ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်း တခုဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) ကို အသင်းအဖွဲ့ မှတ်ပုံတင် ခွင့်ပြုချက် ရရှိပြီးမှသာ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြုလွှာ ထုတ်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အကြောင်းပြန်ကြောင်း သိရသည်။
ကော်မရှင်က PACE အဖွဲ့အား သြဂုတ်၂၁ ရက်တွင် ထိုကဲ့သို့ အကြောင်းပြန်ခဲ့ခြင်းဖြစ်ပြီး UEC ၏ အဆိုပါ ဆုံးဖြတ်ချက် သည် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု လုပ်ငန်းစဉ်အတွက် ကြီးမားသည့် အဟန့်အတား ဖြစ်ကြောင်း PACE အဖွဲ့က ယနေ့ (သြဂုတ် ၂၄ ရက်)တွင် သတင်း ထုတ်ပြန်လိုက်သည်။
PACE အဖွဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က
“အသင်းအဖွဲ့ မှတ်ပုံတင် ခွင့်ပြုချက်ရတော့မှ စောင့်ကြည့်လေ့လာခွင့်ပေး မယ်ဆိုတဲ့ သဘောပဲ။ အသင်းအဖွဲ့ မှတ်ပုံတင်က ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက တင်ဖို့ ပြင်ဆင်ခဲ့တာပဲလေ။ အဓိက တော့ အသင်းအဖွဲ့ မှတ်ပုံတင်ပေါ်မှာ အခြေခံပြီး မဆုံးဖြတ်စေချင်ဘူး”
ဟု ဧရာဝတီကို ပြောသည်။
UEC ၏ ဆုံးဖြတ်ချက်သည် နိုင်ငံသားများ၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ဥပဒေမူဘောင် လုပ်ထုံးလုပ်နည်း များဖြင့် ကန့်သတ်လိုက်ခြင်း ဖြစ်ရုံသာမက နိုင်ငံသားများ၏ နိုင်ငံရေး အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ စည်း တည်ထောင်ခွင့်နှင့် နိုင်ငံ့ရေးရာ ကိစ္စများတွင် ပါဝင် ဆောင်ရွက်ခွင့်ကို ကန့်သတ် ချုပ်ချယ်လိုက်ခြင်း ဖြစ်ကြောင်း PACE အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ ကျင်းပရန် ၇၅ ရက်သာ လိုပြီး မဲဆွယ်စည်းရုံးရေး ကာလ စတင်ရန် ရက်သတ္တပတ် ၂ ပတ်ခန့်သာ လိုတော့ သည့်အတွက် PACE အဖွဲ့အနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ရရန် ဆက်လက် ဆောင်ရွက်မည် ဖြစ်သော်လည်း အချိန် ကာလ အကန့်အသတ်နှင့် လုပ်ထုံးလုပ်နည်းများအရ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအမီ စောင့်ကြည့်လေ့လာခွင့် ရရှိရန် မသေချာ ဟုလည်း ပါရှိသည်။
“ဒီလို ဆုံးဖြတ်တဲ့အတွက်ကြောင့် ကျနော်တို့ စောင့်ကြည့်တဲ့ ဗျူဟာတွေ ပြန်ပြီး သုံးသပ်ဖို့ လိုမယ်။ ဘယ်ဟာတွေ စောင့် ကြည့်နိုင်မလဲဆိုတာ မသေချာတော့ဘူး။ ဆိုတော့ လောလောဆယ်မှာ ကျနော်တို့ လုပ်ငန်းစဉ်တွေ ပြန်ပြီး သုံးသပ်နေပါ တယ်” ဟု စိုင်းရဲကျော်စွာမြင့်က ပြောသည်။
အသင်း အဖွဲ့တခု မှတ်ပုံတင်သည့် ကိစ္စသည် အချိန် ခဏလေးအတွင်း ရနိုင်ခြင်း မဟုတ်ဘဲ နှစ်ချီကြာမြင့်သည်ဖြစ်ရာ ရွေး ကောက်ပွဲ နီးချိန် ယခုကိစ္စသည် မသင့်တော်ကြောင်း၊ ယခုကိစ္စသည် အနုတ်သဘောဆောင်သည့် အခြေအနေမျိုးဖြစ်ရာ ဖြစ်စဉ် တခုလုံးကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ပြည်တွင်း အရပ်ဘက် အဖွဲ့ တခုဖြစ်သည့် New Myanmar Foundation မှ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး မမြနန္ဒာသင်းက တိုက်တွန်းသည်။
“၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈ မှာလည်း ရွေးကောက်ပွဲ လေ့လာသူများရဲ့ ကျင့်ဝတ်ဆိုတာ ရှိမယ်။ လုပ်ငန်းစဉ်တွေ ရှိမယ်။ ဒီ အပေါ်တွေမှာပဲ လုပ်ကြရတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ရှိမှ ရွေးကောက်ပွဲ စောင့်ကြည့်နိုင်တယ် ဆိုတဲ့ဟာတော့ ဘယ် ဥပဒေ၊ ဘယ်နည်းဥပဒေမှာမှ မပါထားဘူး။ ရှိလည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက ဂုဏ်သိက္ခာရှိသည့်၊ သမာသမတ် ကျသည့်၊ ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲတခု ဖြစ်ရန် ကာ ယကံရှင်များ ကိုယ်တိုင်က ပြောနေ၍ မရဘဲ ကာယကံရှင် မဟုတ်သော ဘေးမှကြည့်သည့် ပရိသတ်များက ဆုံးဖြတ်မည် ဖြစ်ရာ အရပ်ဘက် အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး ကြောင်း ရှင်းပြသည်။
မမြနန္ဒာသင်းက “ဒီဟာတွေ အပေါ်မှာ ကန့်သတ်လိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ နိုင်ငံရေးပါတီတွေရဲ့ယုံကြည်မှု တွေ၊ တခြားသော ပါဝင် ပတ်သက်သူတွေရဲ့ ယုံကြည်မှုနဲ့ ရွေးကောက်ပွဲဖြစ်စဉ် သမာသမတ်ကျမှု အပေါ်မှာ ထိခိုက်လာ နိုင်မယ် ထင်ပါတယ်” ဟု ဆိုသည်။
အရပ်ဘက် အဖွဲ့အစည်း တခုဖြစ်သည့် ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၊၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများတွင် တနိုင်ငံလုံးအဆင့် စောင့်ကြည့်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည့် အဖွဲ့တခု ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲ အတွက်လည်း စောင့်ကြည့်လေ့လာသူဦးရေ ၂၉၀၀ ခန့် အသုံးပြုကာ ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံး ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်နိုင်ရန် ပြင်ဆင်ထားပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ဇူလိုင် ၁၄ ရက်တွင် UEC ထံ တင်ပြ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ တဖွဲ့ဖြစ်သည့် PACE ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရွေး ကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုရှိရေး၊ နိုင်ငံသား အားလုံး ပါဝင်ခွင့်ရရှိရေးနှင့် တာဝန်ခံမှု တာဝန်ယူမှု မြင့်မားလာ ရေးအတွက် သင်တန်းများ ပို့ချခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း လုပ်ငန်းများကို အဓိက ဆောင်ရွက်လျက်ရှိ သည်။
၂၀၁၄ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ကနဦး စီမံချက်မှ စတင်၍ တရားဝင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ရာ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့် လေ့လာသူဦးရေ ၂၅၀၀ ကျော်၊ ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် ၇၀၀ ကျော်စီတို့ဖြင့် ရွေးကောက်ပွဲ ကျင်းပသည့် နယ်မြေအားလုံးကို တရားဝင် စောင့် ကြည့် လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
PACE အဖွဲ့ကို လာမည့် ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ခွင့် မပြု