ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ စက်တင်ဘာ ၂၂ ရက်က စတင်ပြီး ၂၆ ရက်အထိ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ဖို့ ဒီအဆင့်ဟာ အရေးပါပြီး ဒီဆွေးနွေးပွဲကနေ သဘောတူညီချက် တွေ ရနိုင်မလား ဆိုတာကို နှစ်ဘက်ခေါင်းဆောင်တွေ အာမခံချက်ပေးဖို့ ခက်ခဲပါလိမ့်မယ်။
ဘာကြောင့်လဲ ဆိုပါက ဒီအဆင့် ဆွေးနွေးမယ့် အချက်တွေထဲမှာ အစိုးရဘက်က လိုက်လျောဖို့ တွန့်ဆုတ်နေတဲ့ အဓိက အချက် တွေကို ဆွေးနွေးကြမှာ ဖြစ်နေလို့ပါပဲ။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က ကရင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ လော်ခီးလာ ညီလာခံ ပြီးကတည်းက တင်ပြလာတဲ့ အရေးအကြီးဆုံး အချက်တခု ရှိပါတယ်။
အဲဒီအချက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် စာချုပ် ချုပ်ပြီးပြီးချင်းမှာ မဖြစ်မနေဖွဲ့စည်း လုပ်ဆောင် ရမယ့်“ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင် ကော်မတီ” ဖွဲ့ရမယ်ဆိုပြီး တင်ပြထားတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီကော်မတီကို မဖြစ်မနေဖွဲ့ဖို့ လိုအပ်နေတာက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ပြီးရင် NCCT မှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအတွက် အဲဒီစာချုပ်ဟာ အပေါ်ယံ အပစ်အခတ် ရပ်စဲရေး စာချုပ် မျိုး မဟုတ်ဘဲ စာချုပ်ထဲမှာပါတဲ့ နှစ်ဘက် သဘောတူညီချက်တွေကို ခိုင်မာတဲ့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဖြစ်နေလို့ပါ။
NCCT ဘက်က တောင်းဆိုနေတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင် ကော်မတီ” ဖွဲ့ဖို့ကို အစိုးရက သဘောမတူပါဘူး။ ဒါဟာ တိုင်းရင်းသားတွေ အတွက် လာမယ့် ဆွေးနွေးပွဲမှာ အကြိတ်အနယ် ဆွေးနွေးရမယ့် အဓိက အချက်တခု ဖြစ်နေပါတယ်။
NCCT ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က“ဒီအချက်က ကျနော်တို့အတွက် အလွန်အရေးကြီး ပါတယ်။ သဘောတူညီမှု ရတဲ့အထိ ကျနော် တို့ ဆွေးနွေးရမယ့် အချက် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှာ သြဂုတ် လလယ်ပိုင်းက ကျင်းပတဲ့ NCCT နဲ့ UPWC တို့ ဆွေးနွေးပွဲမှာ ဒီအချက်ကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေဆီက သိရပါတယ်။
အစိုးရဘက်က ဒီအချက် အပေါ်မှာ “ပူးတွဲလည်း မလိုချင်ဘူး။ ဦးဆောင်လည်း မလိုချင်ဘူး” ဆိုခဲ့ပြီး အဲဒီ ဆွေးနွေးပွဲမှာပဲ ယာယီ အားဖြင့်“ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ကော်မတီ” ဖွဲ့မယ်ဆိုပြီး ယာယီ သဘောတူခဲ့ကြပါတယ်။
ယာယီ သဘောတူလိုက်ကြတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ကော်မတီ” က ဘာဖြစ်မလဲ။ ဘာတာဝန် ရှိမလဲ။ ဘာလုပ်ပိုင်ခွင့်တွေ ရှိတယ် ဆိုတာကို တိုင်းရင်းသား ခေါင်းဆောင်တွေလည်း သေသေချာချာ သိကြတာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒါတွေကို ပြန်ပြီး ဆွေးနွေးကြမယ်လို့ သိရပါတယ်။
တိုင်းရင်းသားတွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ပြုလုပ်ပြီးတဲ့နောက်ပိုင်း စနစ်မကျ၊ အာမခံချက် မရှိဘဲ ဖရိုဖရဲနဲ့ ပြီးဆုံးသွားမှာကို စိုးရိမ်နေကြပါတယ်။
NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ သော်လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကိစ္စမှာ သော်လည်းကောင်း အဲဒီလို ပူးတွဲ ဦးဆောင်ရမယ့် ကော်မတီ မရှိဘဲနဲ့ ကျနော်တို့ အလုပ်လုပ်လို့ မရဘူး” လို့ ဆိုပါတယ်။
တိုင်းရင်းသားတွေ တင်ပြထားတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲ ဦးဆောင်ကော်မတီ”မှာ အစိုးရဘက်က သမ္မတ အဆင့်ပါတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်တွေ ပါဝင်သလို တိုင်းရင်းသားတွေဘက်က သူတို့သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ ပါဝင်မယ်လို့ သိရပါတယ်။
လက်ရှိ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ မှာ သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌဖြစ်ပြီး ဒု သမ္မတတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီးတွေလည်း ပါဝင်ပါတယ်။
အစိုးရဘက်က တိုင်းရင်းသားတွေ တင်ပြထားတဲ့ ဒီကော်မတီနဲ့ ပတ်သက်ပြီး သဘောမတူရတဲ့ အကြောင်းရင်းကို တိတိကျကျ ထုတ်ဖော် ရှင်းလင်းတာ မရှိသေးပါဘူး။ ဒီအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင် တချို့က သူတို့ကို အစိုးရက တန်းတူရေးနဲ့ ပတ်သက်ပြီး အဆင့်အတန်း ခွဲထားတယ်လို့ မြင်တာတွေလည်း ရှိနေပါတယ်။
“သူတို့က အဲဒီ ဦးဆောင် ကော်မတီဖွဲ့ဖို့ မလိုလားတဲ့ သဘောက သမ္မတကို ကျနော်တို့နဲ့ တတန်းတည်း မထားချင်ဘူး။ အဲဒါက တန်းတူရေးကို သူတို့ လက်မခံတဲ့ သဘောပေါ့။ အဲဒီကိစ္စက ကျနော်တို့ အများကြီး ထပ်ဆွေးနွေးဖို့ လိုတယ်။ ဒီတိုင်းပြည်ရဲ့ အနှစ်ခြောက်ဆယ် ပြဿနာကို ဖြေရှင်းချင်တယ် ဆိုရင် ဒီလိုအရေးကြီးတဲ့ ခေါင်းကနေ ဦးဆောင်မယ့် ဘော်ဒီ မရှိဘဲနဲ့ ကျနော်တို့ အလုပ် လုပ်လို့ မရဘူး။ သူတို့ဘက်က အလေးအနက် စဉ်းစားဖို့ လိုတယ်”ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောပါတယ်။
“ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင် ကော်မတီ” ဖွဲ့စည်းရေးဟာ အစိုးရနဲ့ NCCT တို့ အကြားမှာ တစ်ဆို့မှု ရှိနေတဲ့ အဓိကအချက် တချက် ဖြစ်သလို အပစ်အခတ် ရပ်စဲပြီး ကြားကာလမှာ တိုင်းရင်းသား တပ်ဖွဲ့တွေ အနေနဲ့ နဂိုမူလအတိုင်း ပိုနေမြဲ၊ ကျားနေမြဲ ဆက်လက် နေထိုင်သွားနိုင်ဖို့ဟာလည်း အဓိက ဆွေးနွေးရမယ့် အချက်ထဲမှာ ပါဝင်နေပါတယ်။
အဲဒါတွေအပြင် နိုင်ငံရေး ဆွေးနွေးမှု အဆင့်မှာ အစိုးရဘက်က တောင်းဆို ထားတာက ၅ ပွင့်ဆိုင် ပါဝင်ရေး၊ တိုင်းရင်းသားတွေဘက်က သုံးပွင့်ဆိုင် ပါဝင်ရေး ကိစ္စတွေကလည်း သဘောတူညီမှု မရသေးပါဘူး။
တိုင်းရင်းသားတွေ တောင်းဆိုထားတဲ့ သုံးပွင့်ဆိုင် ပါဝင်ရေးမှာ အစိုးရဘက်က အစိုးရအဖွဲ့၊ တပ်မတော်၊ လွှတ်တော် ရယ်၊ နိုင်ငံရေး ပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေရယ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုရယ် ဆိုပြီး သုံးပွင့်ဆိုင် တင်ပြထားတယ်လို့ သိရပါတယ်။
တိုင်းရင်းသားတွေ အဓိကတောင်းဆိုနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင် စု တည်ဆောက်ရေးဆိုတဲ့ နေရာမှာ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကို တပ်မတော်ဘက်က သဘောမတွေ့ဘူး ဖြစ်နေတယ် လို့ သိရပါတယ်။
တိုင်းရင်းသားတွေဘက်က ထည့်သွင်း တောင်းဆိုထားတဲ့ လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို တပ်မတော်ဘက်က မကြိုက်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီတကြိမ် ဆွေးနွေးရမယ့် အချက်တွေထဲမှာ တပ်နေရာ ချထားရေးကိစ္စ၊ တပ်သားသစ် မစုဆောင်းရေးကိစ္စ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာမှာ ဘယ်အဖွဲ့တွေက လက်မှတ်ထိုးကြမလဲ၊ ထိုးတဲ့အခါမှာရော သက်သေတွေက ဘယ်သူ တွေ ဖြစ်မလဲဆိုတာက အကြိတ်အနယ် ညှိနှိုင်းကြရမယ့် အခြေအနေ ရှိနေပါတယ်။
ဒီအချက်တွေဟာ အရင်ဆွေးနွေးပွဲတွေမှာ နှစ်ဘက်သဘောတူရေး ဆွေးနွေးဆုံးဖြတ်ဖို့ အခက်အခဲတွေ ဖြစ်နေတာကြောင့် ကျန် နေခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတကြိမ် ဆွေးနွေးပွဲဟာ အရင်ဆွေးနွေးခဲ့ကြတဲ့ ပွဲတွေထက် အခက်အခဲတွေ ရှိနိုင်ပါတယ်။
လိုင်ဇာညီလာခံမှာ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အရ အခုဆွေးနွေးနေကြတဲ့ အချက်တွေထဲက တချက်ကျန်ခဲ့ပါက လက်မှတ်မထိုးဘူးဆိုတဲ့ သဘောတူညီချက်လည်း ရှိထားတဲ့အတွက် တချက်ကျန်ခဲ့တာနဲ့ လက်မှတ် ထိုးဖြစ်မှာ မဟုတ်ဘူးလို့ NCCT ခေါင်းဆောင် တချို့က ပြောပါတယ်။
အစိုးရဘက်က “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင် ကော်မတီ”ဖွဲ့စည်းရေး ကိစ္စမှာ သမ္မတ၊ ကာချုပ်လို ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တတန်းတည်း မထားလိုတဲ့ တန်းတူရေး ကန့်သတ်ချက်တွေ ရှိနေတယ် ဆို တဲ့ အသံတွေကလည်း တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။
ပူးတွဲဦးဆောင် ကော်မတီ ဖွဲ့စည်းရေး ကိစ္စကို အစိုးရ အနေနဲ့ လက်တွန့်နေမှု အပေါ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို“အပြ သက်သက် လိုချင်တာလား၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို လိုချင်တာလား” ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
ဦးခင်ညွှန့် လက်ထက်တုန်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တော်တော်များများနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ အတွက် နိုင်ငံရေးအရ ခိုင်မာတဲ့ ရပ်တည်နိုင်မှုတွေ မပါတဲ့ အဲဒီ အပစ်အခတ် ရပ်စဲရေး လည်း ပျက်စီးခဲ့ပါတယ်။
ဒီနှစ် အောက်တိုဘာလထဲမှာ တိုင်းရင်းသားတွေနဲ့ အစိုးရတို့ အကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်လိမ့် မယ် လို့ ဝန်ကြီးဦးအောင်မင်းက ပြောဆိုထားတဲ့ အပေါ် တိုင်းရင်းသား ခေါင်းဆောင်တွေက ဆွေးနွေးမှု အကြားမှာ တစ်ဆို့နေ တာတွေကို ညှိနှိုင်း သဘောတူညီချက်တွေ ရနိုင်မယ် ဆိုပါက ၂၀၁၅ ခုနှစ် အတွင်းမှာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီပြောဆိုချက်အပေါ် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “အခုတစ်ဆို့နေတဲ့ဟာတွေ အားလုံးက သူတို့ (အစိုးရ) တင်ပြ တာကို ကျနော်တို့က လက်မခံလို့ တစ်ဆို့နေတာ မရှိဘူး။ ကျနော်တို့ တင်ပြတဲ့ဟာကို သူတို့ (အစိုးရ) လက်မခံလို့ တစ်ဆို့နေတာပဲ ရှိတယ်”လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။ ။