ဆောင်းပါး

ဥပဒေ အကာအကွယ် လိုအပ်ဆဲ အိမ်အကူများ

Want create site? Find Free WordPress Themes and plugins.

“သွားတွေကို ငရုတ်ကျည်ပွေ့နဲ့ ရိုက်ချိုးပစ်ဖို့ အလုပ်အတူ လုပ်တဲ့သူကို ခိုင်းတာ။ သူက မချိုးဘူးဆိုရင် သူ့ကိုပါ ရိုက်ပစ် မယ်ဆိုပြီး ပြောတော့ သူငယ်ချင်းကလည်း လုပ်ရတယ်” ဟု အသက် ၁၄ နှစ်အရွယ် မမို့မို့ က ဧရာဝတီ ကို ပြောပြသည်။

ထိုသို့ ရိုက်ချိုးခံရ၍ အပေါ်သွား ၄ ချောင်း နှင့် အောက်သွား ၂ ချောင်း ကျိုးသွားကြောင်းလည်း အငြိမ်းစား ဒုဗိုလ်မှူးကြီး အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သည့် မမို့မို့ က ပြောသည်။

အပေါ်၊ အောက် သွား ၆ ချောင်းကို သွားတု တပ်ခဲ့ရသော်လည်း မကြာခဏ ကျွတ်ထွက်နေသည့် အတွက် ၅၀ ကျပ်တန် အပေါစား ကော်တဘူးဖြင့် သွားတုများ လုံးဝ ဖြုတ်မရအောင် ကပ်ထားသော မမို့မို့က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ဝန်းကျင်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရွှေကမ္ဘာအိမ်ရာတွင် နေထိုင်သော အငြိမ်းစား ဒုဗိုလ်မှူးကြီးနှင့် ဇနီးဖြစ်သူ ဒေါ်ခင်နန်းတင့် ဆိုသူ၏ နှိပ်စက် ညှဉ်းပန်းမှုကို ပြန်လည် ပြောပြခြင်း ဖြစ်သည်။

သူသည် ခန္ဓာကိုယ် အနှံ့အပြားတွင်လည်း ညှဉ်းပန်းနှိပ်စက် ဒဏ်ရာများရရှိခဲ့ပြီး မိဘအိမ်ရှိရာ မန္တလေးတိုင်း မြစ်သား မြို့နယ် နေအိမ်သို့ ပွဲစားကတဆင့် ပြန်လည် အပို့ခံလိုက်ရသည်။
ရပ်ကွက်တွင်း အဝတ်လျှော်သည့် ကြုံရာကျပန်း အလုပ်ကို လုပ်ရသည့် မိခင် က သမီးဖြစ်သူ၏ ဒဏ်ရာများကို တွေ့ရှိခဲ့ ရာ မှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာ လက်ရှိတွင် အိမ်ရှင်အိမ်အကူ နှစ်ဦးနှစ်ဖက် အမှုရင်ဆိုင်နေဆဲ ဖြစ်သည်။

“ကျမသမီး အိမ်ကို ပြန်ရောက်လာတော့ သူဖြစ်လာတာတွေ တွေ့ရတာ။ အိမ်ရှင်ကပြောတော့ ကောင်းကောင်း ထားတယ်။ ကျမတို့က ဘုရား၊ တရားသမား ဆိုပြီး ကလေးလည်း ဖြစ်ရော သူ့တူမ ပွဲစားကနေ တဆင့် ကျမသမီးကို အိမ်ပြန်ပို့လိုက် တာ။ သမီးကို အဲဒီကိုပို့တော့ လစာ ကြိုထုတ်ပေးခဲ့တယ်။ ကျမက အဝတ်လျှော်တယ်။ ကလေးအဖေက အရက်သမား ဆိုတော့ အားကိုးမရဘူး။ ကျမသမီးလေးရဲ့ လစာကိုလည်း အားထားခဲ့ရတာ”ဟု မမို့မို့၏ မိခင်က ပြောပြသည်။

အသက် ငယ်ရွယ်သူများကိုသာ အဓိကထား ခေါ်ယူလေ့ရှိသည့် မြန်မာနိုင်ငံ၏ အိမ်အကူ ငှားရမ်းသည့် အလုပ်သည် ပြစ်မှု ဖြစ်ပွားမှု အများဆုံး၊ ခိုင်းစေခံရသည့် အိမ်အကူမိန်းကလေး၊ ကလေးငယ်များ အတွက် အန္တရာယ်အများဆုံး လုပ်ငန်း ဖြစ်လာ သည်။

ယခု နှစ်ပိုင်းအတွင်း ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင်မှ နှိပ်စက် ညှဉ်းပန်းသည့် အိမ်အကူမိန်းကလေး ၂ ဦး အမှု၊ ဒဂုံ ဆိပ် ကမ်း မြို့နယ်မှ မီးပူဖြင့်ကပ်ခံရသည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူ ကလေးငယ်အမှု၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းရှိ ဆွေညီနောင် စတိုးဆိုင်ပိုင်ရှင်၏ ဆိုင်အလုပ်သမား ကလေးငယ်ကို နှိပ်စက်သည့် အမှုများက လူထုကြား ပျံ့နှံ့ခဲ့သည့် ဖြစ်ရပ်တချို့ ဖြစ်သည်။

လူသူမသိ၊ ဥပဒေ အကာအကွယ်မရဘဲ ငွေကြေး အနည်းငယ်ဖြင့် ဖြေရှင်းလိုက်သည့် အလားတူ ပြဿနာများလည်း အများ အပြား ရှိနိုင်ပါသည်။

တရားဥပဒေ အကာအကွယ် လိုအပ်နေသူများအတွက် အဓိက ဖြေရှင်းဆောင်ရွက် ပေးနေသည့် Legal Clinic Myanmar မှ ဒါရိုက်တာလည်းဖြစ်ပြီး တရားလွှတ်တော် ရှေ့နေတဦးဖြစ်သည့် ဒေါ်လှလှရီက အိမ်အကူများ နှိပ်စက်ခံရမှုနှင့် ပတ်သက် ပြီး ဥပဒေ သီးသန့် ပြဌာန်းနိုင်မှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။

“အခုနောက်ပိုင်းမှာ အိမ်အကူ အမျိုးသမီး၊ ကလေးတွေကို နှိပ်စက်တာတွေကို တွင်တွင်ကျယ်ကျယ် တွေ့လာရတယ်။ သူတို့သည် တခြား အလုပ်သမား တွေထက် အန္တရာယ်ပိုများပါတယ်။ အလုပ်ရှင်တွေကလည်း လူ့အခွင့်အရေးဆိုတာ နားမလည်၊ အလုပ်သမား အခွင့်အရေး တွေကို လိုက်နာဖို့ နားမလည်တော့ ခေတ်သစ် ကျေးကျွန်သဖွယ် ခိုင်းစေနေတာ ကို ကြားရ၊ မြင်နေရတယ်။ ဒီပြဿနာတွေသည် ဥပဒေ သီးသန့် ပြဋ္ဌာန်းနိုင်မှ ကာကွယ်နိုင်မှာ”ဟု ဒေါ်လှလှရီက သုံးသပ် သည်။

ဆက်လက်၍ ဒေါ်လှလှရီက “နောက်တခုကတော့ အိမ်ရှင်တွေ ဘက်ကလည်း အိမ်အကူတွေက ဆိုးတာတွေရှိတယ်လို့ ပြော တာ မျိုး ကြားရတယ်။ ဒါသည် မရှိဘူးလို့ မပြောဘူး။ အကျင့်စာရိတ္တပိုင်း အပါအဝင် အမျိုးမျိုး ဒုက္ခပေးကြတာ ကြားရ ပါ တယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှု စာချုပ်တွေ လုပ်ထားဖို့လိုတယ်။ အကောင်အထည် ဖော်ရမယ်။ ဒါမှ အခု ဖြစ်နေတဲ့ အခက်အခဲ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို အတိုင်းအတာတခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြော ဆို သည်။

အိမ်အကူများသည် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက် ညှဉ်းပန်းမှုများအပြင်၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုများ အထိ ကြုံတွေ့နေရသည်။ ၎င်းအလုပ်သမားများကို အခြားအလုပ်သမားများနှင့် တန်းတူ သတ်မှတ်၍ မရပါ။ ထို့ကြောင့် သီးခြား ဥပဒေ ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေရေးရာ ပညာရှင်များက သုံးသပ်ကြသည်။

တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက “အိမ်အကူ အလုပ်သမားတွေသည် တခြား အလုပ်သမားတွေနဲ့ မတူဘူး။ တခြား အလုပ်သမားတွေက အလုပ်ချိန် သတ်မှတ်ထားတယ်။ တနေကုန် ညအိပ်ညစား လုပ်ရတာ မဟုတ်ဘူး။ အဓိက အားဖြင့် အိမ်အကူ မိန်းကလေး၊ ကလေးတွေ ရဲ့ အမှုတွေ ကျမတို့ရုံးကို ရောက်လာလို့ ဆန်းစစ်တော့ လိင်ပိုင်း၊ ရုပ်ပိုင်း အကြမ်း ဖက် ခံရတာတွေရှိတယ်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ခံစားနေရတယ်” ဟု ပြောပြသည်။

မြန်မာနိုင်ငံတွင် အခြေခံ အလုပ်သမားတဦး၏ အနိမ့်ဆုံး လုပ်ခလစာသည် တနေ့လျှင် ၃၅၀၀ ကျပ်နှုန်းဖြစ်သည်။

ထိုသတ်မှတ်နှုန်း မပေးသော၊ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ခိုင်းစေသော၊ သတ်မှတ် အချိန်ပိုကြေး မပေးသော အလုပ်ရှင် များကို တိုင်ကြားနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖုံလုံရေး ဝန်ကြီးဌာနက ပြောဆိုထားသည်။

အလုပ်သမား အခွင့်အရေး အရ အိမ်အကူ အလုပ်သမားများသည်လည်း ထိုသတ်မှတ်ချက်များကို ဖောက်ဖျက်ခြင်း ခံရပါ က တိုင်ကြားနိုင်ကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုထားသည်။

ထိုချိုးဖောက် ခံရမှုများ အပေါ် တိုင်ကြားမှု ရှိ၊ မရှိ နှင့်ပတ်သက်၍ အသေးစိတ် မသိရှိရပါ။

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် အိမ်ရှင်လင်မယားက ၎င်းနေအိမ်တွင် အလုပ်လုပ်ကိုင် သည့် အသက် ၁၃ နှစ်အရွယ် မခိုင်နှင်းဝေကို ရင်ဘတ်၊ ကျောကုန်း၊ လက်ဝဲနှင့် လက်ယာဘက် လက်မောင်း၊ လက်ယာ ဘက် ပေါင်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိရန် နှိပ်စက်ညှဉ်းပန်းသဖြင့် ဖမ်းဆီးခံခဲ့ရသည်။

သို့သော် တရားသူကြီးက ထိုအမှုသည် သာမန်နာကျင်စေမှု ဖြစ်သည်ဟုဆိုကာ အိမ်ရှင်လင်မယားကို အာမခံပေးလိုက် သဖြင့် တရားဥပဒေ စိုးမိုးရေးအပေါ် အပြင်းအထန် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

“အဲဒီ ကလေးမလေးကို လျှပ်စစ်မီးပူနဲ့ အသားပေါ်မှာ အချက်ပေါင်းများစွာ ကပ်ထားတဲ့အပေါ် သာမန်ဒဏ်ရာဆိုပြီး အာမခံ ပေးလိုက်တော့ တိုင်ကြားသူက မကျေနပ်လို့ အမှုက ကျနော့်ဆီ ရောက်လာတယ်။ ရဲတပ်ဖွဲ့တင်ပြတုန်းက အပြင်းအထန် နာကျင်ဆိုပြီး ပါတယ်။ ဥပဒေအကြံပေးကို တင်တယ်။ အဲဒီကနေ တရားရုံးကို ရောက်သွားတော့ သာမန်ဒဏ်ရာ ဆိုပြီး ဖြစ်နေတော့ ဘယ်နေရာမှာ လိုအပ်ချက်ရှိလဲတော့ မပြောတတ်ဘူး။ အခုကတော့ ဆေးစာပေါ်မူတည်ပြီး ပုဒ်မက ထပ်ပြောင်း နိုင်တယ်လို့ မြို့နယ် တရားသူကြီးက ဆွေးနွေးထားတယ်” ဟု တောင်ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်၊ အိမ်အကူကြား ပြဿနာဖြစ်ပွားမှုသည် ထိန်းချုပ်၍ မရသည့် အခြေအနေတွင် ရှိသည်။ အများစု ဖြစ်ပွားသည့် ပြဿနာတွင် အသက် ၁၆ နှစ်အောက် မိန်းကလေးငယ်များနှင့် ကလေးများတွင် အပြင်းအထန် နှိပ်စက်ခံရ သည့် အခြေအနေများဖြစ်သည်။

ထိုပြဿနာများ အနည်းနှင့်အများ လျော့နည်းသွားစေရန် နှစ်ဦးနှစ်ဖက်သို့ အသိပညာများပေးရန် လိုသည်ဟု အမျိုးသမီး အရေး လှုပ်ရှားသူများက ဆွေးနွေးကြသည်။

အိမ်ရှင်နှင့် အိမ်အကူကြားတွင် ရှိနေသည့် ပွဲစားများကိုလည်း သေချာတိကျစွာ ကိုင်တွယ်ရန် လိုအပ်သည်။ အိမ်ရှင် အိမ် အကူများအတွက် သီးသန့် ဥပဒေတရပ် ပြဋ္ဌာန်းရန် သို့မဟုတ် မူဝါဒတရပ် အမြန်ဆုံး ချမှတ်ရန် ဥပဒေ ပညာရှင်များ၊ လူ့ အခွင့်အရေး လှုပ်ရှားသူများက အစဉ်တစိုက် ပြောဆိုနေကြဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကလည်း “အဓိက ပြဿနာက အိမ်ရှင် အိမ်အကူနဲ့ ဆိုင်တဲ့ ဥပဒေဆိုင်ရာ သီးခြားပြဋ္ဌာန်းချက် မရှိတော့ ပြဿနာတွေက ဖြစ်တယ်။ လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းသင့်တာ” ဟု ဇူလိုင်လပိုင်းက ပြောခဲ့သည်။

ဘက်ပေါင်းစုံမှ ဝေဖန် သုံးသပ်မှုများ ရှိနေသည့်တိုင် အစိုးရ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသည် ထိုကိစ္စနှင့် ပတ်သက်၍ ပြောဆိုမှု၊ လုပ်ကိုင်မှု မရှိသလောက် နည်းပါးနေသည်။

“ဒီကိစ္စသည် ပြည်ထောင်စု အဆင့်နဲ့ သက်ဆိုင်တယ်။ လွှတ်တော်မှာ ဆွေးနွေးတာ ကောင်းတယ်။ အိမ်ရှင် အိမ်အကူ ကြားမှာ ဘယ်လိုဆက်ဆံရမလဲ။ ဘယ်လိုကာကွယ်ရမလဲ။ အိမ်အကူတွေဘက်ကရော ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာ အပိုင်းလိုက် ပြဋ္ဌာန်းဖို့ လိုအပ်နေပြီလို့ ပြောချင်တယ်။ ဖြစ်လာမှ လုပ်တာထက် ကြိုတင် လုပ်ရမှာ။ လုပ်ဖို့သည်လည်း အခွင့်အခါ ကောင်းပါပဲ” ဟု တောင်ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက သုံးသပ်သည်။

အများပြည်သူ သွားလာသည့် နေရာများတွင် အသိပညာပေး ဆိုင်းဘုတ်များ ထူထောင်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း ရှင်းလင်း ဖော်ပြခြင်း၊ အိမ်ရှင် အိမ်အကူများသို့ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဝေငှခြင်းများ ပြုလုပ်သင့်ကြောင်း လည်း ၎င်းက အကြံပြုသည်။

၂၀၁၂ ခုနှစ်ဝန်းကျင်မှ စတင်ကာ အိမ်ရှင်များ၏ နှိပ်စက်ညှဉ်းပန်းမှုများကို ခံရသော အသက်ငယ်ရွယ်သည့် အိမ်အကူ မိန်း ကလေးများ၏ အမှုများ၊ အဖြစ်အပျက်များ လူမှုကွန်ရက်များတွင် မကြာခဏဆိုသလို မြင်တွေ့ရသည်။

တိုင်ကြားသည့် အမှုများအပေါ် ရဲတပ်ဖွဲ့က အပြင်းအထန် နာကျင်စေမှု၊ သာမန်နာကျင်စေမှု၊ ပိတ်လှောင်ထားမှုများ အပြင် ပြစ်မှုနှင့် ဒဏ်ရာအခြေအနေ၊ စစ်ဆေးတွေ့ရှိချက်ပေါ် မူတည်၍ ကလေးသူငယ် ဥပဒေများ၊ လူကုန်ကူးမှု ဥပဒေများ ဖြင့် လည်း အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ တရားရုံးသို့ တင်သည်။

သို့သော် ပြုလုပ်သူ အိမ်ရှင်ကို အရေးယူလိုက်သည့် အခြေအနေများကို ထုတ်ပြန် ကြေညာခြင်းမျိုး နည်းပါးသည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ် အတွင်း ပဲခူးတိုင်းဒေသကြီး တရားသူကြီးဟောင်း၏ ဇနီးက နှိပ်စက်လိုက်သည့် အိမ်အကူ အမှု၊ မင်္ဂလာဒုံမြို့နယ်နေ ဆရာဝန် လင်မယား၏ နှိပ်စက်မှုကို ခံခဲ့ရသည့် အိမ်အကူ မိန်းကလေးအမှု၊ မြောက်ဒဂုံမှ အိမ် အကူ ကလေးငယ်အမှု၊ မန္တလေးမြို့ရှိ ပန်ဒိုရာ အဆီချလုပ်ငန်းတွင် လုပ်ကိုင်ရင်း နှိပ်စက်ခံရသည့် အမှု၊ အင်းဝ အပ်ချုပ် ဆိုင်၏ အိမ်အကူအမှု စသည့် အမှုများစွာ ဖြစ်ပွားခဲ့သည်။

ထိုအမှုများစွာတွင် နှိပ်စက်ညှဉ်းပန်းခံရသည့် ကလေးများသည် မျက်နှာများ စုတ်ပြတ်သွားခြင်း၊ ဦးခေါင်းများကို ထုနှက် ရိုက်နှက်ခြင်း၊ သွားများ ချိုးပစ်ခြင်း၊ ခြေလက်များ ကျိုးပဲ့ပျက်စီးခြင်း၊ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာများ ရရှိခြင်းများ အထိ နှိပ်စက် ခံခဲ့ကြရသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading