မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိနယ်မြေရှိ ဗြဟ္မစိုရ်ထွန်းဆေးခန်းမှ ဒေါက်တာအေးဇော်ထွန်းသည် သားဖြစ်သူ စသုတမွန် (၃ နှစ်ခွဲ)နှင့် အတူ ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းက ဧရာဝတီစားသောက်ဆိုင်တွင် မိတ်ဆွေ ၃ ဦးနှင့် သွားရောက်တွေဆုံပြီးနောက် နေအိမ်သို့ ပြန်လာရာလမ်းတွင် ပျောက်သွားခဲ့သည်မှာ ၇ ရက်ကြာပြီ ဖြစ်သော်လည်း တိကျသေချာသော သတင်းအစအန မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။
ထိုနေ့ည ၈ နာရီခွဲဆေးခန်းပိတ်ချိန် ဒေါက်တာအေးဇော်ထွန်းသည် သားဖြစ်သူကို ခေါ်၍ ရန်ကုန်မှ ရောက်လာသည့် မိတ်ဆွေ ၂ ဦး ၊ မော်လမြိုင်မှ မိတ်ဆွေ ၁ ဦးတို့နှင့်အတူ ဧရာဝတီစားသောက်ဆိုင်တွင် စားသောက်ပြီးနောက် ည ၁၀ နာရီခွဲမှာ အိမ်ပြန်ခဲ့ကြောင်း သိရသည်။
ဒေါက်တာအေးဇော်ထွန်းနှင့် ရန်ကုန်ရောက်ရှိနေသည့် ၎င်းဇနီးတို့မှာ ည ၈ နာရီခွဲတွင် တကြိမ်၊ ည ၉ နာရီ ၂၂ မိနစ်တွင် တကြိမ် အဆက်အသွယ်ရခဲ့သေးသည်ဟု သိရသည်။ ည ၁၁ နာရီတွင် ဇနီးဖြစ်သူမှ ဖုန်းခေါ်သော်လည်း ပြန်မကိုင်တော့ဘဲ အဆက်အသွယ် ပြတ်သွားခဲ့ပြီး ည ၁ နာရီအချိန်တွင် ဖုန်းပိတ်ထားကြောင်း ဇနီးဖြစ်သူက ပြောသည်။
အဆိုပါ စားသောက်ဆိုင်မှ ပြန်ရာ လမ်းတစ်လျှောက် CCTV မှတ်တမ်းများတွင် ၁၀ နာရီ ၅၀မိနစ် အထိ ၎င်း၏ကားကို လမ်းပေါ်တွင်တွေ့ရှိရပြီးနောက် ပျောက်ဆုံးနေသည်မှာ ယနေ့ အချိန်ထိဖြစ်သည်။
ရိုက်ကူး/ တည်းဖြတ်- ဉာဏ်စိုးဝင်း