ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ရန်ကုန်မြို့တွင် လမ်းလျှောက် ဆန္ဒပြခဲ့သော Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင် ကို အာဏာ ပိုင် များက ယနေ့ အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း မိသားစုဝင် တဦးက ပြောသည်။
ခွင့်ပြုချက်မရှိဘဲ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈ ဖြင့် လသာမြို့နယ် တရားရုံးက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုတင်ထွဋ် ပိုင် ၏ မိခင် ဒေါ်ငယ် က ဧရာဝတီ ကို ပြောပြသည်။
“ဒီနေ့က ပုဒ်မ ၁၈ နဲ့ ထောင် ၃ လ ချလိုက်တာ။ တရုတ်အလံကို မီးရှို့တဲ့အမှု အတွက်က ဒဂုံတရားရုံးမှာ နောက်လ ၇ ရက်နေ့ကို ရုံးချိန်း ပေးလိုက်တယ်”ဟုလည်း ဒေါ်ငယ်က ပြောသည်။
ကိုတင်ထွဋ်ပိုင်သည် ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ကျောက်တံတားမြို့နယ်သို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ ၎င်း ဖြတ်သွားခဲ့သော မြို့နယ်တိုင်း၏ တရားစွဲဆိုခံထားရကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင် ကလည်း ပြောပြ သည်။
ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်းသို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း
ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ် စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်”ဟု ပြဋ္ဌာန်းထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရက ပုဒ်မ ၁၈ ပါဝင်သည့်“ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ကိုတင်ထွဋ်ပိုင်နှင့် အတူလမ်းလျှောက်ခဲ့သူ ၃ ဦးတွင် ဒေါ်နော်အုံးလှ၊ ကိုစည်သူဝင်းတို့ကို အမိန့်မချသေးဘဲ ဆက်လက် စစ်ဆေး လျက်ရှိပြီး ကိုအောင်စိုး ဆိုသူမှာ အဖမ်းမခံဘဲ ရှောင်တိမ်းနေသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ်လိုက်ကြောင်း ယင်း အမှုများကို လိုက်ပါကူညီနေသူ မသန္တာကလည်း ပြောပြသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ကိုတင်ထွဋ်ပိုင် ၊ ဒေါ်နော်အုန်းလှ နှင့် ကိုအောင်စိုး တို့သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တက်ကြွ လှုပ်ရှားသူ ၃၀ ဝန်းကျင်နှင့် ရန်ကုန်မြို့တော် ခန်းမ အနီးမှစတင်၍ ဆန္ဒပြ ချီတက်လမ်းလျှောက်ခဲ့ပြီး ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာ လမ်းရှိ တရုတ် သံရုံး အနီးတွင် တရုတ် အလံကို မီးရှို့မှု ပြုလုပ်ခဲ့သည်။
ဒေါ်နော်အုံးလှကိုလည်း ဗိုလ်တထောင် ၊ ဒဂုံ နှင့် လသာ တရားရုံးများက ပုဒ်မ ၁၈ ဖြင့် နှစ်မှု ၊ တရုတ်အလံ မီးရှို့မှု ၅၀၅(ခ) ၊ ၂၀၀၇ ခုနှစ်က ရွှေတိဂုံဘုရားပေါ်တွင် ဘုရားစာ အကျယ်ကြီး ရွတ်ဆိုခဲ့ခြင်းအတွက် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ စသည့် အမှုများအတွက် ယနေ့ရုံးထုတ် စစ်ဆေးခဲ့ကြောင်း ဒေါ်နော်အုံးလှ၏ မိတ်ဆွေလည်း ဖြစ်သည့် မသန္တာက ပြောသည်။
“သူ(ဒေါ်အုန်းလှ)က အရင်အမှုဟောင်းတွေအတွက်ပါ တရားရင်ဆိုင်နေရတယ်။ ဒီနေ့ ဒဂုံတရားရုံးက သူ့ကို ဘုရားစာအကျယ်ကြီး ရွွတ်ဆိုတယ်ဆိုတဲ့ အမှု ပြန်စစ်တယ်။ သာသနာကို ညိုးနွမ်းစေမှုနဲ့ပါ”ဟုလည်း မသန္တာက ပြောပြသည်။
ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၃ ဦး၊ ထောင်ဒဏ်ချခံရသူ ၅၂ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၁၇ ဦး နှင့် လက်ရှိအကျဉ်း ထောင်တွင်း ၃၅ ဦး ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်း ထုတ်ပြန်ထားသည်။
“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုမိန့် မလိုပါ။ ခွင့်ပြုမိန့် တောင်းခံခိုင်းခြင်းကို AAPP အနေနဲ့ ကန့်ကွက်ပါတယ်။ ပုံမှန် ဆန္ဒပြ ပွဲတွေအတွက် လုံခြုံရေး အစီအမံပြုလုပ်နိုင်ရန် ဆန္ဒပြသူများဘက်မှ ရက်အနည်းငယ် ကြိုတင်အသိပေးရန် လိုအပ်ပါတယ်”ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောဆိုထားသည်။
ပုဒ်မ ၁၈ ကဲ့သို့သော နိုင်ငံသားများ၏ အခွင့်အရေး ထိခိုက်စေသည့် ဥပဒေများကို ပယ်ဖျက်ပေးရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့) တွင် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရန် စီစဉ်နေသည်။
ယင်းအစီအစဉ်၌ အများသဘောတူ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြလိုက်ကြောင်းလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံး၌ ယနေ့ နေ့လယ်ပိုင်းက ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။