လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ လူများစွာအတွက် မဲပေးဖို့ အခွင့်အလမ်းပဲဖြစ်ပါတယ်။ သို့သော်လည်း တချို့သောလူတွေအတွက်ကတော့ ကံမကောင်းစွာနဲ့ပဲ မဲပေးနိုင်တဲ့အခွင့်အလမ်းတောင် မရှိရှာပါဘူး။ ထိုနည်းတူ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ပျက်တဲ့အသံတွေကိုလည်း ကြားနေရပါတယ်။ အဲဒီလူတွေရဲ့ စိုးရိမ်စိတ်တွေကိုလည်း နားလည်ပါတယ်။
ကျနော်တို့ဟာ ပြုပြင်လို့မရအောင် ထိန်းချုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေရယ်၊ကျောင်းသား အလုပ်သမား တက်ကြွလူပ်ရှားသူများအပေါ် ကျုးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာများနဲ့ အဲဒီဒေသက လူအများခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် အဲဒီ လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေက အပြစ်ပေးအရေးယူခံရခြင်းများမှ ကင်းလွတ်နေတာတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။
ဒီမိုကရေစီစနစ်ရဲ့ ကျင့်စဉ်အရ မဲပေးခြင်း မပေးခြင်းဆိုတာ လူတဦးချင်းရဲ့ အခွင့်အရေးပါ။ သို့သော် ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင်ရေးကတော့ အပြောင်းအလဲအတွက် အရေးကြီးတဲ့ ဖြစ်စဉ်တခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။
ကျနော်တို့နိုင်ငံလိုရွေးကောက်ပွဲစနစ်မှာ လူပြောအများဆုံးကိစ္စက ရွေးကောက်ပွဲမှာ ပါဝင်ဖို့ စည်းရုံးလှုံ့ဆော်မှုနဲ့ မဲပေးဖို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အခြားသော ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဖြစ်လေ့ရှိတယ်ဆိုတာကို ကျနော်တိုမြင်တွေ့နေကျပါ။ သို့သော်လည်း ရွေးကောက်ပွဲဆိုတာ အာဏာရှိတဲ့သူတွေကို တာဝန်ခံမှုရှိစေဖို့ရာ ကျနော်တို့ကျင့်သုံးနိုင်တဲ့ နည်းလမ်းအနည်းငယ်ထဲက တခုဖြစ်တဲ့အတွက် ကျနော်တို့ဟာ ရွေးကောက်ပွဲကို အာရုံစိုက်သင့်ပါတယ်။
အခုအချိန်လိုမျိုးဟာ မြန်မာနိုင်ငံအတွက် တကယ့်ကို အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေရတာပါ။
ကျနော်တို့ဟာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီများ နဲ့ နိုင်ငံရေးသမားများကို ကျနော်တို့ဖြစ်စေချင်တာတွေ ပါဝင်လာအောင် လုပ်ဆောင်ရမှာပါ။ သူတို့ရဲ့ ရွေးကောက်ပွဲကြေငြာစာတမ်းတွေမှာ လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့် စတာတွေ ပါဝင်လာဖို့၊ အာမခံပေးဖို့ တောင်းဆိုရပါမယ်။ ကျနော်တို့ရဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ပြလို့၊ အစည်းအဝေးတွေပြုလုပ်လို့ ဖမ်းဆီးခံရမယ့် အန္တရာယ်ရင်ဆိုင်နေရတာမျိုး ရှိမနေသင့်တော့ပါဘူး။
လူ့အခွင့်အရေးကို ပြတ်ပြတ်သားသားထောက်ခံရန်
ကျနော် နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်ထဲမှာ ရှိနေတုန်းက နယ်လ်ဆင်မန်ဒဲလားရဲ့ ရည်မှန်းချက်တွေနဲ့ လုံ့လပြုမှုတွေ က ကျနော့်ကို စိတ်ဓာတ်ခွန်အား အများကြီး ဖြစ်စေခဲ့ပါတယ်။ ကျနော်တို့ဟာ တကယ့်ကို လွတ်လပ်ပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းဖြစ်စေချင်ရင်တော့ နယ်လ်ဆင်မန်ဒဲလား ကျင့်သုံးခဲ့တဲ့ နည်းလမ်းများနဲ့ စံနှုန်းများကို ကျင့်သုံးကြရမှာပါ။ သူက ဘာပြောခဲ့သလဲဆိုတော့ လွတ်လပ်ဖို့ဆိုတာ ကိုယ့်ကိုချည်နှောင်ထားတဲ့ နှောင်ကြိုးတွေကို ဖြတ်ချဖို့လိုရုံသာမက အခြားသူများရဲ့ လွတ်လပ်မှုများကို မထိခိုက်စေဖို့နဲ့ အခြားသူများကိုပါ လေးစားပေးဖို့ လိုအပ်ပါတယ်တဲ့။
ရွေးကောက်ပွဲမှာ အသားအရောင်၊ လိင် အစရှိသဖြင့် ကွဲပြားမှုတွေအပေါ်မှာ ခွဲခြားမှုမရှိစေဖို့ ဆော်ဩလူပ်ရှားနေသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမဆို လူသားအားလုံးအတွက် လူ့အခွင့်အရေးကာကွယ်မှုတွေ ပြုလုပ်ပေးပါမည် ဟု ကြိုးစားနေသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေးသင့်ပါတယ်။
ကျနော်တို့ ဖြစ်စေချင်တဲ့ မြန်မာနိုင်ငံနဲ့ ကျနော်တို့ရဲ့ အကျိုးစီးပွားတွေ ကို ဆောင်ရွက်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီကို ကျနော်တို့ရဲ့ မဲတပြားနဲ့ ရွေးချယ်ရမှာပါ။
အကြမ်းဖက်မှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်တွေ ရှိနေတာကြောင့် ဆိုပြီးတော့ မဲမပေးဘူးဆိုပြီးလည်း တွေဝေမနေသင့်ပါ။
ကျနော်တို့ဟာ ကြမ်းတမ်းလှတဲ့ အာဏာရှင်အုပ်ချုပ်ရေးစနစ်ရဲ့ ခါးသီးမှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားလာခဲ့ရတာပါ။ ကျနော်တို့ပြည်သူတွေဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ခံစားရရှိဖို့ ထိုက်တန်ပါတယ်။ သို့သော်လည်း တိုင်းရင်းသားဒေသတွေမှာ နေထိုင်နေကြရတဲ့ တိုင်းရင်းသားများဟာ နေ့စဉ်နဲ့အမျှဆိုသလို လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေကြရဆဲပါ။
ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲများဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကြီးမားတဲ့ အနှောင့်အယှက်ပါ။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးသမားအနေနဲ့ အထက်ပါအခြေအနေများကို သေသေချာချာနားလည်သဘောပေါက်ဖို့ လိုအပ်သလို ငြိမ်းချမ်းရေးဖော်ဆောင်ရန် အပြောသက်သက်မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ လိုအပ်နေပါတယ်။
ပဋိပက္ခဒေသတွေက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ ညှင်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှုကနေ အဓမ္မပြုကျင့်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှုများအထိ ကျယ်ပြန့်ပါတယ်။ အရပ်သားတွေဟာ ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာ ကြားညပ်နေတာ၊ ဒါမှမဟုတ် တမင်ရည်ရွယ်ချက်နဲ့ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေ ခံနေရပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးရတာတွေနဲ့ ဒီထက်မက ခံစားရတာတွေရှိပါတယ်။
လက်နက်ကိုင် ပဋိပက္ခနဲ့ ဝေးကွာတဲ့ အခြားဒေသတွေမှာလည်း ပြည်သူတွေဟာ သူတို့ရဲ့ အခြေခံအကျဆုံးအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ စုရုံးမိလို့၊ မိမိရဲ့ ထင်မြင်ယူဆချက်တွေ ကို လွတ်လပ်စွာ ဖော်ပြမိလို့၊ ပြောဆိုမိလို့ ဆိုပြီး ထိန်းသိမ်းခံကြရတာ၊ အပြစ်ပေးခံကြရတာ၊ အစော်ကားခံကြရတာတွေ ရှိနေပါတယ်။
ဒီလိုဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လူထုကြားသိရှိနိုင်ဖို့၊ ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်းလို အဖွဲ့မျိုးက နိုင်ငံနဲ့အဝန်းမှာ လူ့အခွင့်အရေးသင်တန်းတွေပေးတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်နေတာမျိုးတွေ ရှိပါတယ်။ သို့သော် စနစ်တကျအပြောင်းအလဲ လုပ်နိုင်ဖို့အတွက် တကယ်လုပ်နိုင်တာ က ခင်ဗျားတို့ပါ။ မဲဆန္ဒရှင်တွေပါ။
လိုချင်တဲ့ အပြောင်းအလဲအတွက် မဲဆန္ဒရှင်တွေရဲ့ အသံသည်သာ ဩဇာအရှိဆုံးပါ။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေးအတွက်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ့်ကို အနှောင့်အယှက်ဖြစ်နေတယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဖူး။ သို့သော်လည်း ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အခြေခံစံနူန်းတွေကို ကျင့်သုံးဖို့ အနှောင့်အယှက်ဖြစ်စေတဲ့ ဥပဒေ တခုချင်းစီကို ဖျက်သိမ်းဖို့၊ ပြုပြင်ဖို့၊ အသစ်ရေးဆွဲဖို့ကိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက တားဆီးမထားနိုင်ပါ။ မကြာသေးမီက ပြဌာန်းလိုက်တဲ့ ဥပဒေတွေထဲမှာကိုပဲ ပြန်လည်ဖျက်သိမ်းပစ်ရမယ့် ဥပဒေတွေ ရှိနေပါတယ်။ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ဆောင်ရမှာပါ။
နိုင်ငံအဝန်းမှာလည်း ရာပေါင်းများစွာသော လယ်သမားတွေဟာ ၂၀၁၈ ခုနှစ်ကမှ ပြင်ဆင်လိုက်တဲ့ မြေလွတ် မြေလပ် မြေရိုင်းများဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတွေဖြစ်သွားပြီး အများအပြားလည်း ဒီဥပဒေနဲ့ ဖမ်းဆီးခံထားရပါတယ်။
မိမိတို့လူအဖွဲ့အစည်းကြီးထဲက အထိခိုက်လွယ်ဆုံး လူမှုအသိုင်းအဝန်းလေးတွေရဲ့ အခြေခံလူ့အခွင့်အရေးများအပေါ် အသိအမှတ်ပြုလေးစားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့ မဲပေးသင့်ပါတယ်။
နိုင်ငံတကာ စံနှုန်းများ
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေ ပြန်လည်ရရှိခဲ့ပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အခြားသော အကြောင်းကြောင်းတွေကြောင့် လက်ရှိမြန်မာနိုင်ငံဟာ စစ်အာဏာရှင်ခေတ်ကလိုပဲ နိုင်ငံတကာရဲ့အရေးယူပြစ်တင်ခံရတဲ့အထိကို ပြန်လည်ဆုတ်ယုတ်သွားခဲ့ရပါတယ်။
လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံရေးစနစ်ကသာ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိနိုင်တာဖြစ်ပြီး စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ လာရောက်နိုင်ဖို့ အခွင့်အလမ်းဖြစ်မှာပါ။ အဲသလိုမှ မလုပ်နိုင်ရင်တော့ အဲဒီရဲ့ ဆိုးကျိုးတွေကို ခံစားရမှာက အခြေခံလူတန်းစားတွေပါပဲ။
ဒီလိုမျိုး ဆိုးကျိုးတွေ ပပျောက်စေဖို့နဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ဦးတည်မယ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀၇ ဦးလုံးကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်ပြစ်မှုတွေနဲ့ မှားယွင်းစွာ အရေးယူခဲ့တယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။
ကျနော်တို့တွေဟာ ပါတီစွဲတွေကိုဘေးဖယ်ထားပြီး တကယ့်ကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေအပေါ် နားလည်တန်ဘိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မဲပေးသင့်ပါတယ်။
အစိုးရအနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာစံနှုန်းတွေနဲ အညီဖြစ်ဖို့၊ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICCPR) နဲ့ ညှင်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) တို့ကို လက်မှတ်ရေးထိုး အတည်ပြုသင့်ပါတယ်။
အကြမ်းဖက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းစတဲ့ဒဏ်တွေ ခံစားခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပြည်တွင်းစစ်ရဲ့ သားကောင်ဖြစ်ခဲ့ကြရတဲ့ တိုင်းရင်းသားပြည်သူတွေဆီမှာ စိတ်ဒဏ်ရာတွေ ကိုယ်စီနဲ့ပါ။ တနည်းပြောရရင်တော့ အထက်ပါ ဆိုးမွေတွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းဟာ စိတ်ဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းလို့ပြောလို့ရပါတယ်။
ပြန်လည်ကုစားခြင်း၊ အတိတ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းဆိုတာဟာ လက်ရှိဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရအနေနဲ့ ဘယ်လိုစီမံမလဲဆိုတဲ့ ဖြစ်စဉ်အပေါ်မှာ သက်ရောက်မှုရှိစေပါတယ်။
နိုင်ငံတနံတလျားမှာ နေထိုင်နေကြတဲ့ ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ပြန်လည်ကုစားရေး အစီအစဉ်တွေ ခံစားရခြင်း မရှိသေးပါဘူး။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စိတ်ကျန်းမာရေး အစီအစဉ်က နိုင်ငံတနံတလျားမှာ ရှိနေကြတဲ့ စနစ်အရ အထောက်အကူ ကင်းမဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာထဲက စိတ်ဒဏ်ရာခံစားရသူတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်သူတွေကို ကူညီနေပြီး လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ စိတ်ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်သလောက်ကြိုးစားနေပါတယ်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ပြဌာန်းပေးမယ့်၊ နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်ပြုစုပျိုးထောင်ရေး အစီအစဉ်တွေကို အသေးစိတ်ချပြပြီး ဖော်ဆောင်မယ့် အစိုးရသစ်တရပ်ကို အလိုရှိပါတယ်။
ကိုဗစ်-၁၉
ကိုဗစ်-၁၉ ပိတ်ဆို့မှု ကာလအတွင်း ကမ္ဘာတဝန်း ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ ကိစ္စတွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်နေတာ တွေ့ခဲ့ရပါတယ်။ ပိတ်ဆို့မှုကာလအတွင်း စီးပွားရေးနဲ့ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့တာကိုလည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးကြောင့့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ခံစားနေရတာပါ။ စီးပွားရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုကင်းဝေးရေး နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ လူ့အခွင့်အရေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ ခေတ်သစ်အယူအဆကို နားလည်အောင် ဆောင်ရွက်သင့်ပါတယ်။
ကိုဗစ်-၁၉ ဟာ ထူးခြားတဲ့ စိန်ခေါ်မှုဖြစ်ပြီး အကြီးအကျယ်ထိခိုက်လာစေမှာပါ။
ကျနော်တို့ရဲ့ စီးပွားရေးမူဝါဒဟာ စနစ်တကျရေးဆွဲရမှာဖြစ်ပြီး တခုခုဖြစ်မှ သာမန်ကာလျှံကာ ထပြီးရေးဆွဲတာမျိုး မဖြစ်စေရပါဘူး။ စီးပွားရေးမူဝါဒဟာ ညီမျှမှုကို အဓိကထားရေးဆွဲရမှာဖြစ်ပြီး ပေးကမ်းစွန့်ကြဲတဲ့ပုံစံမျိုး မဖြစ်စေသင့်ပါ။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မူပုံစံဟာ ခင်ဗျားအပါအဝင် ပြည်သူအများစုရဲ့ အကျိုးစီးပွားအတွက် အဓိကထား ပုံဖော်ရမှာဖြစ်ပြီး လူတစုဖြစ်တဲ့ ခရိုနီတွေနဲ့ စီးပွားရေးအထက်တန်းလွှာတွေကို ဦးစားပေးထားတဲ့ ပုံဖော်မှုမျိုး မဖြစ်စေသင့်ပါ။
ဆင်းရဲချမ်းသာကွာဟချက် ကြီးမားမှု သို့မဟုတ် မညီမျှမှုတွေ မြင့်တက်နေခြင်းဟာ ဖွံဖြိုးတိုးတက်မှုရဲ့ ရှောင်လွဲမရနိုင်တဲ့ အကျိုးဆက်မဟုတ်ဘဲ နိုင်ငံရေးသမားတွေရဲ့ ပေါ်လစီကြောင့်သာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ ပေါ်လစီတွေအကုန်လုံးမှာ လူမှုဖူလုံရေး အကာအကွယ်နဲ့ စီးပွားရေးတိုးတက်မှုရဲ့ အကျိုးဖြစ်ထွန်းမှုမှာ ပြည်သူတွေခံစားခွင့်ရရမယ်ဆိုတာ သေချာစေဖို့ လိုအပ်ပါတယ်။
အဆုံးသတ်ပြောရမယ်ဆိုရင်တော့ ကျနော်တို့ဟာ လူသားအားလုံးအတွက် လူ့အခွင့်အရေးကို လေးစားလိုက်နာဖော်ဆောင်ပါမယ်လို့ ကျနော်တို့ ယုံကြည်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲပေးသင့်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း သူတို့ရဲ့ ရွေးကောက်ပွဲကြေငြာစာတမ်း ရေးသားရာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံဖော်ဆောင်မယ် ဆိုသည်များ ထည့်သွင်းဖို့ လိုအပ်မယ်ဆိုတာ သတိထားဖို့ လိုပါတယ်။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ယခုအခါ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ်ဆောင်ရွက်နေသည်)
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲအကြို ရခိုင်ပြည်နယ် မြင်ကွင်း
၂၀၂၀ ရွေးကောက်ပွဲနဲ့ အစ္စလာမ်ဘာသာဝင်များ
PACE အဖွဲ့ကို အသင်းအဖွဲ့မှတ်ပုံတင်ရပြီးမှ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်ပြုရန် UEC ဆုံးဖြတ်