နှစ်ပေါင်းများစွာကြာအောင် အမြစ်တွယ်လျက်ရှိသည့် ပြည်တွင်းစစ် အပြီးသတ်နိုင်ရေး အစိုးရ၏ အဖြေရှာမှုများက တိုင်းရင်းသားများကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသည့် နိုင်ငံရေး အာမခံချက် မပေးနိုင်လျှင် ငြိမ်းချမ်းရေး အာမခံချက် ရရှိမည် မဟုတ်ချေ။ ယခုတ ကြိမ်တွင်လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတခုကို အပစ်ခတ် ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေး ပါတီများနှင့် အခြား ပါဝင်သင့်သူများက ဆွေးနွေးလျက်ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာပြီ ဖြစ်သဖြင့် ယခုညီလာခံက တိုင်းပြည် ငြိမ်း ချမ်းရေးအတွက် မည်မျှ အကျိုးပြုနိုင်မည်ကို နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဧရာဝတီ သတင်းထောက်များ ဖြစ်သည့် နန်းလွင် နှင်းပွင့်၊ နန်းဆိုင်နွမ်နှင့် ထွန်းထွန်းတို့က ဆက်သွယ် မေးမြန်းထားပါသည်။
ဦးရောဘတ်ဆန်းအောင် (တရားလွှတ်တော် ရှေ့နေ)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရသစ်ဖွဲ့ဖို့ နီးကပ်လာချိန်မှာ ဒီလို ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံ ကျင်းပနိုင်တာက ကောင်းတဲ့ လက္ခဏာပါ။ သူ့အနေနဲ့လည်း ဒုတိယပင်လုံ စာချုပ်ဆိုတာမျိုးကို အောင်မြင်အောင် လုပ် ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုအချိန်မှာ ညီလာခံကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကုန် မပါဝင်နိုင်သေးတာက တော့ ပြောစရာ ရှိတာပေါ့။ နောက်အစိုးရသစ်လက်ထက်မှာတော့ အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်ကြမယ့်လို့လည်း မျှော်လင့်ပါ တယ်။ ကျနော်အနေနဲ့ ပြောချင်တာကတော့ ငြိမ်းချမ်းရေးလက်မှတ်တွေ မထိုးရသေးရင်တောင် အပစ်အခတ်တွေကို အရင်ရပ်ပေးကြ ပါ။ အပစ်အခတ်တွေ မရပ်သရွေ့ကတော့ နှစ်ဘက် သဘောတူညီချက်တွေက စာရွက်ပေါ်က စကားလုံးတွေအဆင့်ပဲ ဖြစ်နေမှာပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ အရင်ဆုံး အပစ်အခတ်တွေ ရပ်ထားဖို့ လိုပါတယ်။
ဦးစိုင်းလိတ် (ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(SNLD))
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ရည်ရွယ်ပြီး လုပ်တယ် ဆိုပေမယ့် သူတို့အခင်းအကျင်းနဲ့ လုပ်နေတာတွေကို ကြည့်ရင် ဘယ်လိုမှ စိတ်ချယုံကြည်စရာ မရှိပါဘူး။ ဖက်ဒရယ်ကို အဓိကတောင်းဆိုနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကိုယ်တိုင် အနည်းစုပဲ ပါတယ်။ နောက်အစိုးရသစ်ဖွဲ့မယ့် NLD ကိုယ်တိုင်လည်း အစုအဖွဲ့အသေးလေးထဲမှာပဲ ပါဝင်ခွင့်ရတယ်။ NCA မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်ကလည်း ၁၃ ဖွဲ့ ကျန်နေသေးတယ်။ သူတို့လည်း လေ့လာသူအဖြစ်လောက်ပဲ ဖိတ်ကြားခံရတော့ အားလုံး နီးပါးက လာမတက်ကြဘူး။ ဒီလို အဓိက တောင်းဆိုနေတဲ့ တိုင်းရင်းသားတွေမပါဘဲနဲ့ တပ်မတော်ကပဲ ကြီးစိုးနေတဲ့ ညီလာခံကြီးဟာ တိုင်းရင်းသားတွေ မျှော်လင့်တဲ့ အဓိပ္ပါယ်ပြည်ဝတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ရရှိလိမ့်မယ်လို့ ကျနော် မထင်ဘူး။
NLD အစိုးရအနေနဲ့ကတော့ ငြိမ်းချမ်းရေးကို တွန်းတွန်းတိုက်တိုက် လုပ်သွားဖို့ ရှိပါတယ်။ လုပ်မယ်လို့လည်း ယုံကြည်တယ်။ ဖြစ်မယ် မဖြစ်ဘူးဆိုတာတော့ တပ်မတော်အပေါ် အများကြီး မူတည်ပါလိမ့်မယ်။ NCA ရဲ့ နောက်ဆုံး ပြင်ဆင်ခြင်း အခန်းမှာ ၇၅ ရာခိုင်နှုန်း ထောက်ခံချက် ရှိရမယ်လို့ ပါပါတယ်။ ညီလာခံ အစုအဖွဲ့အရဦးရေ ၇၀၀ မှာ တပ်မတော် ၁၅၀ ယူထားပြီးသလို လွှတ်တော်ရဲ့ ရာခိုင်းနှုန်း ခွဲတမ်းအရလည်း တပ်မတော်သား ပါလာဦးမှာပါ။ ဖိတ်ကြားသင့်တဲ့ သူတွေထဲမှာလည်း လက်ရှိအစိုးရကသာ ဖိတ်တဲ့အတွက် တပ်မ တော်ရဲ့ လွှမ်းမိုးမှုတွေ ရှိဦးမှာပဲ။ တိုင်းရင်းသား ခေါင်းဆောင်ဆိုတာမှာလည်း သူတို့အလိုကျ လုပ်လာတဲ့သူတွေကို ဖိတ်မှာပါပဲ။ ဒါကို ကြည့်ရင် လူ ၂၀၀ လောက်ပါလာမယ့် တပ်မတော်ရဲ့ သဘောထားမပါရင် NCA ကို အခြေခံကျင်းပတဲ့ ညီလာခံမှာလည်း ဘာမှ လုပ်မ ရဘူးဆိုတာ တွေ့ရပါတယ်။ ဒီလိုအခြေခံတွေက အစအားလုံးကို သေသေချာချာ ပြန်လည် သုံးသပ်ပြီး ပြန်လုပ်မှသာ အားလုံး မျှော်လင့် တဲ့ဲ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ရရှိမှာ ဖြစ်ပါတယ်။
ဦးအေးသာအောင် (ရခိုင် အမျိုးသားပါတီ)
ပြည်ထောင်စု ညီလာခံ ဆိုတာကတော့ ကျနော်တို့ မျှော်လင့်ခဲ့တဲ့ ရည်မှန်းချက်တွေလည်း ထားခဲ့တယ်။ အထူးသဖြင့် ကျနော်တို့ မျှော် လင့်တာက မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေး ပြဿနာ။ အဲဒါက ပြည်တွင်းစစ်ရပ်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ဖက်ဒ ရယ် ပြည်ထောင်စု ထူထောင်ဖို့ဆိုတဲ့ အဓိကကျတဲ့ ပြသာနာကို ဖြေရှင်းတဲ့ နေရာမှာ ရွေးကောက်ပွဲရလဒ် တခုတည်းနဲ့ ဖြေရှင်းလို့ မရ နိုင်ဘူး။ အမျိုးသားညီလာခံ တနည်းအားဖြင့် ဖက်ဒရယ်ကဲ့သို့သော ညီလာခံတခု ကျင်းပပေးဖြေရှင်းမှ ရမယ်လို့ ကျနော်တို့ ယုံကြည် ခဲ့တယ်။ အဲတော့ ဖက်ဒရယ် ညီလာခံကျင်းပဖို့လည်း ကျနော်တို့ ပြောခဲ့တယ်။ ကျနော်တို့ ပြန်သုံးသပ်တဲ့အခါမှာ တကယ့် တကယ် ကျနော်တို့ မျှော်မှန်းတဲ့ ပြည်တွင်းစစ်ရပ်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တိုင်းရင်းသားများရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်မှုဆိုတဲ့ ရည်မှန်းချက်တွေကို တကယ့် တကယ် ဖော်ဆောင်ပေးနိုင်ပါ့မလားဆိုတာ သံသယ ဖြစ်စေပါတယ်။
ဘာကြောင့်လဲဆိုတော့ အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးဖို့ ကြိုးပမ်းတဲ့အခါမှာ ၈ဖွဲ့ပဲ လက်မှတ်ရေးထိုးတဲ့အခါ ၁၃ဖွဲ့က လက်မှတ် မရေးထိုးသေးဘူး။ တတိုင်းပြည်လုံး ပါဝင်ဖို့ ကြိုးပမ်းတဲ့အခါ ၈ဖွဲ့ပဲ ထိုးတယ်ဆိုတာ မဖြစ်သင့်ဘူး။ လက်မှတ်မထိုးတဲ့ အကြောင်းကလည်း ဟိုအဖွဲ့တွေ မခေါ် ဒီအဖွဲ့ကိုမဖိတ် အကန့်အသတ်တွေရှိတဲ့ အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်၂ ဖွဲ့ ကွဲသွားတယ်။ ရေရှည်တည်တံ့ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲ ရဖို့က အားလုံးပါဝင်ဖို့ လိုပါတယ်။ နိုင်ငံရေး မူဘောင် ရေးဆွဲတဲ့နေရာမှာ ၁၃ဖွဲ့က မပါသေးဘူး။ ဆွေးနွေးပွဲတွေမှာ NLD ပါတီကလည်း ထိထိရောက်ရောက် ပါဝင်ပြီးတော့ ပူးပေါင်းခဲ့တာ မတွေ့ရဘူး။ အစည်း အဝေးတွေတော့ တက်တယ်။ ထိရောက်တဲ့ ပါဝင်ပူးပေါင်းမှု အားနည်းတယ်။ မူဘောင်ရေးဆွဲတဲ့အခါမှာလည်း သူတို့ အပြောက နောက်လာမယ့် တိုင်းရင်းသားအဖွဲ့တွေ နောက်တက်လာမယ့် အစိုးရက ဆက်လုပ်နိုင်အောင် ရေးဆွဲထားမယ်လို့ ပြောထားတယ်။
နောက်အစိုးရတက်လာရင် ဘယ်လို ဘယ်ပုံစံနဲ့ လုပ်မလဲ ဘယ်တော့လုပ်မလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ နောက်အစိုးရ တက်ရင် ဒီညီလာခံမှာ တက်နေတဲ့ အစိုးရ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်များထဲကလည်း အပြောင်းအလဲ ရှိမယ်။ ဒါတွေကလည်း ညီလာခံတခုရဲ့ ပြီးပြည့်စုံတဲ့ အနေအထား မဟုတ်ဘူး။
အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များလည်း ဆွေးနွေးပြီးတော့ ညှိနှိုင်းပြီးတော့ တိုင်းရင်းသား ပြသာနာ တိုင်းရင်းသား လူမျိုး များရဲ့ နိုင်ငံရေးတန်းတူ အခွင့်အရေးရရှိရေး၊ တိုင်းရင်းသားလူမျိုးဆိုင်ရာ အခွင့်အရေး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့ ဖက်ဒ ရယ် ပြည်ထောင်စု ဖော်ဆောင်ဖို့ ဆိုတာသည် ပြည်တွင်းစစ်ရပ်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့များနဲ့ ဆက်စပ်နေပါတယ်။ အဲဒီ ကိစ္စများကို ဒီညီလာခံက တစုံတရာ ဆုံးဖြတ်တာ အဖြေထွက်တာ မရှိဘူးဆိုရင် ဒီညီလာခံရဲ့ တန်ဖိုး အနှစ်သာရ ဘယ်လိုများ ရှိမှာလဲ။
နော်စီဖိုးရာစိန် (ကရင်အမျိုးသားအစည်းအရုံး/KNU)
ညီလာခံကြီးက ဆုံးဖြတ်ချတဲ့ နေရာမှာ ပြည့်စုံတဲ့ ဆုံးဖြတ်ချက်ချနိုင်မှာ မဟုတ်ဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက ပြည့်စုံတဲ့ ညီလာခံ တရပ်လည်း မဖြစ်ဘူး။ တိုင်းရင်းသားအဖွဲ့ အားလုံး ပါဝင်မှု မရှိဘူး။ နောက်တက်လာမယ့် အစိုးရသစ်ရဲ့ ကိုယ်စားလှယ်လည်း မပါဝင်ဘူး။ NLD ပါတီက ကိုယ်စားလှယ် ပါပေမယ့် သူတို့က နိုင်ငံရေးပါတီအစု အဖွဲ့ထဲမှာပါ။ အစိုးရသစ်ဆိုတဲ့ အစုအဖွဲ့သက်သက် မပါတာကို ပြောတာပါ။ အစိုးရသစ်က ဒီကိစ္စတွေ အကုန်လုံးကို ဆက်လုပ်ရမှာ ဒါကြောင့် အစိုးရသစ်ဆိုတဲ့ အစုအဖွဲ့တခု ပါဖို့လိုတယ်။ ညီလာခံမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေက ကြီးတယ်။ ခေါင်းစဉ်တွေ အများကြီး ရှိတယ်။ ကျမတို့က အားလုံး သက်ဆိုင်ရာ ကိုယ်စား လှယ်တွေပါမှ ဆုံးဖြတ် ဆွေးနွေးနိုင်မှာလေ။ အခုက အားလုံး မပါနိုင်တော့ ဆွေးနွေးနိုင်မှာ မဟုတ်ဘူး။
ဒါက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေလေ။ ဖက်ဒရယ်ဆိုတာလည်း ဆွေးနွေးရမှာ အများကြီးပဲ။ အဆင့်ဆင့်မှာလည်း ဆွေးနွေးရမှာ။ ဒီမှာပဲ ဆွေးနွေးပြီး ချထားရင် ပြည့်စုံမှာ မဟုတ်ဘူး။ ဆွေးနွေးတဲ့ အပေါ်မှာ ဆုံးဖြတ်ချက်ထားလို့ မဖြစ်နိုင်ဘူး။ နောက်တခုက အဆင့် ဆင့်မှာ ဆွေးနွေးရမှာဖြစ်တယ်။ ပြည်ထောင်စု ညီလာခံကြီးမှာပဲ ဆွေးနွွေးမယ်ဆို အောက်ခြေတွေမှာ ရှုပ်ထွေးလာနိုင်ပါတယ်။ ဆုံးဖြတ် ချက်တွေက ပိုခက်ခဲလာပါလိမ့်မယ်။
ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (ရကိ္ခုင့်တပ်မတော်)
တကယ် စုစည်းပြီး လုပ်နိုင်ရဲ့သားနဲ့ ဒါမျိုးလုပ်တာကတော့ ပြီးပြည့်စုံတဲ့ အဖြေတော့ ရလာမှာ မဟုတ်ဘူး။ ညီလာခံအပေါ် ဒီလို တိုတိုပဲ သုံးသပ်ချင်ပါတယ်။ ဟင်းကောင်းကောင်းတော့ ချက်ထားတယ်။ မိသားစု ဆုံအောင် မခေါ်ဘူး ဖြစ်နေတယ်။ ပြီးပြည့်စုံတဲ့ နိုင်ငံရေးမှာ သက်ဆိုင်သူတွေ မပါတော့ လုပ်တော့ လုပ်နေတယ် မပြည့်စုံဘူး။ တဝက်တပျက်နဲ့ ဖြစ်နေတော့ နောက်လာမယ့် အစိုးရမှာ ပြန်လုပ် ရမှာပဲ။ အခု ဦးသိန်းစိန်အစိုးရက အရမ်း ဆန္ဒစောသွားတယ်လို့ မြင်တယ်။ စိတ်ရှည်သင့်တဲ့ အနေအထားတွေမှာ ဒီထက်ကောင်းအောင် လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘူး။
အခု ငြိမ်းချမ်းရေး လုပ်နေတဲ့ အချိန်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်ဆိုတော့ သာမာန် အခြေအနေလို ပါတဲ့သူက ပါတယ်။ မပါ တဲ့သူက မပါဘူး ဆိုတဲ့ စကားက မလုံလောက်ပါဘူး။ တချို့ကို စစ်မတိုက်အောင် လုပ်ထားပြီးမှ တချို့ကို စစ်တိုက်အောင် လုပ်နေ တယ် ဆိုတာက နည်းနည်းတော့ မရိုးသားမှုတွေ ရှိနေမှာပါပဲ ။
ဗိုလ်မှူးချုပ် တားဂျုတ်ဂျာ (တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA)
အခု ညီလာခံကို ယုံကြည်မှုတော့ မရှိဘူး။ အားလုံး မပါဘူးလေ။ ပြောင်းလဲရေးကာလကို သူတို့က သီးသန့် လုပ်တယ်။ အပေါ်ယံပဲ။ တကယ် လက်တွေ့ကျကျ လုပ်နေတာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတောင် ပြင်ဖို့ ခဲယဉ်းနေတာ ဖက်ဒရယ်စနစ်ကို ဘယ်လိုသွားမလဲ။ ကျနော်တို့ ယုံကြည်ဖို့ ခက်နေပါတယ်။ ကျနော်တို့ကတော့ လာမယ့် အစိုးရသစ်ကိုပဲ မျှော်လင့်တယ်။ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်နိုင်ဖို့ကိုပဲ မျှော်လင့်တယ်။
ညီလာခံကို ကျနော်မြင်မိတာက အခုအစိုးရက သူတို့လက်ထဲမှာ ရနိုင်သလောက် လုပ်ထားချင်တယ်။ ဒါမှမဟုတ် ဒီလမ်းကြောင်းကို လုပ်မယ့် အစိုးရသစ်က နောက်ထပ်လုပ်ဖို့ ပြင်လို့ မရအောင် ပုံသေရိုက်ထားတာမျိုး လုပ်တာလဲ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ထိုးလိုက်တဲ့ အဖွဲ့ထဲမှာ တပ်က တချို့အဖွဲ့တွေမှာ မရှိသလောက်ပဲ။ ရှိတာက တပ်များတာ တဖွဲ့နှစ်ဖွဲ့လောက်ပဲ။ သူတို့(အစိုးရ) ပြောနေတဲ့ တပ်မ တော် တခုတည်းပဲ ရှိတယ်ဆိုတာ ကျနော်တို့ လက်ခံတာပဲ။ အဓိက,က တပ်မတော် တခုတည်း ရှိဖို့ဆိုတာက ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေ ခံ ဥပဒေထဲမှာ တူညီသော အခွင့်အရေး ခိုင်မာသော အာမခံပေးနေသော အခွင့်တွေရမှသာ ဒါတွေကို ဆက်သွားသင့်တယ် ထင်ပါ တယ်။ မရသေးဘဲ အဲဒါတွေ လုပ်နေရင် ရှေ့ဆက်ပြီး ကျနော်တို့ တိုင်းရင်းသား အခွင့်အရေးတွေ ဖော်ဆောင်ဖို့ အခက်အခဲတွေ ကျနော် တို့မှာ ရှိလာပါလိမ့်မယ်။ အဲဒီတာ သေချာမှ တပ်မတော်တခုတည်းဆိုတာ တချိန်ကျရင် ဖြစ်လာပါလိမ့်မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖက်ဒရယ်ပုံဖြစ်မှ ပိုကောင်းပါလိမ့်မယ်။ တပ်မတော်လည်း တိုင်းပြည်ရဲ့ အကျိုးကို မျှော်ကိုးမယ်ဆို လာမယ့် အစိုးရသစ်နဲ့ ကောင်း ကောင်းမွန်မွန် လက်တွဲမယ်လို့ ကျနော်တို့ မြင်ပါတယ်။
ဦးကျော်ဝမ်းစိန် – (နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ – ကပ်ပလန် (NSCN-K))
အခု လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေ အတွက်ကျတော့ သူတို့ရဲ့နိုင်ငံရေးနဲ့ ကိုက်ညီတဲ့ပုံစံနဲ့ သွားတော့ ကိုယ့် အတိုင်းအတာနဲ့ ကိုယ်ပေါ့။ သူတို့ ပြေလည်အောင်တော့ ဆောင်ရွက်သွားဖို့ လိုပါလိမ့်မယ်။ နိုင်ငံတခုထဲမှာ နေထိုင်ကြတဲ့ လူတွေဆိုတော့ လုပ်ရပ်တွေက နိုင်ငံ အ တွက်လည်း အကျိုးရှိရမယ်။ တိုင်းရင်းသားတွေ အတွက်လည်း အကျိုးရှိမယ့် ပုံစံနဲ့ပဲ လုပ်ရပါလိမ့်မယ်။ ပြဿနာတွေ တက်တယ်။ ဝေဖန်သံတွေ ရှိတယ်ဆိုတာလည်း ဒီကိစ္စတွေ ပါပါတယ်။ NSCN-K အနေနဲ့ အခု NCA မှာ ကျနော်တို့ လက်မှတ် မထိုးနိုင်ခဲ့ဘူး။ ဒါပေ မယ့် အစိုးရသစ် လက်ထက်မှာ မိမိရဲ့ နိုင်ငံရေးအခြေအနေအရ ရပ်တည်ပြီး ပြေလည်အောင် ပူးပေါင်းဆောင်ရွက်ဖို့ပဲ အစီအစဉ် ရှိပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့ပဲ ကျနော်တို့ ပါတီက သဘောထားရှိပါတယ်။
၅ နှစ်သက်တမ်းကာလမှာ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး မြန်မာနိုင်ငံ တနိုင်ငံလုံးက တိုင်းရင်းသားတွေကို အပစ်အခတ် ရပ်စဲရေး ဖိတ်ခေါ်ခဲ့တဲ့အတိုင်း တနိုင်ငံလုံးက အရင်ကထက် ငြိမ်းချမ်းလာတယ်။ အဲဒီအထဲမှာ ကျနော်တို့ နာဂအဖွဲ့လည်း ပါပါတယ်။ ဒီလိုပဲ အစိုးရသစ် လက်ထက်မှာလည်း ကျနော်တို့ ဆက်ငြိမ်းချမ်းအောင် ထိန်းသိမ်းသွားဖို့ လိုပါလိမ့်မယ်။ NSCN ကလည်း ကိုယ့်ဒေသကို ကိုယ့်ဋ္ဌာနကို လုပ်ဖို့ အစိုးရသစ်နဲ့ ပူးပေါင်း လုပ်သွားဖို့ သဘောထား ရှိနေပါတယ်။
ကျောက်ရှောက်ဖူ ( “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA))
ဒီညီလာခံအပေါ် မှတ်ချက် မပေးချင်ဘူး။ သူတို့က လက်နက်ကိုင်မရှိဘဲ ပါဝါမရှိဘဲ နိုင်ငံရေးလောက်ပဲ ရှိတာလေ။ ဒီအပေါ် မှတ်ချက် မရှိဘူး။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် တက်လာမှ ဖြစ်လာမယ့် အခြေအနေက။ လောလောဆယ် ကျနော်တို့ ဘာမှမပြောပါဘူး။ ဒီညီလာခံပေါ် ဘာမှမပြောချင်ပါဘူး။ ဘာမှ အဖြေမရှိပါဘူး။
ဦးထွန်းကြည် (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါင်းစဉ်နဲ့တော့ အခု ကျင်းပနိုင်ခဲ့ပြီပေါ့။ ဒါပေမယ့် NCA မှာ လက်မှတ်ထိုးခဲ့ဲတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ပဲ ပါခဲ့တယ်။ အားလုံး မပါဝင်နိုင်သေးဘူး။ အမျိုးသား ညီညွတ်ရေး ခေါင်းစဉ်အောက်က သွားတဲ့နေရာမှာ အဖွဲ့တွေ အားလုံးပါဝင်ဖို့ လိုတယ်။ ခုပုံစံက လက်ရှိ အစိုးရအနေနဲ့ သူတို့လက်ထက်မှာ ဒါကို လုပ်နိုင်ခဲ့တယ်ဆိုတဲ့ သရုပ်ပြ ပုံစံမျိုးလောက်ပဲ ဖြစ်တယ်။ ပြည့်စုံတဲ့ ညီလာခံတော့ မဟုတ်သေးဘူး။ နောက်အစိုးရသစ် လက်ထက်မှာတော့ အပြောင်းအလဲကို လုပ်နိုင်မယ်လို့ ထင် တယ်။ သူတို့အနေနဲ့ ပြည့်စုံတဲ့ ညီလာခံတရပ် ဖြစ်လာဖို့ကို ကြိုးစားမယ်လို့လည်း ယုံကြည်ပါတယ်။ ကျနော်တို့နိုင်ငံမှာက စစ်တွေ ဖြစ် နေမှ မငြိမ်းချမ်းတာ မဟုတ်ပါဘူး။ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေး အကျဉ်သားတွေနဲ့ ကျောင်းသားတွေ၊ ဘာသာရေး ကိစ္စတွေ ကိုလည်း ဘယ်လိုအဆင်ပြေ ငြိမ်းချမ်းအောင် တည်ဆောက်မလဲဆိုတာ အရေးကြီးပါတယ်။ တရားဥပဒေ ပျောက်ဆုံးပြီး မတရား ဥပေဒေတွေ စိုးမိုးနေတာကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်။
ဒေါ်တင်တင်ညို (မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့)
ကျမတို့ အနေနဲ့ကတော့ အခုကျန်နေတဲ့အဖွဲ့တွေ ဖြစ်စဉ်ထဲမှာ ပါလာစေချင်တယ်။ ပါလာမှပဲ တကယ်ငြိမ်းချမ်းရေးတခုကို တည် ဆောက်တဲ့ နေရာမှာ ပိုမိုခိုင်မာလာမယ်လို့ မြင်တယ်။ ဒါကြောင့်မလို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက တဆင့် ကျန်နေတဲ့အဖွဲ့ တွေကို အကောင်းဆုံးပြန်ပြီး ဖိတ်ခေါ်ပြီး အတူတကွ ဒီနိုင်ငံရေး စကားဝိုင်းတွေကို ပြုလုပ်သွားဖို့ ကျမတို့ အများကြီး မျှော်လင့်ထားပါ တယ်။ ဖြစ်လာဖို့ အတွက်ကို အားလုံး တတိုက်တတွန်း လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။ ဆက်လက်ပြီး ဒီငြိမ်းချမ်းရေး ညီလာခံမှာ ကတော့ ပြောရမယ်ဆိုရင် အရပ်ဖက် လူအဖွဲ့အစည်းတွေလည်း ပါဝင်တယ်။ နောက်ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ကျမတို့ အမျိုးသမီးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျမတို့က NCA မူကြမ်း ရေးဆွဲတဲ့ အချိန်မှာ ရေးဆွဲပြီး တဲ့အချိန် အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါရမယ်လို့ ပြောပေမယ့် လက်ရှိမှာ ပါဝင်လာတာကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း မရှိနေဘူး။ ဒါကြောင့်မလို့ အမျိုးသမီးတွေရဲ့ အရေးတွေကို သေသေချာချာနဲ့ ဖြစ်စဉ်ထဲမှာ ပါဝင်လာနိုင်ဖို့ မရှိရင်တော့ အမျိုးသမီးတွေ ပါဝင်ဖို့ ဒီထက်ပိုတိုးမြင့်ဖို့လိုမယ်လို့ ထင်တယ်။