ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်ညီနောင်ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှာ တည်ထားတဲ့ သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအတွင်းမှာ ရှိနေကြတဲ့ သက်ကြီးရွယ်အိုတွေထဲက ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိထားတယ်လို့ ကူညီစောင့်ရှောက်ပေးနေသူတွေကပြောပါတယ်။
တော်လှန်ရေးတပ်တွေဟာ သင်္ဃန်းညီနောင်မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ အပေါ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်မှုမှာ ဗုံးတလုံးက ဆေးကုသနေတဲ့ လူနာဆောင်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် သေဆုံး ဒဏ်ရာရခဲ့တာဖြစ်ပြီး နောက်တလုံးကတော့ သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ပြီး အဆောက်အဦး ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။
ဗုံးထိမှန်ခဲ့တဲ့ လူနာဆောင်မှာ လူနာ ၃၁ ဦး ဆေးကုသနေပြီး သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းမှာတော့ အဖိုး အဖွားတွေနဲ့ ခိုကိုးရာမဲ့ လူ ၁၈၀ ကျော် ရှိပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ သဘာဝတရားရိပ်သာမှာ ကျန်ရှိနေသေးတဲ့ အဘိုးအဖွားတွေကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ကြိုးစားနေကြပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲအပြင်း အထန်း ဖြစ်ပွားနေတာ ၂၀၂၃ ဒီဇင်ဘာလကတည်းကဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာ ကော့ကရိတ်မြို့ကို ၆၀ ရာခိုင်နှုန်း ထိန်းချုပ် ထားသလို ထိုင်း-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေးလမ်းမကြီး ဖြစ်တဲ့ အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်ထားပါတယ်။
လက်ရှိအချိန်မှာ ကော့ကရိတ်မြို့ပေါ်မှာ တပ်စခန်း ၂ ခုသာ ကျန်တော့သလို မြဝတီမြို့ပေါ်မှာရှိနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာလည်း စခန်း အပြင် မထွက်ရဲတော့တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။