မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအတွက် ပံ့ပိုးပေးရန်နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အစုအဖွဲ့အားလုံးသို့ တောင်းဆိုနေချိန်တွင် အိန္ဒိယသည် ၎င်း၏ကိုယ်စားလှယ်များအား တရားဝင်လုပ်ငန်း တာဝန်အများအပြားတွင် မြင်သာစွာ လုပ်ငန်းများဆောင်ရွက်လာခြင်း၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကို ပံ့ပိုးပေးခြင်း အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အများမြင်သာအောင် ထောက်ပံ့ကူညီပြခြင်းများအားဖြင့် အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင်တို့ထံသို့ ခပ်မှန်မှန် နီးနီးစပ်စပ် ကပ်လာခဲ့သည်။
ကုလသမဂ္ဂ၏ လတ်တလော အစီရင်ခံစာတစောင်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အိန္ဒိယအခြေစိုက် အဖွဲ့အစည်း ၂၂ ခုဝန်းကျင်သည် အမေရိကန် ဒေါ်လာ ၅၁ သန်းခန့် တန်ဖိုးရှိသော လက်နက်၊ ကုန်ကြမ်းနှင့် အခြားစစ်ဘက်ဆိုင်ရာ ကူညီမှုများကို မြန်မာစစ်တပ်ထံ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပေးပို့ခဲ့ကြောင်းလည်း ထောက်ပြထားပေသည်။
မြန်မာနိုင်ငံရှိ ပြည်သူအများအပြားက နားလည်သဘောပေါက်ထားကြပြီး ဖြစ်သည့်အတိုင်းပင် မြန်မာနိုင်ငံရှိ အိန္ဒိယ၏ မဟာဗျူဟာ အကျိုးစီးပွားများသည် နယ်စပ်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွားများနှင့် ဆက်စပ်နေပြီး တရုတ်ကို တန်ပြန်ရန်အတွက် ၎င်း၏ ထိတွေ့ဆက်ဆံမှုနယ်ပယ်ကို တိုးမြှင့်လာခြင်းဖြစ်သည်။
သို့တိုင် ဖြစ်ပေါ်လာသည့် အကြီးမားဆုံးပြဿနာတခုမှာ မိတ်ဖက်ဆက်ဆံရေးကို စစ်အာဏာရှင်တို့အား ကျော်လွန်ချဲ့ထွင်ရန် လက်ရှိတွင် စိတ်အားထက်သန်မှု ကင်းမဲ့နေခြင်းပင် ဖြစ်သည်။ အိန္ဒိယမူဝါဒချမှတ်သူများနှင့် ၎င်းတို့၏အကြံပေးများသည် မြန်မာစစ်အုပ်စုသည်သာ အိန္ဒိယ၏အကျိုးစီးပွားကို လုံခြုံစေမည့် တခုတည်းသောအဖွဲ့အစည်းအဖြစ် ၎င်းတို့၏ လောင်းကြေးအားလုံးကို ပုံအောထားပုံရသည်။
အိန္ဒိယမူဝါဒချမှတ်သူများနှင့် မဟာဗျူဟာအကြံပေးများသည် မြေပြင်အမှန်တရားကို လျစ်လျူရှုကာ မင်းအောင်လှိုင် ထိန်းချုပ်ထားသည့် စွမ်းရည်နည်းသည်ထက် နည်းလာလျက်ရှိနေသော မြန်မာစစ်အုပ်စုအား တိုင်းပြည်တည်ငြိမ်ရေးအတွက် ယုံကြည်စိတ်ချရသည့် ဗျူဟာမြောက် မိတ်ဖက်အဖြစ် ရှုမြင်နေကြသည်။
အိန္ဒိယမူဝါဒချမှတ်သူများနှင့် မဟာဗျူဟာအကြံပေးများသည် မြေပြင်အမှန်တရားကို လျစ်လျူရှုကာ မင်းအောင်လှိုင် ထိန်းချုပ်ထားသည့် စွမ်းရည်နည်းသည်ထက် နည်းလာလျက်ရှိနေသော မြန်မာစစ်အုပ်စုသည် တိုင်းပြည်တည်ငြိမ်ရေးအတွက် ယုံကြည်စိတ်ချရသည့် ဗျူဟာမြောက်မိတ်ဖက်အဖြစ် ရှုမြင်နေကြသည်။
ကနဦးတွင် စစ်ကောင်စီအနေဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများ တည်ငြိမ်ရေးကို အာမ မခံနိုင်ရုံမျှမက စစ်အာဏာရှင်တို့သည် အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားနေသည့် အစိတ်အပိုင်းများကို ဆက်လက်ပံ့ပိုးပေးနေပြီး အိန္ဒိယအရှေ့မြောက်ဒေသမှ ခွဲထွက်ရေးသမားများအား စစ်ကိုင်းတိုင်းအတွင်းရှိ စခန်းနေရာများမှနေ၍ တက်ကြွစွာ လှုပ်ရှားခွင့်ပေးထားသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများ၊ အထူးသဖြင့် စစ်ကိုင်းနှင့် ချင်းဒေသများတွင် စစ်အုပ်စု၏ အရပ်သားများအပေါ် စနစ်ချ တိုက်ခိုက်မှုများသည် ၂ နှစ်ကျော်ကြာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ဘေးကင်းရာ ထွက်ပြေးကြရင်း အိန္ဒိယနယ်စပ်တွင် ဒုက္ခသည်များ တိုးပွားလာသည်။
လူမျိုးစုချင်း တူညီသောကြောင့် ဒေသခံပြည်သူများအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံများထားရှိကာ ချစ်ခင်ရင်းနှီးမှုရှိစွာ မျှဝေလက်ခံနေသည့် အခြေအနေသည် နယ်စပ်ဖြတ်ကျော်မှုများ များလာခြင်းအပေါ် မနှစ်မြို့သည့် လှုံဆော်သူများကြောင့် စိုးရိမ်လာခြင်း၊ စိတ်အနှာင့်အယှက် ဖြစ်လာခြင်းများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ထိုသို့ဖြစ်လာပါက မဏိပူရပြည်နယ်တွင် ဖြစ်ခဲ့သော အလားတူအခြေအနေများကဲ့သို့ ဖြစ်လာနိုင်ပြီး အိန္ဒိယအရှေ့မြောက်ပိုင်း နယ်နိမိတ်တလျှောက် ပိုမိုဆိုးရွားသော နယ်စပ်အခြေအနေများကို ဖြစ်လာစေနိုင်သည်။ ယင်းကြောင့် အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ (AEP) နှင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်သန်းလုပ်ဆောင်မည့် စီမံကိန်းများအားလုံးသည် မတည်မငြိမ်ဖြစ်ပြီး မဝေးတော့သော အနာဂတ်တွင် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက် တိုးတက်မှုများကို ထိခိုက်စေမည် ဖြစ်သည်။
စစ်အုပ်စုသည် အိန္ဒိယလူငယ် ရာပေါင်းများစွာကို လူကုန်ကူးကာ ထိန်းချုပ်ထားသောမြို့အတွင်း နည်းပညာဆိုင်ရာ လိမ်လည်လှည့်ဖြားမှုများတွင် ၎င်းတို့အား အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ အပါအဝင် လှည့်ဖျားအသုံးချမှုများကို ကျူးလွန်နေသည့် ဆိုးသွမ်းရမ်းကားမှုများ ရှိနေသော ရွှေကုက္ကိုမြို့ကို ဦးစီးလည်ပတ်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အားလည်း ကျောထောက်နောက်ခံ ပေးထားလျက် ရှိသည်။
အိန္ဒိယသည် အပြောင်းအလဲများလုပ်ရန် လိုအပ်ပါသည်။ စစ်အာဏာရှင်တို့နှင့် ဆက်လက် ထိတွေ့ဆက်ဆံနေချိန်တွင် ပထမဆုံးခြေလှမ်းအနေဖြင့် အမျိုးသားညွတ်ရေးအစိုးရ (NUG)၊ ၎င်းနှင့် လက်တွဲချိတ်ဆက် ဆောင်ရွက်နေကြသော ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ဆောင်နေသူ အင်အားစုများကိုလည်း အားလုံးပါဝင်ရေး ခြေလှမ်းအဖြစ် ပံ့ပိုးကူညီရန် လိုအပ်ပါသည်။ အိန္ဒိယသည် ၎င်း၏ ကိုယ်ပိုင်လွတ်လပ်သော တွက်ချက်မှုနှင့် ဆုံးဖြတ်ချက်အရ ထင်ရာလုပ်နေသော စစ်အာဏာရှင်တို့နှင့်သာမက မြန်မာနိုင်ငံမှ မတူကွဲပြားသည့် ကိုယ်စားပြုသူများကိုလည်း ထိတွေ့ဆက်ဆံနိုင်စွမ်းရှိကြောင်း စစ်အာဏာရှင်တို့အား အချက်ပြနိုင်စွမ်း များစွာရှိပါသည်။
အိန္ဒိယသည် အပြောင်းအလဲများလုပ်ရန် လိုအပ်ပါသည်။ စစ်အာဏာရှင်တို့နှင့် ဆက်လက် ထိတွေ့ဆက်ဆံနေချိန်တွင် ပထမဆုံးခြေလှမ်းအနေဖြင့် အမျိုးသားညွတ်ရေးအစိုးရ (NUG)၊ ၎င်းနှင့် လက်တွဲချိတ်ဆက် ဆောင်ရွက်နေကြသော ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ဆောင်နေသူ အင်အားစုများကိုလည်း အားလုံးပါဝင်ရေး ခြေလှမ်းအဖြစ် ပံ့ပိုးကူညီရန် လိုအပ်ပါသည်။
ဒုတိယအချက်အနေဖြင့် နယ်မြေတည်ငြိမ်မှုကို သေချာစွာ ထိန်းချုပ်နိုင်ခြင်း မရှိသော စစ်အုပ်စု၏ လက်အောက်တွင် အိန္ဒိယနိုင်ငံသည် ဖွံဖြိုးရေးစီမံကိန်းများကို ကောင်းစွာ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အရှေ့မျှော်ဝါဒနှင့် ဆက်စပ်နေသော ရေရှည်နှင့် အလယ်အလတ်သက်တမ်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအကျိုးစီးပွားများ လုံခြုံစေရန်အတွက် အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီနည်းကျ တရားဝင် ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များကို ကျောထောက်နောက်ခံ ပေးနေကြောင်းနှင့် အိန္ဒိယနယ်စပ်ဒေသအတွင်း ရောက်ရှိနေသော ဒီမိုကရေစီလှုပ်ရှားမှုများနှင့် ကိုယ်စားလှယ်များကို ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ရန် ကြိုးစားရာတွင် စစ်အာဏာရှင်တို့ကို အိန္ဒိယက သည်းခံမည် မဟုတ်ပါကြောင်း မြန်မာပြည်သူများအား အသိပေးရန် လိုအပ်ပါသည်။
တတိယအနေဖြင့် မြန်မာစစ်အာဏာရှင်များအား တရုတ်နိုင်ငံ၏ အထူးသီးသန့် ဦးစားပေး ဆက်ဆံရေးများနှင့် ပတ်သက်၍မူ အိန္ဒိယသည် တရုတ်နိုင်ငံကို မကြာမီကာလအတွင်း ကျော်လွှားနိုင်မည် မဟုတ်ပေ။ NUG နှင့် မိတ်ဖက်များအား ပံ့ပိုးကူညီခြင်းမှတဆင့် အိန္ဒိယသည် မိမိ၏ လူထုဖွံ့ဖြိုးတိုးတက်စေရေးကိုသာ အာရုံစိုက်သင့်သည်။
စတုတ္ထအချက်အနေဖြင့် အိန္ဒိယနိုင်ငံအတွက် အကျိုးကျေးဇူးများ ကောင်းမွန် မြန်ဆန်စွာ ရရှိနိုင်ပြီး အလျင်အမြန် ဆောင်ရွက်သင့်သည့်အရာမှာ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်သို့ နယ်စပ်ဖြတ်ကျော် အကူအညီများကို တိုးချဲ့လုပ်ဆောင်ပေးရန်ဖြစ်သည်။ အိန္ဒိယသည် မိုခါဆိုင်ကလုန်းမုန်တိုင်းပြီးနောက် ထောက်ပံ့ကူညီမှုများကို ပွင့်လင်းမြင်သာစွာ အမြန်ပေးပို့ခဲ့သော်လည်း စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာပြည်ရှိ အိန္ဒိယအကျိုးစီးပွားများအတွက် ဆန့်ကျင်ဘက်ရလဒ် ဖြစ်လာသည်။ ထို အပြကောင်းစေရန် အလျင်အမြန် လုပ်ခဲ့သော အကူအညီသည် စစ်အုပ်စုထံသို့ ရောက်ရှိသွားပြီး အကျိုးဆက်အဖြစ် စစ်အုပ်စုသည် ထောက်ပံ့ကူညီမှုများကို အသုံးပြုလျက် မိမိကိုယ်ကျိုးအတွက် ဝါဒဖြန့်မှုများစွာကိုသာ ပြုလုပ်ပြီး အမှန်တကယ် ထိခိုက်ခံစားရသော လူမှုအသိုက်အဝန်းများထံ ပေးပို့ခြင်း မပြုပေ။
ပဉ္စမအချက်အနေဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အိန္ဒိယ (ဒေလီ) မှ ဒုက္ခသည်အခြေအနေ သတ်မှတ်ခြင်း (RSD) ကို အမြန်ခွင့်ပြုရန် ဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည်များအနေဖြင့် မတရားဖမ်းဆီးခြင်းမှ ရှောင်ရှားနိုင်ရန်နှင့် “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” ဟု တံဆိပ်ကပ်ခြင်းကို ရှောင်ရှားရန်အတွက် အထောက်အထားပုံစံများကို ပေးအပ်ရန်လိုသည်။ RSD လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် မီဇိုရမ်ပြည်နယ်တွင် UNHCR ကိုယ်စားလှယ်/ရုံးများ ထားရှိခွင့်ပြုရန်ဖြစ်သည်။
ဆဋ္ဌမအချက်အနေဖြင့် တတိယနိုင်ငံသို့ အခြေချနေထိုင်ရန် အသိအမှတ်ပြုခံထားရပြီးသော မြန်မာဒုက္ခသည်များအား အမြန်ထွက်ခွာခွင့်ပြုရန် ဖြစ်သည်။ ၎င်းသည် မြန်မာအသိုက်အဝန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ချစ်ကြည်ရေး တည်ဆောက်ရန် အထောက်အကူ ဖြစ်စေသည်။ ထိုသို့ ထွက်ခွာခွင့် ခွင့်ပြုချက်ရယူရန် မြန်မာဒုက္ခသည် အများအပြားသည် ဒေလီတွင် စောင့်ဆိုင်းနေကြသည်။ အိန္ဒိယ၏ ဆုံးဖြတ်ချက်များသည် လွတ်လပ်ပြီး မြန်မာစစ်အုပ်စု၏ ဆန္ဒနှင့် ဆန့်ကျင်ကြောင်း အိန္ဒိယမူဝါဒချမှတ်သူများ ပြသနိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။
သတ္တမအချက်အနေဖြင့် စစ်အုပ်စုသည် တောက်လျှောက် ဘောင်ကျဉ်းလာနေပြီး နေရာအချို့ကိုသာ ကန့်သတ် ထိန်းချုပ်ထားသည့် အနေအထားဖြစ်သည်။ တရုတ်နိုင်ငံသည် နယ်မြေပိုင်ဆိုင်မှုနှင့် ဗျူဟာမြောက်ပိုင်ဆိုင်မှုများကို သိသာသော နည်းလမ်းများဖြင့် ထိန်းချုပ်နိုင်စွမ်းရှိသည့် မြန်မာနိုင်ငံမှ အခြားသော ပတ်သက် ဆက်ဆိုင်သူများစွာနှင့် ရှည်လျားသော ဆက်ဆံရေး ရှိနေသမျှ အိန္ဒိယသည် NUG နှင့် ဒီမိုကရက်တစ် အင်အားစုများဘက်တွင် မရပ်တည်ပါက အခြေအနေများကို တန်ပြန်ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
စစ်အာဏာရှင်များနှင့် တရုတ်နိုင်ငံ၏ အာဏာရှင်ဆန်သော သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ထိရောက်သော နည်းလမ်းမှာ ဒီမိုကရေစီလိုလားသော အုပ်စုများကို ပံ့ပိုးရန်နှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေး ဦးတည်ကြိုးပမ်း လုပ်ဆောင်သူများနှင့် မိတ်ဖွဲ့ရန်ဖြစ်သည်။ ယင်းသည် အိန္ဒိယနိုင်ငံ၏ ဘက်စုံဘက်ညီသော၊ ကဏ္ဍပေါင်းစုံနှင့် ခိုင်မာသော နိုင်ငံခြားရေးမူဝါဒအတွက် ပံ့ပိုးပေးလိမ့်မည်။
ထို့ကြောင့် အိန္ဒိယသည် NUG ကိုယ်စားလှယ်များ၊ တိုင်ရင်းသား ERO များနှင့် ညှိနှိုင်းပူးပေါင်းကာ ပေါ်ပေါက်လာသော ဒေသန္တရအုပ်ချုပ်ရေး အစပျိုးမှုများကို ပံ့ပိုးခြင်းဖြင့် မြန်မာနိုင်ငံတွင် ထိရောက်သော မိတ်ဖက်များကို ချဲ့ထွင်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာပုံရိပ်ကို မြှင့်တင်ပေးရုံသာမက ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကိုလည်း အားကောင်းစေမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အုပ်ချုပ်ရေးအား နည်းလာပြီး ပြိုပျက်နေသော နာမည်ပျက်စစ်အုပ်စုကို အပြည့်အဝ ကူညီပေးနေခြင်းထက် ရေရှည်တွင် အိန္ဒိယအတွက် ပိုမို အလားအလာကောင်းသော ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်ဆံရေးတည်ဆောက်နိုင်မှု ဖြစ်လာစေသည်။
မြန်မာအသိုက်အဝန်းတွင် သာမက စုံလင်ကွဲပြားစွာ တည်ရှိနေထိုင်လျက်ရှိသော ပြည်ပရောက် အိန္ဒိယလူမျိုးများအတွင်းတွင်လည်း အိန္ဒိယ၏ ပုံရိပ် ကျဆင်းလျက်ရှိသည်ကို အိန္ဒိယ၏ မူဝါဒချမှတ်သူများနှင့် အကြံပေးပုဂ္ဂိုလ်များသည် သတိပြုသင့်ပေသည်။ ထိုသို့ဖြစ်နေခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် နောက်ပြန်လှည့်ရန် လိုအပ်နေပြီဖြစ်သည်။ အိန္ဒိယသည် ၎င်း၏သြဇာလွှမ်းမိုးမှုနယ်ပယ်ကို ချဲ့ထွင်ရန် တရုတ်နိုင်ငံနှင့် ပြိုင်ဆိုင်နေချိန်တွင်မှာပင် အိန္ဒိယသည် မြန်မာနိုင်ငံပြည်သူများအတွက် “ဒုတိယ တရုတ်နိုင်ငံ” အဖြစ် မဖြစ်သွားစေလိုပါ။
မြန်မာအသိုက်အဝန်းတွင် သာမက စုံလင်ကွဲပြားစွာ တည်ရှိနေထိုင်လျက်ရှိသော ပြည်ပရောက် အိန္ဒိယလူမျိုးများအတွင်းတွင်လည်း အိန္ဒိယ၏ပုံရိပ် ကျဆင်းလျက်ရှိသည်ကို အိန္ဒိယ၏မူဝါဒချမှတ်သူများနှင့် အကြံပေးပုဂ္ဂိုလ်များသည် သတိပြုသင့်ပေသည်။
အိန္ဒိယရှိ မူဝါဒချမှတ်သူများနှင့် လေ့လာသုံးသပ်သူများအနေဖြင့် မြန်မာနိုင်ငံသည် ယခင်နှင့်မတူဘဲ ယခုကာလတွင် အကြီးအကျယ် ပြောင်းလဲနေသည်ကို နားလည်သင့်ပါသည်။ အာဏာသိမ်းမှုမတိုင်မီ ဆယ်နှစ်တာကာလအတွင်း လွတ်လပ်မှုအတိုင်းအတာအရ အကန့်အသတ်များ ရှိခဲ့သော်လည်း မြန်မာ့ လူ့အဖွဲ့အစည်းသည် နိုးကြားလာခဲ့သည်။ ရွေးကောက်ပွဲရလဒ်နှစ်ခုအရ မြန်မာ့လူ့အဖွဲ့အစည်းသည် ခိုင်မာသော ဒီမိုကရေစီနည်းကျ ပူးပေါင်းပါဝင်မှုနှင့် ယူနီဖောင်းဝတ် အာဏာရှင်များကို ဖယ်ထုတ်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားကြောင်း ရှင်းလင်းစွာ သက်သေပြခဲ့ကြပြီးဖြစ်သည်။
မြန်မာ့လူမှုအသိုင်းအဝန်းသည် နိုးကြားတက်ကြွသော၊ စိတ်ဓာတ်ကြံ့ခိုင်သော အသိုက်အဝန်းတခု ဖြစ်ပြီး စစ်အုပ်စု၏ နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ကိုင်မှုများအောက်တွင် ဆက်လက် တော်လှန်လှုပ်ရှားနိုင်သော ကျွမ်းကျင်မှုများ၊ စိတ်ဓာတ်မာကြောမှုများနှင့် ခံနိုင်ရည်စွမ်းအား မြင့်မားလျက်ရှိနေကြသည်။
မြန်မာပြည်သူတို့အနေဖြင့် အိန္ဒိယကို တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့်အတူ အာဏာရှင်စစ်အုပ်စုကို တရားဝင်မှုရအောင် ကူညီပေးနေသည့်၊ မြန်မာပြည်သူများကို နှိပ်ကွပ်ရာတွင် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံအဖြစ် တွေ့မြင်နေသည်။ အိန္ဒိယ၏ ထုတ်ပြန်ချက်များသည် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ဆောင်ရွက်လိုသော စကားလုံးများ ပါဝင်သော်လည်း လုပ်ဆောင်ချက်များသည် စစ်အုပ်စုကိုသာ ပိုမိုအကျိုးအမြတ်ထွက်စေသည်။
ဤသည်မှာ မြန်မာ့လူမှုအသိုင်းအဝန်းတွင်သာမက များပြားစွာရှိနေသော ပြည်ပရောက် အိန္ဒိယလူမျိုးများ၏ စိတ်ထဲတွင် မခံမရပ်နိုင်လောက်အောင် ဒေါသဖြစ်စရာကောင်းသည့် ကိစ္စဖြစ်သည်။ သာမန်အခြေအနေတွင် ထိုအနေအထားများကို ဖုံးဖိထားနိုင်သော်လည်း ပြီးခဲ့သည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အစည်းအဝေးကဲ့သို့ ဖြစ်ရပ်များရှိပါက ထိုဒေါသများသည်လျင်မြန်စွာ ပေါက်ကွဲထွက်လာမည် ဖြစ်သည်။
မင်းအောင်လှိုင်အား “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ” အဖြစ် ထိပ်တန်းအစည်းအဝေးများသို့ ဖိတ်ကြားခြင်းသည် မြန်မာပြည်သူလူထုက အိန္ဒိယနိုင်ငံအပေါ် အမျက်ဒေါသထွက်စေမည့် စော်ကားမှုများကိုသာ တိုးပွားစေမည်ဖြစ်ကာ အိန္ဒိယ၏ပုံရိပ်နှင့် ကောင်းမွန်သောဆန္ဒကို သိသိသာသာ ကျဆင်းစေလိမ့်မည် ဖြစ်သည်။
You may also like these stories:
အိန္ဒိယ ကုန်သွယ်ရေး ရူပီး သုံးမည်
ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်
သံတမန်ရေးလှုပ်ရမ်းမှု များနေချိန် အိန္ဒိယက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပ
နိုင်ငံသား ၃ ဦး အသတ်ခံရပြီးနောက် နယ်စပ်ဂိတ်ပေါက်ငယ်များ အိန္ဒိယပိတ်ထား
မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ
အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်