးစေချင်တယ်။ ပညာရေး၊ ကျန်းမာရေး ၊ ဒေသရဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေကို လုပ်ပေးစေချင်တယ်။ အခုဆိုရင် တောင်ပေါ်မှာ “ဝ” ဒေသမှာ စားဖို့သောက်ဖို့ တင်မယ်လုပ်ရင် အတားအဆီးတွေက ရှိလာတော့ ရေရှည်မှာ ယုံကြည်မှုကို အနှောင့်အယှက်ဖြစ်စေတယ်။
အစိုးရလက်အောက်မှာရှိတဲ့ ဟိုပန်နဲ့ မက်မန်းကို ထိထိရောက်ရောက် ဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ပေးလိုက်လို့ရှိရင် နောက်နောင်ဆို စံနမူနာဖြစ်ပြီး ကျန်မြို့နယ်တွေကိုလည်း ကူးလူးသွားလို့ ရမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ အခုလောလောဆယ် အစိုးရအုပ်ချုပ်ထားတဲ့ ၂ မြို့နယ်ကို ဘာမှ မလုပ်ပေးဘူး ဆိုရင် ကျန်တဲ့ UWSA (“ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်) ထိန်းချုပ်တဲ့ ၄ မြို့နယ်ကို ဘယ်လိုလုပ် လုပ်ပေးလို့ ရမှာလဲ။ ဟိုပန်နဲ့ မက်မန်းမြို့နယ်ကို စံနမူနာ အနေနဲ့ လမ်းပန်း ဆက်သွယ်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံ ကြိုးစားပြီး လုပ်ပေးမယ်ဆိုရင် ကျန်တဲ့ မြို့နယ်တွေအတွက်လည်း သက်သေကောင်း ဖြစ်ပါမယ်။
ဒါရိုက်တာ မိုက်တီး
အစိုးရ တနှစ်ပြည့်မှာ ရုပ်ရှင်လောက ကတော့ ဘာမှ မပြောင်းလဲဘူး။ ဒီအတိုင်းပဲ။ ရုပ်ရှင်လောကသား တယောက် အနေနဲ့ ပြောရရင် ဝန်ကြီးတွေနဲ့ လုပ်စရာတွေအများကြီး ရှိသေးတယ်။ ဒါပေမယ့် တနှစ်ဆိုတော့ အရှိန်မရသေးဘူးနဲ့ တူပါတယ်။ လုပ်စရာတွေတော့ အများကြီး ရှိပါသေးတယ်။ ရုပ်ရှင် လောကကို ပြောတာပါ။ ကျန်တဲ့ဟာတွေကတော့ တိုးတက်နေပါတယ်။ ဥပမာဆိုရင် လာဘ်စားတဲ့လူတွေ တော်တော် ပပျောက်သွားပြီ။ အဲဒါကိုက တိုင်းပြည်တော်တော် တိုးတက်နေပြီပေါ့။
တရားလွှတ်တော်ရှေ့နေ ဦးဌေး (ခုံသမာဓိ ကောင်စီဝင်)
ဒီ ၁ နှစ်အတွင်းမှာတော့ အလုပ်သမားနဲ့ ပတ်သက်လို့တော့ သိပ်ပြီးတော့ ထူးခြားချက် မတွေ့ရဘူး။ လွှတ်တော်ရော အစိုးရ အဖွဲ့အစည်း၊ တရားရုံးရော အထူးသဖြင့် အစိုးရအဖွဲ့မှာလည်း အပြောင်းအလဲ ဖြစ်တယ်။ လွှတ်တော်မှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံးဖြစ်ပေမယ့် ယန္တရားတွေက ဝန်ထမ်းတွေက အရင်တုန်းက ဝန်ထမ်းဟောင်းတွေ ဖြစ်နေတယ်။ အစိုးရအဖွဲ့ဝန်ကြီးက အနည်းစု ဖြစ်ပြီး ကျန်တဲ့ ဝန်ကြီးက အများစုဖြစ်နေတယ်။ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဟာလည်း NLD ပါတီက မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့မှာ ယန္တရားဟောင်း၊ ပုဂ္ဂိုလ်ဟောင်းတွေနဲ့ပဲ ကျွန်တော်တို့ ဌာနမှာ ဖြစ်နေတဲ့အတွက်ကြောင့် အပြောင်းအလဲ တစ်ရပ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ချင်ပေမယ့်လည်း အပြောင်းအလဲတစ်ရပ် ဖြစ်လာမည် ဆိုတဲ့ ရွေးကောက်ပွဲကြွေးကြော်သံ အပေါ်မှာ ကျနော်တို့ မဲပေးခဲ့ပေမယ့် အပြောင်းအလဲကတော့ သိပ်မထူးခြား သေးပါဘူး။ ပုံမှန်အနေအထားပဲ ရှိပါတယ်။
ရှိတဲ့အပြင် အလုပ်သမားပြဿနာတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုသော်လည်း ဒီနေ့ အထိ တောင်းဆိုတာတွေ၊ ဥပဒေတွေ ပြင်ဆင်ပေးတာကို မတွေ့ရသေးပါဘူး။ အရေးကြီးတဲ့ ပုဒ်မတွေကို မပြင်ဆင်သေးပါဘူး။