စာဖတ်ခြင်းဟာ ခရီးသွားခြင်းမည်ပါတယ်လို့မှတ်သားဖူးပါတယ်။ စာဖတ်ခြင်းဆိုရာမှာလည်း ကဗျာ၊ ဝတ္ထု၊ အက်ဆေး၊ ဆောင်းပါးများ ဖတ်ရှုလေ့လာခြင်းကို ညွှန်းဆိုတာဖြစ်ပါတယ်။
ဝတ္ထုဆိုရာမှလည်း တကယ့်ပြည်သူလူထုအတွင်းကဘဝတွေကို ဘာသာစကားကြွယ်ဝစွာ အတတ်ပညာနဲ့ပေါင်းစပ်ပြီး ဖော် ကျူးမှသာလျှင် ရေရှည်ကျန်ရစ်မယ့်အနုပညာလက်ရာမျိုးကို ရနိုင်မှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရပ်တည် ချက်ကို ပြတ်ပြတ်သားသားချမှတ်နိုင်တဲ့ လက်ရာမျိုးနဲ့သာ ခေတ်ကို မှန်းဆရမှာလည်း ဖြစ်ပါတယ်။
ဆင်းရဲတာကို ဆင်းရဲတာလို့ရေးရင် အာဏာရှင်အလိုမကျမှာ ကြောင့်ကြခြင်းမရှိဘဲ မှတ်တမ်းတင်ရေးဖွဲ့၊ လူထုကြားမှာ ဒါ မျိုးဒါမျိုးတွေရှိပါလားဆိုတာ ထိုင်နေရင်းနဲ့သိဖို့ဆိုတာ စာဖတ်ခြင်းကလွဲလို့ အခြားမရှိနိုင်ပါ။ ဘာပဲသိချင်သိချင် စာဖတ်ဖို့ ပဲဖြစ်ပါတယ်။
ဉာဏ်ပညာနဲ့ချင့်ချိန်တွက်ဆပြီး ဟုတ်၏ မှန်၏ သင့်၏ဆိုတာကို ဆုံးဖြတ်ဖို့ အသိဉာဏ်ဆိုတာလည်း စာဖတ်ခြင်းများများ ပြုနိုင်မှသာလျှင် ရနိုင်မှာဖြစ်ပါတယ်။
စာရေးသူတိုင်းမှာ Master Piece ခေါ် လက်ရွေးစင် ဖန်တီးမှုဆိုတာ ရှိတတ်ပါတယ်။ ဖန်တီးခဲ့၊ ရေးခဲ့တဲ့အထဲကမှ စာရေး သူရော စာဖတ်သူပါ နှစ်သက်ခဲ့ပြီဆိုရင်တော့ ထိုအနုပညာဟာ အောင်မြင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
ယခုစာအုပ်ကတော့ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာတဦးလည်းဖြစ် ကွယ်လွန်သူ စာရေးဆရာမောင်တင်ဆင့်ရဲ့လက် ရွေးစင်ဝတ္ထုတို ၅၀ကို အပိုင်းနှစ်ပိုင်းခွဲကာ ဒုတိယစာအုပ် (အတွဲ-၂)အဖြစ် ထုတ်ဝေခြင်းဖြစ်ပါတယ်။ ပထမအုပ်မှာ ဝတ္ထုတို ၂၅ ပုဒ်ပါဝင်ပြီး ယခုစာအုပ်(မောင်တင်ဆင့် လက်ရွေးစင် ဝတ္ထုတို၅၀)မှာလည်း ကျန် ၂၅ပုဒ်ကို ထည့်သွင်းထားပါတယ်။
စာရေးဆရာမောင်တင်ဆင့်ဟာ ၂၀၁၂ ခုနှစ်မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ယခုလအတွင်း ကွယ်လွန်ခြင်း ၅နှစ်ပြည့် နဲ့အတူ ယခုစာအုပ်ကို အမှတ်တရထုတ်ဝေလိုက်တာဖြစ်ပါတယ်။
စာအုပ်မှာ မြို့သစ်ရဲ့မနက်ခင်းများ၊ ပင်စင်စား၊ လှိုင်းမူးခြင်း၊ မှ/ ခေတ္တ ကွာလာလမ်ပူ ၁၊၂ ၊ အသံရဲ့နံရံ၊ နှလုံးသားအတုနဲ့ ကျွန်မရဲ့ချစ်သူ၊ အိမ်၊ ပင်လယ်တို့သည် ပြာ၏၊ ကမ္ဘာကြီးနှင့် တိုးတိုက်မိခြင်း၊ ကြိုက်သူများ၊ မီးတောင်ပေါက်ကွဲ ချော်ရည် ထဲက ညလေးတစ်ည၊ ကြောင်တစ်ကောင်နဲ့လူတစ်ယောက် လူတစ်ယောက်နဲ့ကြောင်တစ်ကောင်၊ လောဘကို ကိုက်စားသွား တဲ့ နှလုံးရောဂါ၊ မြို့သစ်ရဲ့မနက်ခင်းများ(၂)၊ လိမ္မော်ရောင်ညနေခင်း၊ က…ကစွန်းပင် ရေမှာရွှင်၊ ဈေး၊ ဦးဘမောင်ရဲ့ မနက် ခင်း၊ သမီးလေး၊ မြေတွင် ပျောက်ကွယ်ခဲ့သော မထင်မရှားသမိုင်းတစ်စ၊ ပုဂ္ဂလိကပိုင်အိပ်မက်၊ အမတသို့ ကိုးရက်ခရီး၊ မိုး ခါးညနေခင်း၊ သက္ကရာဇ် ၂၀၀၀ကို ပျံသန်းခြင်းတို့ပါဝင်ပါတယ်။
စာမူများမှာ နဝဒေး၊ ခေတ်သစ်၊ ပန်၊ ရုပ်ရှင်အမြုတေ၊ မြားနတ်မောင်၊ မဟေသီ၊ မြို့တော်၊ ရတီ၊ သောင်းပြောင်းထွေလာ၊ Emperor ၊ ချယ်ရီ၊ ကလျာ၊ ပေဖူးလွှာ၊ ရုပ်ရှင်တေးကဗျာ၊ ရွှေဝတ်ရည် မဂ္ဂဇင်းတို့တွင်ဖော်ပြခဲ့တဲ့ ဝတ္ထုများဖြစ်ပါတယ်။
ဝတ္ထုတို့များရဲ့မူလဘူတကတော့ မြို့ပြရဲ့ဆင်ခြေဖုံးရပ်ကွက်ထဲက အခင်းအကျင်းများပဲဖြစ်ပါတယ်။ မြို့သစ်ရဲ့မနက်ခင်း များ ၁၊၂ကတော့ မြို့စွန်ရပ်ကွက်အတွင်းက လက်ဖက်ရည်ဆိုင်အတွင်းက စားပွဲထိုးလေးအကြောင်းနဲ့ စိတ်မနှံသူတို့မြင်ကွင်းများ နဲ့၎င်းတို့စကားပြောများက လူကောင်းဆိုသူများနဲ့နှိုင်းယှဉ်ပြထားပါတယ်။
မှ/ ခေတ္တ ကွာလာလမ်ပူ ၁၊၂မှာ မလေးရှားမှာအလုပ်သွားလုပ်နေတဲ့ သူငယ်ချင်းထံမှ မြန်မာပြည်ရှိ သူငယ်ချင်းထံပေးတဲ့ စာထဲမှာ သူနိုင်ငံရပ်ခြားမှာ အလုပ်သမားဘဝနဲ့ မြန်မာအများစု လက်ရှိကြုံတွေ့ရတဲ့ဖြစ်ရပ်မှန်များကို လူငယ်တို့အသွင် နဲ့ဖော်ကျူးထားပါတယ်။
“အဖြစ်က ဒီလိုကွ၊ ငါတို့ထမင်းစားနားနေတုန်းမှာ စကားပြန်လုပ်တဲ့နီပေါရောက်လာပြီး ငါတို့နားမှာထိုင်နေတဲ့ စူပါဗိုက် ဆာကို လှမ်းပြောလိုက်တယ်။ “ဒီခွေးမသားတွေနား ဘာထိုင်လုပ်နေတာလဲ”တဲ့၊ အင်္ဂလိပ်လိုနဲ့တရုတ်လို ညှပ်ပြီး ပြော လိုက်တာ၊ ငါကောင်းကောင်းနားလည်တယ်။ ငါ ဒီကောင့်နောက်လိုက်ပြီး တစ်ယောက်ချင်းထိုးဖို့ စိန်ခေါ်လိုက်တယ်၊ ဒီ ကောင် ထွက်မလာဘူး။”
လောဘကို ကိုက်စားသွားတဲ့ နှလုံးရောဂါဆိုတဲ့အပုဒ်မှာတော့ ငွေကြေးချမ်းသာပါရဲ့၊သားသမီးတွေရှိပါရဲ့နဲ့၊ အထီးကျန်နေ သူ အငြိမ်းစားပါမောက္ခတဦးဟာ အထွေထွေအကျိုး ဆောင်လုပ်ငန်းလုပ်နေသူထံလာပြီး မသေခင် သူ့ကို ပျော်အောင် ထား နိုင်မယ့် ဖေးမအားဖြည့်ဖော်လိုနေတဲ့ကိစ္စကို အကူညီတောင်းတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အကျိုးဆောင်က မလွယ်တဲ့ကိစ္စကို လိုက်ပါဆောင်ရွက်ပေးရင်း အငြိမ်းစားပါမောက္ခကြီး ကွယ်လွန်ကြောင်း သတင်းစာမှာ တွေ့လိုက်ရတော့ မသေခင် အထီး ကျန်မှုနဲ့ နောက်ဆုံးအချိန်မှာ ဖြတ်သန်းသွားပုံကို ရေးထားပါတယ်။
အိမ်ဆိုတဲ့ ဝတ္ထုမှာတော့ ဘဝတလျှောက်လုံး အိမ်ငှားဘဝနဲ့ သားသမီးတွေကြီးပြင်းတဲ့အထိ ဖြတ်သန်းခဲ့သူတယောက်ရဲ့ အိမ် အပေါ်ထားတဲ့ မျှော်လင့်ချက်စိတ်ကူးစိတ်သန်းများကို ဖတ်ရှုရပါတယ်။ အမှတ်မထင် မြို့သစ်တခုမှာ အိမ်ပိုင်ဆိုင်ရ လို့ကြည့် လို့ မဝ၊ အိမ်ကလေးရှေ့စိတ်ကူးယဉ်လို့ကောင်းနေတုန်းမှာပဲ မိတ်ဆွေတွေနောက်က ရောက်လာပြီး သူ့ကို မူမမှန် သူတ ယောက်အဖြစ် ရယ်ရွှင်ဖွယ်မြင်ကြပုံကိုလည်း ဖတ်ရပါတယ်။
အခြားပါဝင်တဲ့ ပင်စင်စား၊ နှလုံးသားအတုနဲ့ ကျွန်မရဲ့ချစ်သူ၊ အမှောင်ကြိုက်သူများ၊ မီးတောက်ပေါက်ကွဲ ချော်ရည်ထဲက ညကလေးတစ်ည၊ မြို့သစ်ရဲမနက်ခင်းများ-၂၊ လိမ္မော်ရောင်ညနေခင်း၊ ကမ္ဘာကြီးနှင့်တိုးတိုက်မိခြင်း၊ က ကန်စွမ်းပင်ရေမှာ ရွှင်၊ မြေတွင် ပျောက်ကွယ်ခဲ့သော မထင်မရှား သမိုင်းတစ်စ အစရှိတဲ့ ဝတ္ထုတိုများက စာဖတ်သူတို့ပတ်ဝန်းကျင်မှာတွေ့ရ လေ့ရှိတဲ့မြင်ကွင်းများကို အတတ်ပညာနဲ့ ဖော်ကျူးထားပြီး ဖတ်ဖို့ညွှန်းဆိုချင်တဲ့အပုဒ်များဖြစ်ပါတယ်။
နောက်ထပ်ညွှန်းဆိုချင်တဲ့ အပုဒ်များကတော့ အသံရဲ့နံရံ၊ ကြောင်တစ်ကောင်နဲ့ လူတစ်ယောက်၊ လူတစ်ယောက်နဲ့ ကြောင် တစ်ကောင်၊ ပုဂ္ဂလိကပိုင်အိပ်မက်တို့ကတော့ တွေ့ရလေ့ပုံစံမျိုးမဟုတ်ဘဲ တင်ပြပုံအသစ်အဆန်းဖြစ်နေပါတယ်။
အသံရဲ့နံရံမှာတော့ ကုန်းမြင့်ပေါ်မှာ အိမ်ကလေးထဲမှာ ပတ်ဝန်းကျင်ကိုမေ့လျော့ထားပြီး အခန်းအောင်း စာဖတ်နေသူ တ ဦးရဲ့အနီးနားက မြင်ကွင်းတွေကို ဖော်ပြထားပြီး မေးခွန်းတွေကို စာဖတ်သူများကိုပါ ဖြေစေချင်တဲ့ အမေး၊ အဖြေ ပုံစံပြု လုပ်ထားပါတယ်။
“လူကို လူလို့ ဘာကြောင့်ခေါ်လဲ။ လူ့ဂုဏ်သိက္ခာဆိုတာ ဘာလဲ။ နိုင်ငံကြီးသားဆိုတာ သိရဲ့လား။ အရှက်တရား ဆိုတာ ရော ခင်ဗျား နားလည်သလား၊ လူမှာ အသက်ထက် အရှက်ဆိုတာ အရေးကြီးတယ်လို့ထင်ပါသလား၊ အဖြေ—–။”
“ခင်ဗျားမှာ နာရီရှိလား၊ နာရီကို ဘယ်လိုသဘောထားပါသလဲ၊ လူတစ်ယောက်မှာ နာရီရှိသင့်သလား၊ လူနဲ့နာရီ ဘာကွာ ခြားသလဲ။ ဖြေ——–။” ဆိုတဲ့ မေးခွန်းသဘောမျိုးနဲ့ ဝတ္ထုထဲ ထည့်သွင်းရေးသားထားပြီး စာဖတ်သူကိုလည်း ပါဝင်ဖြေစေ ပါတယ်။
ကြောင်တစ်ကောင်နဲ့ လူတစ်ယောက်၊ လူတစ်ယောက်နဲ့ ကြောင်တစ်ကောင် ဇာတ်လမ်းမှာတော့ စာရေးသူမောင်တင် ဆင့်ရဲ့ တွေ့နေကျအရေးအသားပုံစံမဟုတ်တော့အောင် ကွဲပြားခြားနားပါတယ်။ ကြောင်တစ်ကောင်ရဲ့ ဖြစ်စဉ်နဲ့ လူတယောက် ခံစား မှုကို တကွက်ချင်း ယှဉ်ဖတ်ရပါတယ်။
“ကျွန်တော်က ကြောင်တကောင်လိုလည်း မပေါ့ပါးတော့ပါလား၊ ကျွန်တော့်ကိုယ်ဖော့ပညာတွေ ဘယ်ရောက်သွားတယ် မ သိ။
အဲဒီလူ အိမ်ရောက်သွားတော့ သူ့မိန်းမ၀၀ဖိုင့်ဖိုင့်က ဆီးပြီး မြည်တွန်တောက်တီး လုပ်သည်။ ရှင်အရက်တွေ သောက်လာ ပြန်ပြီလားတဲ့၊ အလို ..ဟုတ်ပါရဲ့၊ သူ အရက်တွေ သောက်ထားတာပဲ။ သူ့ခန္ဓာကိုယ်ထဲမှာ အတော်ကို ပူလောင်တာပဲ၊ သူ့ ဗိုက်ရွှဲကြီးက ဘွိုင်လာအိုးကြီးတစ်ခု ဖြစ်ကောင်းဖြစ်မှာပါ။”
ကြောင်တကောင်ခံစားမှုနဲ့ လူတယောက်တွေးတောမှုကို တပိုဒ်ချင်း တပိုဒ်ချင်းထပ်ရေးသားထားကာ အသိမ်းမှာတော့ တ နေကုန် ရုံးပြေး၊ အလုပ်လုပ် ဝန်ထမ်းဘဝ၊ ညနေ ယမကာဆိုင်ထိုင်၊အိမ်ပြန် အိမ်ကျ မိန်းမနဲ့စကားများ၊ ပြီး ပြန်အိပ်ပျော် သွား တကယ့်လူမှုဘဝတခုကို အရေးအသားအတတ်ပညာနဲ့ရေးသားထားတာကို ဖတ်ရှုရပါတယ်။
အချုပ်ဆိုရရင် ဝတ္ထုကောင်းတွေ မျှော်နေသူအဖို့ကတော့ မောင်တင်ဆင့် လက်ရွေးစင်လက်ရာတွေကို တစုတစည်းတည်း ဖတ်ဖို့ ယခုစာအုပ်ကလည်း ဖတ်ရှုသိမ်းဆည်းရန် သင့်ပါကြောင်း ညွှန်းလိုက်ရပါတယ်။
စာရေးသူ – မောင်တင်ဆင့်
စာအုပ်အမည် – မောင်တင်ဆင့် လက်ရွေးစင်ဝတ္ထုတို (၅၀) အတွဲ-၂
အမျိုးအစား – ဝတ္ထု
ထုတ်ဝေသည့်တိုက် – စံပယ်စာအုပ်တိုက်
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ သြဂုတ်လ
တန်ဖိုး – ၂၅၀၀ ကျပ်