ဒီမိုကရေစီ ကူးပြောင်းရေး ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် မလုပ်နိုင်သလဲ

Bertil Lintner
တပ်မတော်သည် နိုင်ငံ၏ အရေးအပါဆုံး ဝန်ကြီးှဌာန ၃ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ထိန်းချုပ်ထားသည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသည် ပြည်သူလူထုကို ပိုမိုကိုယ်စားပြုပြီး စစ်တပ်က ထိန်းချုပ်မှု ပိုမိုနည်းသည့် ဒီမိုကရေစီ စနစ်ဆီသို့ ဦးတည်နိုင်ပါမည်လား။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မြန်မာ လွှတ်တော်သည် မြန်မာ့တပ်မတော်က ရေးဆွဲခဲ့ပြီး နိုင်ငံရေးတွင် မတန်တဆ ဦးဆောင်မှု အခန်းကဏ္ဍ ပေးထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် စဉ်းစားသုံးသပ်ရန် ကော်မတီတရပ် ဖွဲ့စည်းရေး မဲခွဲဆုံးဖြတ် ခဲ့ကြသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမို ဒီမိုကရေစီ ကျအောင် ပြုပြင်မည် ဆိုသည့်ကတိဖြင့် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး အာဏာ ရလာခဲ့သည်။

သို့သော် ယခု အာဏာရပြီး ၃ နှစ်နီးပါး ကြာလာသောအခါ NLD ထိုကတိပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်နိုင်သေးပေ။ ပြုလုပ်နိုင်ပါက လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ NLD ၏ လုပ်ဆောင်မှု မှတ်တမ်းတွင် ရမှတ် ၁ မှတ် ဖြစ်ပေမည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ NLD သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စစ်တပ်နှင့် ချိန်ခွင်လျှာ ညီအောင် လုပ်ဆောင်ထားသည်ကို ရခိုင်ပြည်နယ်ကိစ္စတွင် စစ်တပ်၏ လုပ်ရပ်များအပေါ် အရူးအမူး ကာကွယ် နေခြင်းတွင် တွေ့နိုင်ပေသည်။

ရခိုင်ပြည်နယ်မှ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများသည် မွတ်စလင် ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး စေသောကြောင့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ ခံနေရသည်။

စစ်ဒဏ်ခံနေရသော ကချင်နှင့် ရှမ်း ပြည်နယ်များတွင် တပ်မတော်က ကျူးလွန်သည့် များပြားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချခြင်း မရှိသောကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အဝေဖန် ခံနေရသည်။

သို့သော် နိုင်ငံရေးတည်ငြိမ်မှုအပေါ် အလားအလာရှိသော သက်ရောက်မှုများသည် အဆိုပြုသော အပြောင်းအလဲများ၏ သဘောသဘာဝနှင့် ကျယ်ပြန့်မှုအပေါ် မူတည်နေသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ရန်နှင့် မြန်မာ့တပ်မတော်၏ နိုင်ငံရေးအာဏာကို လျှော့ချရန် NLD ၏ မည်သည့် လုပ်ဆောင်မှုကို မဆို အတိမ်းအစောင်း အနည်းငယ်ပင် မခံသော ချိန်ခွင်လျှာအား တဖက်စောင်းနင်းဖြစ်စေပြီး အရပ်သားအစိုးရနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ဖက် ထိပ်တန်း ခေါင်းဆောင်များအကြား ထိပ်တိုက် တွေ့နိုင်သည်။

စစ်ဖက်က ရေးဆွဲထားသည့် ပုံစံအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်မလွယ်ပေ။ အထက်နှင့်အောက် လွှတ်တော်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ခန့်အပ်သော သူများအတွက် သီးခြားထားရှိပြီး ကျန် ၇၅ ရာခိုင်နှုန်းကိုသာ ရွေးကောက်ပွဲဖြင့် ရွေးချယ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အဆိုပြုချက်အတွက် ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်း ထောက်ခံမှုသာ လိုသောကြောင့် လွှတ်တော် ၂ ရပ်စလုံးတွင် အများစုရရှိထားသော NLD အတွက် အလွယ်တကူ လုပ်ဆောင်နိုင်သော ကိစ္စဖြစ်သည်။

သို့သော် တပ်မတော်၏ အခန်းကဏ္ဍနှင့် နိုင်ငံ၏ နိုင်ငံရေး အဆောက်အအုံကို လွှမ်းမိုးမှုနှင့် ပတ်သက်သော ပုဒ်မ ၁၀၄ ခုကို ပြင်ဆင်ရန် မည်သည့် လုပ်ဆောင်မှုအတွက်မဆို လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းက ထောက်ခံရန်လိုပြီး ဆန္ဒခံယူပွဲဖြင့် အတည်ပြုရန်လည်း လိုသည်။

ထို့ကြောင့် အရေးပါသော ပုဒ်မများကို ပြင်ဆင်ရန် မည်သည့် အားထုတ်မှုတွင်မဆို တပ်မတော်သည် ၎င်းခန့်အပ်သူ ၂၅ ရာခိုင်နှုန်းထံမှ အာဏာ ရရှိထားသည်။

တပ်မတော်နှင့် ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မများကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှု လိုသော ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ မှ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရေးသည် ဦးစားပေး ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဘဝမှ ၂၀၁၂ ခုနှစ်ဧပြီလ ရွေးကောက်ပွဲတွင် အာဏာရလာသော ဒေါ်အောင်ဆန်းစုကြည်က စာရေးသူကို ထိုနှစ်က ပြောခဲ့ဖူးသည်။

သို့သော် ထိုပုဒ်မသည် တပ်မတော်နှင့် ပတ်သက်သည့် ပုဒ်မ ၁၀၄ ခုတွင် ပါဝင်နေသောကြောင့် အကျပ်အတည်း ဖြစ်လာသည်။ ကျန် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထောက်ခံလျှင် NLD အနေဖြင့် တပ်မတော်သား ကိုယ်စားလှယ် တဦး၏ ဘက်ပြောင်း ထောက်ခံမှုသာရပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်မည်ဟု တချို့က ဆွေးနွေးကြသည်။

သို့သော် တပ်မတော်သား ကိုယ်စားလှယ်များသည် စစ်ဖက် ထိပ်တန်းပုဂ္ဂိုလ်များထံမှ အမိန့်ကိုသာ နာခံပြီး အမိန့် မနာခံဟူသော စွပ်စွဲချက်များကို မည်သို့မျှ စွန့်စားခြင်း မရှိသေးသောကြောင့် ထိုသို့ ဖြစ်မလာနိုင်ပေ။
ထိုသို့ လွတ်လပ်စွာ တွေးခေါ်သူတဦး ပေါ်ပေါက်လာပြီး NLD နှင့် တခြားပါတီများမှ ရွေးကောက်ခံ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကို ကူညီလျှင်ပင် ဆန္ဒခံယူပွဲကို မည်သို့ ကျင်းပမည်နှင့် ပြင်ဆင်သည့် ပုဒ်မ တခုစီအတွက် ဆန္ဒခံယူပွဲ ကျင်းပမည်၊ မကျင်းပမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထိုသို့ ရှုပ်ထွေးသော လုပ်ငန်းအဆင့်ဆင့်နှင့် အတုအယောင် ဆန္ဒခံယူပွဲများ ကျင်းပတတ်သည့် မြန်မာ့ သမိုင်းကို ပေါင်းစပ်လိုက်သော အခါ တပ်မတော်၏ အာဏာချုပ်ကိုင်မှုကို နည်းအမျိုးမျိုးဖြင့် တရားဝင် အကာအကွယ် ပေးသော ပုဒ်မများအား ပြင်ဆင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

မြန်မာနိုင်ငံ၏ ၁၉၇၃ ခုနှစ်က ကျင်းပသော ဆန္ဒခံယူပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အတည်မပြုမီက ကျင်းပသော ဆန္ဒခံယူပွဲ ကဲ့သို့ပင် အယုံအကြည်ကင်းမဲ့ ခံရသော ဆန္ဒခံယူပွဲဖြစ်သည်။

ထိုသို့ အာဏာကို ချုပ်ကိုင်ထားခြင်းသည် တည်ဆောက်ပုံအရ ခိုင်မာပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရထက်ပင် ပိုမို အာဏာ ပေးအပ်ထားသည်။ တပ်မတော်သည် နိုင်ငံ၏ အရေးအပါဆုံး ဝန်ကြီးှဌာန ၃ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ထိန်းချုပ်ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေတွင် အာဏာသိမ်းယူခွင့် ရှိသည်။ သို့သော် ထိုသို့သော တောင်းဆိုမှုကို သမ္မတက ပြုလုပ်ရန် လုပ်ထုံးလုပ်နည်း အရ လိုသည်။

ထိုကဲ့သို့သော အရေးပေါ် အခြေအနေတွင် စစ်ဖက်၏ ဆောင်ရွက်ချက်များ အတွက် ဥပဒေအရ မည်သည့် အရေးယူမှုကိုမျှ လုပ်ဆောင်ခွင့် မရှိဟု ဖွဲ့စည်းပုံ အခြေခံဥပဒေက ဆိုသည်။

သြဇာကြီးမားလှသော ပြည်ထဲရေး ဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့နှင့် ပြည်တွင်း လုံခြုံရေး ယန္တရားကို ချုပ်ကိုင် ထားပြီး မကြာသေးမီကဆိုလျှင် ဗဟိုမှ ကျေးရွာအဆင့်အထိ အုပ်ချုပ်ရေး ဝန်ထမ်းများကို ခန့်ထားသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကိုပင် ချုပ်ကိုင်ထားသည်။

လွန်ခဲ့သော ဒီဇင်ဘာလက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရရုံး ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး အမည်ခံ အရပ်သား ထိန်းချုပ်မှုအောက်သို့ ပထမဆုံး အကြိမ် ရောက်လာခဲ့သည်။

စစ်ဖက်က ခန့်အပ်ထားပြီးသူများသည် ၎င်းတို့ရာထူးတွင် လတ်တလော ဆက်လက် ရှိနေသည့်တိုင် ထိုဖြစ်ရပ်သည် ရွေးကောက်ခံသည့်ဘက်က ဆောင်ရွက်နိုင်သည့် သေးငယ်သော်လည်း အရေးပါသော အပြောင်းအလဲဖြစ်သည်။

စစ်ဖက်က ပါဝင်ပတ်သက်သည်ဟု တချို့က သံသယရှိကြသည့် ၂၀၁၇ ခုနှစ်က လုပ်ကြံခံရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အကြံပေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူ ဦးကိုနီ အကြံပြုသည့် အတိုင်း လက်ရှိဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ပိုမို ဒီမိုကရေစီကျသည့် ဖွဲ့စည်းပုံဖြင့် အစားမထိုးပါက ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် စစ်တပ်၏ အာဏာကို ရုပ်သိမ်းရန် လုပ်ဆောင်နိုင်စရာ မရှိသလောက်ပင် ဖြစ်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းသည် NLD သေချာပေါက် ရှုံးနိမ့်မည့် စစ်ဖက်နှင့် ထိပ်တိုက် တွေ့ခြင်းသို့ ဦးတည်မည်မှာ သေချာသည်။ လတ်တလော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ဖွဲ့စည်းပုံကို ဖျက်သိမ်းရန် ကြိုးစားမည့်အစား စစ်ဖက်လွှမ်းမိုးသည့် စနစ်အတွင်း လုပ်ဆောင်ခြင်းကို ကျေနပ် ရောင့်ရဲနေကြသည်။

ထို့ကြောင့် လွှတ်တော်ကော်မတီသစ်သည် အနှစ်သာရထက်၊ အသွင်သဏ္ဍန်မျှသာ ဖြစ်ပြီး မည်သည့်အခါမျှ အများပြည်သူ မသိရသည့် ဖွဲ့စည်းပုံ ပြင်ဆင်ချက်များ ဆွေးနွေးသော ဆွေးနွေးပွဲသာ ဖြစ်နိုင်သည်။ လက်တွေ့တွင် တပ်မတော်သား ကိုယ်စားလှယ်များသည် ထိုကော်မတီ ဖွဲ့စည်းရေးကိုပင် ဆန့်ကျင်နေ ကြသည်။

အနည်းဆုံး လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အားထုတ်ကြောင်း ပြရန်လိုသည်ဟု ခံစားရသည့် NLD ၏ ယခု လုပ်ဆောင်မှုမှာ အားပျော့သော အန္တရာယ်မျှသာ ဖြစ်သည်။

လွှတ်တော်တွင် အငြင်းအခုံများ အနည်ထိုင်သွားသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖမ်းဆုပ်ရ ခက်ခဲနေဆဲ ဖြစ်ပြီး စစ်ဖက်သည် မြင်နိုင်သော အနာဂတ်အတွင်း မြန်မာနိုင်ငံတွင် သြဇာအကြီးမားဆုံး မဏ္ဍိုင်အဖွဲ့အစည်းအဖြစ် ဆက်လက် ရပ်တည်နေမည် ဖြစ်သည်။

စစ်ဖက်မှလွဲပြီး မည်သည့်ကော်မတီ၊ ဌာန၊ အဖွဲ့မျှ ယခုအခြေအနေနှင့် ဖွဲ့စည်းပုံကို ပြင်ဆင် ပြောင်းလဲနိုင်သည့် အာဏာမရှိကြပေ။

(Asia Times ပါ Bertil Lintner ၏ Why Suu Kyi can’t and won’t democratize Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading