ပြည်မြို့ အင်တိုင်းတောအုပ်လေးထဲမှာ မကြာခင်ဖွင့်လှစ်တော့မယ့် တောကျောင်းလေးမှာ စာသင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေကို သဘာဝပတ်ဝန်းကျင်၊ သစ်တောနဲ့ သက်ဆိုင်တဲ့၏သင်တန်း စတင်ပို့ချပေးနေပါပြီ။
တောကျောင်းလေးဖွင့်ရတဲ့ ရည်ရွယ်ချက်က ကလေးငယ်တွေ သစ်ပင်တောအုပ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ခံစားပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတန်ဖိုးထားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ဖို့ကြိုးစားခဲ့တာလို့ ကျောင်းတည်ထောင်သူ ဦးခင်မောင်ဆန်းက ဧရာဝတီကိုပြောပါတယ်။
တောကျောင်းလေးကို ပြည်မြို့ နဝဒေးရပ်ကွက် စက်မှုဇုန် ၂ နဲ့ မျက်နှာချင်းဆိုင်က အောင်မြင်ဗာဟုတောင်တန်းနဲ့ ထိစပ်နေတဲ့ အင်တိုင်းတောလေးထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဧက၂၀ ကျယ်ဝန်းပါတယ်။ မူကြိုအရွယ်ကလေးငယ်တွေအတွက် အဓိကရည်ရွယ်ထားပြီး ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ တက်ရောက်နိုင်တဲ့ အသက်အရွယ်တွေကတော့ ၁ နှစ်ခွဲကနေ ၂ နှစ်ခွဲအထိ တပတ်မှာ ၄ ရက်၊ တရက်မှာ ၁ နာရီ မိဘတွေနဲ့အတူ တောကျောင်းလေးမှာ တက်ရောက်နိုင်သလို၊ ၃ နှစ်ကနေ ၆ နှစ်အထိ မူကြို ကလေးတွေကိုတော့ တပတ်မှာ ၄ ရက် မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
စာသင်ကျောင်းတွေလို သင်ကြားနေရတဲ့ ပုံစံကနေခွဲထွက်ပြီး သဘာဝသစ်တောသစ်ပင်တွေအောက်မှာ လွတ်လွပ်စွာသင်ကြားခြင်း၊ သစ်ပင်ပန်းမန်တွေနဲ့ သဘာဝအတိုင်း နေထိုင်နေတဲ့ လိပ်ပြာ၊ အင်းဆက်ပိုးကောင်တွေအကြောင်းကို လက်တွေ့ရှာဖွေလေ့လာရင်း သဘာဝပတ်ဝန်းကျင်အကြောင်း ကောင်းမွန်စွာ သဘောပေါက်လာစေမယ့် သင်ကြားမှု ပုံစံမျိုးဖြစ်ပါတယ်။
အခုလို တောအုပ်အတွင်း ဖွင့်လှစ်ထားတဲ့ တောကျောင်းဟာ မြန်မာနိုင်ငံအတွင်း အပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။