မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ရဲ့ ဥက္ကဋ္ဌ ရာထူးအပါအဝင် အမှုဆောင်များ ရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၉ ရက်က ကျင်းပခဲ့ရာ ဥက္ကဋ္ဌရာထူးကို ဝင်ရောက် ယှဉ်ပြိုင် အရွေးခံသူ မရှိတဲ့အတွက် လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲ ဆက်လက် တာဝန်ယူခဲ့ရပါတယ်။
စစ်အစိုးရ လက်ထက်၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ မက်စ်မြန်မာ ကုမ္ပဏီလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးဇော်ဇော်ဟာ MFF ရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ဦးဇော်ဇော်ဟာ အသက် ၃၈ နှစ်အရွယ်မှာ အဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၁၀ နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့နောက်၂၀၁၅ ခုနှစ် ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ပြုလုပ်ချိန်မှာ ဥက္ကဋ္ဌ ရာထူးကို ဝင်ပြိုင်သူ မပေါ်ပေါက်တဲ့အတွက် ဦးဇော်ဇော်ကပဲ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
လက်ရှိ ၂၀၂၀ ခုနှစ် အမှုဆောင်ရွေးပွဲမှာလည်း ပြိုင်ဘက် မပေါ်တဲ့အတွက်၂၀၂၀ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အထိ ၅ နှစ် တာ သက်တမ်းကို ထပ်မံ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးဇော်ဇော်ဟာ မြန်မာ့ဘောလုံး လောကမှာ နှစ်ပေါင်း ၂၀ အတွင်း ပြိုင်ဘက်မရှိခဲ့တဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တဦးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့မှာ ၁၉၆၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဦးဇော်ဇော်ဟာ ရန်ကုန်တက္ကသိုလ်မှာ သချာင်္ဘာသာ အဓိကနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ဆင်းရဲချို့တဲ့သော ဘဝကနေ ကြိုးစားရုန်းကန်ခဲ့တဲ့ ဦးဇော်ဇော်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရ လက်ထက် ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း၊ စက်သုံးဆီ လုပ်ငန်း၊ ကားတင်သွင်းတဲ့ လုပ်ငန်း၊ ဟိုတယ် လုပ်ငန်းများနဲ့ ချမ်းသာ ကြွယ်ဝလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တဦး အဖြစ် ရောက်ရှိလာခဲ့ပါတယ်။
အသက် ၄၀ မပြည့်ခင်မှာပဲ မြန်မာပြည်ရဲ့ထိပ်တန်း သူဌေးတယောက် ဖြစ်ခဲ့တဲ့ ဦးဇော်ဇော်ဟာ၂၀၀၅ ခုနှစ် မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ရဲ့ ဥက္ကဋ္ဌ တာဝန်ယူပြီးနောက်ပိုင်း သူ့ဘဝမှာ အဓိက လုပ်ဆောင်တဲ့ လုပ်ငန်း ၃ ခုကတော့ စီးပွားရေး၊ ဘောလုံးလောက တိုးတက်ရေးနဲ့၊ ပရဟိတ လုပ်ငန်းတွေ ဖြစ်ကြောင်း ဦးဇော်ဇော်နဲ့ နီးစပ်သူတွေက ပြောပြပါတယ်။
မြန်မာ့ ဘောလုံးလောကရဲ့၂၀၀၅ ခုနှစ်ကနေ ၂၀၂၀ အထိ ၁၅ နှစ်တာကာလကို ပြန်ကြည့်လိုက်ရင် ဦးဇော်ဇော်ဟာ မြန်မာ့ဘောလုံး အားကစားလောကရဲ့ အနိမ့်အမြင့်၊ အတက်အကျများ အားလုံးမှာ အဓိကနေရာကနေ ပါဝင်ကြိုးပမ်းခဲ့သူ၊ တွန်းအားပေး မောင်းနှင်ခဲ့သူ တဦးအဖြစ် တွေ့မြင်ရမှာပါ။
စစ်အစိုးရ လက်ထက် မြန်မာ့ ဘောလုံးလောက
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်အထိ ပရော်ဖက်ရှင်နယ် ကလပ်အသင်း ဆိုတာ မရှိိသလို နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲလည်း မရှိခဲ့ပါဘူး။ ဆောက်လုပ်ရေး၊ ဘဏ္ဍာ/အခွန်၊ စည်ပင်၊ ကာကွယ်ရေးစတဲ့ အစိုးရ ဝန်ကြီးဌာနတွေ ဖွဲ့စည်းထားတဲ့ ဘောလုံးအသင်းများ ပတ်လည်ကန်ကြတဲ့ ပထမတန်း၊ ဒုတိယတန်းစတဲ့ အမှတ်ပေး ဘောလုံးပြိုင်ပွဲများသာ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းလိဂ်က ပရော်ဖက်ရှင်နယ် အဆင့် မရှိတဲ့အတွက် မြန်မာကလပ် အသင်းတွေဟာလည်း နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့် မရခဲ့ကြပါဘူး။၂၀၀၅ ခုနှစ် မတိုင်ခင်က နိုင်ငံတကာကို သွားရောက် ယှဉ်ပြိုင်ရတာဆိုလို့ မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းတွေနဲ့ သက်တမ်း အလိုက် လက်ရွေးစင် အသင်းတချို့သာ ရှိပါတယ်။
စစ်အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံဟာ နိုင်ငံရေးစနစ် မကောင်းတာ၊ တိုင်းပြည် ဆင်းရဲတာ၊ ဘောလုံး အားကစားအပေါ် အစိုးရရဲ့ ပံ့ပိုးကူညီမှု နည်းပါးတာတွေကြောင့် နိုင်ငံတကာ ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်တဲ့ မြန်မာ ဘောလုံးသမားတွေ မှာ အစားအသောက်၊ အနေအထိုင်နဲ့ အားကစား လေ့ကျင့်ရေး ပစ္စည်းများက အစ ချို့ချို့ငဲ့ငဲ့နဲ့ မျက်နှာငယ်ကြရပါတယ်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို အိမ်နီးချင်း အာဆီယံနိုင်ငံ အသင်းတွေက တသင်းကို ဘောလုံးသမား ၂၃ ယောက် စေလွှတ် ယှဉ်ပြိုင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာ ပထမဦးစားပေး ကစားသမား ၁၁ ယောက်နဲ့ အရံ ကစား သမား ၇ ယောက်၊ စုစုပေါင်း လူပေါင်း ၁၈ ယောက်ပဲ စေလွှတ်ပြီး ကန်ခိုင်းတဲ့အထိ အားကစားအပေါ် အလေးမထားမှုတွေ ဖြစ်ခဲ့ပါတယ်။
တခါတရံ ဒိုင်လူကြီးများရဲ့ဘက်လိုက် ဆုံးဖြတ်မှုတွေ၊ ပြိုင်ဘက်အသင်း ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ကစားပုံတွေ၊ စိတ်တိုအောင် ဆွကစားမှုတွေကြောင့် မြန်မာအသင်း ကစားသမားတွေ ဒေါသထွက်ပြီး ဥပဒေ ပြင်ပကစားတဲ့အခါ အဝါ ကဒ်၊ အနီကဒ်တွေထိ၊ ကွင်းအတွင်းမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် ဂိုးပြတ် အရှုံးနဲ့ အရှက်တကွဲ ပွဲသိမ်းခဲ့ရမှု တွေဟာလည်း စစ်အစိုးရလက်ထက် မြန်မာ့ဘောလုံးလောကမှာ မြင်တွေ့နေကျ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။
မြန်မာ့ ဘောလုံးလောက၏ ခြေလှမ်းသစ်
၂၀၀၈ ခုနှစ်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ စစ်အစိုးရရဲ့တာဝန်ပေးချက်အရ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ခရိုနီကြီးတွေ ဖြစ်တဲ့ ထူးကုမ္ပဏီ အုပ်စုပိုင်ရှင် ဦးတေဇ၊ လွယ်ဟိန်း ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ အေးရှားဝေါလ် ကုမ္ပဏီ ပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ ကမော္ဘဇ ကုမ္ပဏီပိုင်ရှင် ဦးအောင်ကိုဝင်း တို့ဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်စတဲ့ ဒေသကြီးတွေကို ကိုယ်စားပြုတဲ့ ဘောလုံးကလပ် အသင်းများ တည်ထောင်ခဲ့ကြပါတယ်။
ခရိုနီ သူဌေးကြီးတွေဟာ ယခင်အစိုးရ ဝန်ကြီးဌာနအသင်းတွေ ဖြစ်တဲ့ ဘဏ္ဍာ/အခွန်၊ ဆောက်လုပ်ရေး၊ စည်ပင်၊ ကာ ကွယ်ရေး စတဲ့အသင်းတွေက နည်းပြတွေ၊ မြန်မာ့လက်ရွေးစင် ကစားသမားများကို လူသစ် ကစားသမားတွေနဲ့ ပေါင်းစည်းပြီး ကလပ်အသင်းတွေ ဖွဲ့စည်းခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဦးဇော်ဇော် ဦးဆောင်တဲ့ ဘောလုံးအဖွဲ့ချုပ်ဟာ ရန်ကုန် ယူနိုက်တက်၊ ရတနာပုံ၊ ဒယ်တာယူနိုက် တက်၊ ဥဿာ ယူနိုက်တက်၊ ဇေယျာရွှေမြေ၊ ကမော္ဘဇ၊ မကွေး၊ ဆောက်သမ်းမြန်မာ စတဲ့ ကလပ်အသင်း ၈ သင်းကို စု စည်းပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ (မြန်မာနေရှင်နယ်လိဂ်) ကို ၂၀၀၉ ခုနှစ်၊ မေလမှာ စတင် ကျင်းပခဲ့ပါတယ်။
နေရှင်နယ်လိဂ်အပြင် ဗိုလ်ချုပ် အောင်ဆန်းဒိုင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဖလား ပြိုင်ပွဲများလည်း နှစ်စဉ် ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ အမျိုးသမီး အမှတ်ပေး ဘောလုံးပြိုင်ပွဲနဲ့ မြန်မာဖူဆယ် အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွေ ကျင်းပနိုင်ခဲ့ပါတယ်။
မြန်မာ နေရှင်နယ်လိဂ် (MNL) ပေါ်ပေါက်ပြီးတဲ့နောက်မှာ ဦးဇော်ဇော်ဟာ မြန်မာကလပ် အသင်းတွေ နိုင်ငံတကာ ပြိုင်ပွဲတွေ ပြိုင်ခွင့်ရအောင် တဆင့်ပြီး တဆင့် ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ MNL ကို နိုင်ငံတကာ အဆင့်မီ ပရော်ဖက်နယ်လိဂ် တခုအဖြစ် ပိုမိုပီပြင်လာအောင် ကြိုးစား လုပ်ဆောင်ခဲ့သလို အဲဒီ ကြိုးပမ်းမှုအရ မြန်မာ ကလပ်အသင်းတွေဟာ အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (AFC President’s Cup)၊ အာရှဘောလုံး အဖွဲ့ချုပ်ဖလား (AFC Cup) နဲ့ အာရှတိုက်ရဲ့ အဆင့်အမြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ အာရှ ချန်ပီယံလိဂ် (Asia Champions League) ပြိုင်ပွဲ ခြေစစ်ပွဲ အဆင့် တွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
ထူးခြားတဲ့ အောင်မြင်မှုကတော့ ၂၀၀၉ ခုနှစ် MNL ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ မြန်မာ့ ချန်ပီယံကလပ် ရတနာပုံ အသင်း ဟာ ၂၀၁၀ ခုနှစ်မှာ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (AFC President’s Cup) ကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး အနိုင်ရဗိုလ်စွဲကာ ချန်ပီယံဖြစ်တဲ့အထိ မြန်မာကလပ်တွေ အောင်မြင်မှု အထိုက်အလျှောက် ရခဲ့ပါတယ်။
မြန်မာနေရှင်နယ်လိဂ် ပေါ်ပေါက်လာပြီးတဲ့နောက် ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ကစားသမားတွေကို စည်းကမ်းပိုင်း လိုက်နာအောင်၊ ပရော်ဖက်ရှင်နယ် ပိုမိုပီသလာအောင် စိတ်ဓာတ်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့ရာမှာ အချိန် ကြာ လာတာနဲ့ အမျှ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သက်တမ်း အလိုက် မြန်မာ့လက်ရွေးစင် အသင်းတွေဟာ ပြဿနာတွေ တက်၊ အဝါကဒ် အနီကဒ်တွေ ပလူပျံတဲ့ အနေအထားများ တဖြည်းဖြည်း လျော့နည်းလာတာ တွေ့ရပါတယ်။
လက်ရွေးစင် အသင်းများ နိုင်ငံတကာ ပြိုင်ပွဲဝင်နိုင်မှု များပြားလာခြင်း
ဦးဇော်ဇော် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူချိန်မှာ နောက်ထပ် ထူးခြားတဲ့ တိုးတက်မှုကတော့ မြန်မာ့ လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းတွေ၊ သက်တမ်းအလိုက် လူငယ်အသင်းတွေဟာ ကမာ္ဘ့ဖလား ခြေစစ်ပွဲ၊ အာရှဖလား ခြေစစ်ပွဲ၊ အာဆီယံပြိုင်ပွဲ၊ ဒေသတွင်း ဖိတ်ခေါ်ပြိုင်ပွဲတွေ၊ ခြေစမ်းပွဲတွေ တောက်လျှောက် ပါဝင်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။
မြန်မာအမျိုးသား အသင်းဆိုရင် ၂ဝ၁၀ ကမာ္ဘ့ဖလား ခြေစစ်ပွဲကစလို့ လက်ရှိ ၂၀၂၂ ကမာ္ဘ့ဖလားခြေစစ်ပွဲအထိ တောက်လျှောက် ပါဝင်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ ခြေစစ်ပွဲတွေမှာ အောင်မြင်မှု မရပေမယ့် ယခင်ကလို ခြေစစ်ပွဲတောင် ဝင်မကန် နိုင်တဲ့အဆင့်ကနေ ငွေကြေး အကုန်အကျခံ ပြင်ဆင်ပြီး ပုံမှန်ခြေစစ်ပွဲ ဝင်ကန်တဲ့ အဆင့်ကို ရောက်ရှိလာ ခဲ့ပါတယ်။
သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းတွေ ဆိုရင်လည်း ပြိုင်ပွဲမတိုင်မီ ပြည်ပနိုင်ငံတွေကို ဖိတ်ခေါ် ခြေစမ်းတာ၊ တခြားနိုင်ငံမှာ သွားရောက်ပြီး စခန်းဝင် လေ့ကျင့်တာ၊ ပြည်ပ အသင်းများနဲ့ သွားရောက် ခြေစမ်းတာတွေ ဥက္ကဋ္ဌ ဦးဇော်ဇော် အနေနဲ့ စီစဉ်ခဲ့တာ တွေ့ရပါတယ်။
“၁၉၉၀ နောက်ပိုင်းခေတ်မှာ ကျနော်တို့နိုင်ငံက ဆီးဂိမ်းတောင် အနိုင်နိုင် လွှတ်နေရတဲ့ခေတ်။ အခက်အခဲတွေ အများကြီး ရှိလို့ ကမာ္ဘ့ဖလားခြေစစ်ပွဲ ဝင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် မပြိုင်ဖြစ်တာ များတယ်။ ဒီဘက်ခေတ် ကျတော့ ပွဲမတိုင်မီ ခြေစမ်းပွဲကန်တာတွေ၊ ဖိတ်ခေါ်ပြိုင်ပွဲတွေ လုပ်သလို ပြိုင်ပွဲတွေကို အဖွဲ့ချုပ်က စီစဉ်ပေးတယ်။ ကစားသမားတွေ လေ့ကျင့်ရေး၊ အစားအသောက်က အစ အများကြီး တိုးတက် ပြောင်းလဲခဲ့တယ်။ ကျနော်တို့ခေတ်နဲ့တော့ တခြားစီပါပဲ”လို့ မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်က ပြောပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ကမာ္ဘ့ဘောလုံး အဖွဲ့ချုပ် (FIFA) က ပေးအပ်တဲ့ Goal ပရောဂျက်နဲ့ အဖွဲ့ချုပ်ရဲ့ ထည့်ဝင် ငွေတွေ စုပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ်စတဲ့ဒေသတွေမှာ ဘောလုံး အကယ်ဒမီကျောင်း ၃ ကျောင်းကို အမေရိကန် ဒေါ်လာ၂ သန်းကျော် အကုန်အကျခံ တည်ဆောက်ပြီး မျိုးဆက်သစ် ပလေယာတွေ မွေးထုတ်ခဲ့သလို ယူ ၁၄ ကနေ ယူ ၂၂ အထိ သက်တမ်း အလိုက် မြန်မာလူငယ် အသင်းတွေကို အသက် မှန်ကန်စွာ ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဘောလုံး အကယ်ဒမီတွေ တည်ထောင်ခြင်း အကျိုးဆက်ကတော့ အဆိုပါ အကယ်ဒမီ ၃ ခုနဲ့ အားကစားနှင့် ကာယသိပ္ပံ ကျောင်းတွေကနေ လက်ရှိ မြန်မာ့ လက်ရွေးစင်ဖြစ်နေတဲ့ အောင်သူတို့ အုပ်စု၊ ယူ ၂၂ အသင်းမှာ ခြေစွမ်းပြနေတဲ့ မြတ် ကောင်းခန့်တို့ အုပ်စုနဲ့ လက်ရှိ ယူ ၁၉ အသင်းက လမင်းထွေး၊ ဇေယျာနိုင်တို့လို မျိုးဆက်သစ် ပလေယာတွေ အုပ်စုလိုက် စဉ်ဆက်မပြတ် ပေါ်ထွက်လာခဲ့ပါတယ်။
အထူးခြားဆုံး အောင်မြင်မှု
ဦးဇော်ဇော်လက်ထက် ၁၅ နှစ်အတွင်း အထူးခြားဆုံး အောင်မြင်မှုကို ပြောပါဆိုရင်တော့ ၂၀၁၄ ခုနှစ်မှာ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အာရှ ယူ ၁၉ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းနဲ့ ဖီဖာယူ ၂၀ ကမာ္ဘ့ဖလားပြိုင်ပွဲကို မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့အချက်ကို ညွှန်းဆိုရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၄ အာရှ ယူ ၁၉ ပြိုင်ပွဲမှာ အောင်သူ၊ ငြိမ်းချမ်းအောင်စတဲ့ လူငယ်မျိုး ဆက်သစ် ပလေယာတွေ ခြေစွမ်းပြပြီး ဆီမီးဖိုင်နယ် အဆင့် တက်ရောက်ခဲ့ပါတယ်။ ဒါဟာ ၁၉၇၂ ခုနှစ် နောက်ပိုင်းကစ လို့ နှစ်ပေါင်း ၄၂ နှစ်အတွင်းမှာ မြန်မာ့ဘောလုံးလောကရဲ့ အမြင့်ဆုံး ရရှိတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။
အာရှဖလားမှာ ဆီမီးဖိုင်နယ် တက်ခဲ့လို့ ၂၀၁၅ ခုနှစ် မေလမှာ နယူးဇီလန်နိုင်ငံမှာ ကျင်းပတဲ့ ဖီဖာ ယူ ၂၀ ကမာ္ဘ့ဖလား ပြိုင်ပွဲမှာ မြန်မာအသင်း ပွဲစဉ်တိုင်း ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ယူ ၂၀ ကမာ္ဘ့ဖလား ဝင်ပြိုင်ဖူးတဲ့မှတ်တမ်း ပထမဆုံး ရေးထိုးနိုင်ခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာယူ ၂၂ အသင်းဟာ ထင်မှတ်မထားတဲ့ အခြေအနေကနေ ဗိုလ်လုပွဲ အဆင့်အထိ တက်ရောက်ပြီး ငွေတံဆိပ် ဆုရရှိခဲ့ပါတယ်။ ဒါကြောင့်၂၀၁၄၊ ၂၀၁၅ အချိန်ကာလတွေဟာ မြန်မာ့ ဘောလုံးလောက အတွက် ထူးခြားတဲ့အောင်မြင်မှုတွေ ရရှိခဲ့တဲ့၊ ဘောလုံးအားကစားကို အရူးအမူးအားပေးတဲ့ မြန်မာပြည်သူတွေ ဝမ်းသာပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေ ဖြစ်ခဲ့ပါတယ်။
ဆိုးရွားသည့် အဖြစ်အပျက်များ
ဦးဇော်ဇော် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူချိန် ၁၅ နှစ်အတွင်းမှာ တိုးတက် ကောင်းမွန်မှုတွေလည်း ဖြစ်ထွန်းခဲ့သလို မြန်မာ့ ဘောလုံးလောကမှာ အမည်းစက်အဖြစ် ထင်ကျန်ရစ်တဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။
မြန်မာ့ လက်ရွေးစင်အသင်းဟာ ၂၀၁၄ ကမာ္ဘ့ဖလားခြေစစ်ပွဲ အဖြစ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာ အိုမန်အသင်းနဲ့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားကြပါတယ်။ ပထမပိုင်းမှာတင် ဧည့်သည် အိုမန်အသင်းက အိမ်ရှင် မြန်မာအသင်းကို၂ ဂိုး သွင်းယူခဲ့တဲ့အတွက် မြန်မာဘောလုံး ပရိတ်သတ် တချို့ ဒေါသပေါက်ကွဲပြီး ရရာပစ္စည်းတွေနဲ့ ကွင်းထဲမှာရှိတဲ့ အိုမန် ကစားသမားတွေကို ပစ်ပေါက်ခဲ့ကြလို့ ဘောလုံးပွဲ ပျက်ခဲ့ရပါတယ်။ နိုင်ငံတကာ မီဒီယာတွေက အဲဒီ အဖြစ်အပျက်ကို အလေးပေး ရေးသားဖော်ပြခဲ့လို့ မြန်မာနိုင်ငံဟာ ဘောလုံးအားကစားနဲ့ ပတ်သက်ရင် ဆိုးသွမ်း ပရိတ်သတ်တွေ ရှိတဲ့ နိုင်ငံ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အဆိုပါ အဖြစ်အပျက်ကြောင့် မြန်မာ့ လက်ရွေးစင်အသင်းဟာ ကမာ္ဘ့ဖလား ခြေစစ်ပွဲတွေ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ပိတ်ပင်တဲ့ ကွင်းပိတ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသလို သုဝဏ္ဏကွင်း ပတ်လည်ကိုလည်း သံဇကာများ ကာရံခဲ့ရပြီး မြန်မာ့ ဘောလုံး လောကအတွက် အရှက်ရစရာ အမည်းစက်တခုအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။
နောက်ထပ် အဖြစ်အပျက် တခုကတော့၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAME) ကို ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့ပါတယ်။ မြန်မာဘောလုံး အသင်းဟာ ဆီးဂိမ်းမှာ တကြိမ်တခါ မှ ဗိုလ်စွဲခဲ့ခြင်း မရှိတဲ့အတွက် အိမ်ရှင်အဖြစ် ကျင်းပချိန်မှာ ရွှေတံဆိပ် ရယူနိုင်ဖို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့အဖွဲ့ ကြိုးစား ပြင်ဆင်ခဲ့ကြပါတယ်။
အိမ်ရှင်မြန်မာအသင်းဟာ ရမှတ် ၇ မှတ်နဲ့ ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းနေချိန်မှာ အုပ်စု နောက်ဆုံးပွဲစဉ်မှာ အင်ဒိုအသင်းကို တဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ အိမ်ရှင်မြန်မာအသင်း အုပ်စုအဆင့်နဲ့ ထွက်ခဲ့ရပါတယ်။ အဲဒီအတွက် မြန်မာ ပရိတ်သတ် တချို့ ဒေါသပေါက်ကွဲပြီး သုဝဏ္ဏကွင်းထဲမှာ ရှိတဲ့ ထိုင်ခုံတွေ ရိုက်ချိုးဖျက်ဆီးတာ၊ မြန်မာဂျာစီတွေကို မီးရှို့ သောင်းကျန်းကြတဲ့အတွက် ရဲတပ်ဖွဲ့က ဆိုးသွမ်း ပရိတ်သတ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ဆီးဂိမ်း ရွှေတံဆိပ်ဆုရရေး အိပ်မက်ဟာလည်း ပြဿနာများစွာနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဒါ့ပြင် မြန်မာ့ လက်ရွေးစင်အသင်းအနေနဲ့ ၂၀၁၀ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အာဆီယံပြိုင်ဘက် ဗီယက်နမ်ကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ၊၂၀၁၅ ခုနှစ်မှာ ကျင်းပတဲ့ ကမာ္ဘ့ဖလားခြေစစ်ပွဲမှာ ကူဝိတ်အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာ၊ ၂၀၁၉ ခု နှစ် အောက်တိုဘာလမှာ ယှဉ်ပြိုင်တဲ့ ကမာ္ဘ့ဖလား ခြေစစ်ပွဲမှာ ကာဂျစ္စတန် အသင်းကို ၇ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာတွေက ဦးဇော်ဇော် ဥက္ကဋ္ဌ တာဝန်ယူစဉ် လက်ထက် ဆိုးရွားတဲ့ ရလဒ်များ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘောလုံး အတွက် ငွေသုံးကြမ်းခဲ့သူ
မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက် ၁၉၈၈ နောက်ပိုင်းကာလတွေမှာ အားကစားနည်း အသီးသီးဟာ အစိုးရရဲ့ထောက် ပံ့ကူညီမှု အလွန်နည်းပါးတဲ့အတွက် သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေရဲ့လှုပ်ရှား ရုန်းကန်မှုအပေါ် မှီခိုခဲ့ရပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်လည်း အပါအဝင် ဖြစ်ပါတယ်။
ဦးဇော်ဇော်ဟာ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူပြီးတဲ့နောက်မှာ မြန်မာနေရှင်နယ်လိဂ် လည်ပတ်နိုင်ရေး၊ နိုင်ငံ့လက် ရွေးစင်အသင်းများ လေ့ကျင့်ရေး၊ ယှဉ်ပြိုင်ရေး၊ လူငယ်ဘောလုံးပြိုင်ပွဲများ ကျင်းပရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဘော လုံးပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး စသဖြင့် ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်းပြည်ပ အထောက်အပံ့၊ စပွန်ဆာများ ရှာဖွေ ဆောင်ရွက်ခဲ့သလို ဘောလုံးအဖွဲ့ချုပ်ရဲ့ လိုငွေမှန်သမျှ ကျပ်ဘီလီယံနဲ့ ချီတဲ့ (ကျပ် သိန်းပေါင်း သောင်းဂဏန်း) သူ့ရဲ့ကိုယ်ပိုင် ငွေကြေးတွေ အများအပြား စိုက်ထုတ် သုံးစွဲဆောင်ရွက်ခဲ့ကြောင်း ဘောလုံး အဖွဲ့ချုပ်ထံက သိရပါတယ်။
“သူ (ဦးဇော်ဇော်) ဟာ ဘောလုံးလောက အတွက် အချိန်ရော၊ ငွေရော၊ လူရောစိတ်ပါ နှစ်ပြီးလုပ်ခဲ့တယ်။ အရင် လူတွေ မကောင်းဘူးလို့တော့ ကျနော် မပြောချင်ဘူး။ ဒါပေမယ့် သူ့လောက် မြန်မာ့ဘောလုံးလောက အတွက် အားစိုက်ပြီး စိတ်နှစ်ပြီး လုပ်နိုင်သူတော့ ရှားပါတယ်” လို့ မြန်မာ့ လက်ရွေးစင်အသင်းနှင့် အတူ အောင်မြင်မှုများ ဆွတ်ခူးခဲ့သည့် ဘောလုံး သမားဟောင်း ဦးအေးမောင်ကြီးက ပြောပါတယ်။
MFF ရဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်မှာ အဖွဲ့ချုပ်ရဲ့လိုငွေ ကျပ်သိန်း ၆၈၅၁ သိန်းနဲ့ ၂၀၁၉ ခုနှစ်မှာ လိုငွေကျပ်သိန်း ၁ သောင်း ကျော်ကို ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇော်ဇော်က စိုက်ထုတ် ပေးအပ်ခဲ့ပါတယ်။၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဘောလုံး လောကအတွက် ၁၃ နှစ်တာ သုံးစွဲခဲ့တဲ့ငွေတွေ မပါဘဲ ၂၀၁၈၊ ၂၀၁၉ အချိန် ၂ နှစ်တာ ကာလမှာတင် ဦးဇော်ဇော် အကုန်အကျခံ စိုက်ထုတ်တဲ့ငွေဟာ ကျပ်သိန်း ၁ သောင်း ၆ ထောင်ကျော် ရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာ့ ဘောလုံးလောက တိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ ကြိုးပမ်း ချိတ်ဆက်ဆောင်ရွက် နိုင်မှုတွေကြောင့် ဦးဇော်ဇော်ဟာ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှာ ဒု ဥက္ကဋ္ဌဖြစ်လာခဲ့သလို အာရှဘောလုံး အဖွဲ့ချုပ်မှာလည်း ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
ဦးဇော်ဇော် ဦးဆောင်တဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ AFF က ချီးမြင့်တဲ့ ဒေသတွင်း အကောင်းဆုံး အဖွဲ့ချုပ်ဆု (Association of the year) ကို ရရှိခဲ့သလို ၂၀၁၃ ခုနှစ်မှာ အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ (AFC Dream Asia Award) ချီးမြင့်ခြင်း ခံခဲ့ရပါတယ်။ ဥက္ကဋ္ဌ ဦးဇော်ဇော် အနေနဲ့ကတော့ ၂၀၁၇ ခုနှစ်မှာ အာရှဘောလုံး အဖွဲ့ချုပ် (AFC)က ချီးမြင့်တဲ့ အာရှဘောလုံး လောက အကျိုးပြုထူးချွန်ဆု Asian Goodwill Award ကို ချီးမြှင့်ခြင်း ခံခဲ့ရပါ တယ်။
ဦးဇော်ဇော်ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ရဲ့ အရေးကြီးတဲ့ ရာထူး တခုဖြစ်တဲ့ ဥက္ကဋ္ဌနေရာကို ၁၅ နှစ် ထမ်း ဆောင်ခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲ လုပ်ရာမှာ ပြိုင်ဘက် မပေါ်လို့ ၂၀၂၄ ခုနှစ် အထိ ဥက္ကဋ္ဌ တာဝန်ကို ဦးဇော်ဇော် ဆက်ယူခဲ့ရပါတယ်။
ယှဉ်ပြိုင်သူမရှိလို့ ဥက္ကဋ္ဌ အဖြစ် ဆက်လက် တာဝန်ယူခဲ့ရတာနဲ့ ပတ်သက်ပြီး ဦးဇော်ဇော်က “ကျနော် အလိုချင်ဆုံးကတော့ ဥက္ကဋ္ဌ အသစ်ပဲ။ ကျနော်ကိုယ်တိုင်လည်း လုပ်လာတာ ၁၅ နှစ် ရှိပြီ။ အဲဒီတော့ ကျနော်ကိုယ်တိုင်လည်း တယောက်ယောက်ကို လွှဲပေးချင်ပြီ။ အစောကြီးကတည်းကလည်း ကြေညာတယ်။ ပြိုင်မယ့်သူ ရှိရင် ကျနော် မလုပ်တော့ဘူးဆိုတာ” လို့ ဦးဇော်ဇော်က ဧရာဝတီကို ပြောပြပါတယ်။
သူက ဆက်လက်ပြီး “အဓိက က ငွေတခုတည်း မဟုတ်ဘူး။ စီမံခန့်ခွဲမှုရော၊ အချိန်ရော၊ ငွေရော၊ နိုင်ငံတကာဆက်ဆံရေး ရော၊ ဒီနိုင်ငံထဲက ဆက်ဆံရေးရော ဒီလိုအခက်အခဲ ပေါင်းစုံကြားထဲက ရုန်းကန်ဖို့ကျတော့ ချက်ခြင်း မရှိသေးတာပေါ့နော်။ ကျနော် ထင်ပါတယ်။ နောက်ရွေးကောက်ပွဲကျရင် ရှိလာပါလိမ့်မယ်။ ရှိလာပါစေလို့လည်း ဆုတောင်းပါတယ်” ပြောပါတယ်။
ဦးဇော်ဇော်ရဲ့ မြန်မာ့ ဘောလုံးလောက တိုးတက်ရေး အတွက် အချိန်နဲ့ ငွေကြေးအကုန်အကျခံ ဆောင်ရွက်မှု အပေါ် ဘောလုံးလောက အသိုင်းအဝိုင်းရော၊ ဘောလုံးကို အရူးအမူး အားပေးတဲ့ မြန်မာဘောလုံးပရိတ်သတ် အများစုကပါ အကောင်းဘက်က ရှုမြင်ကြပါတယ်။ အသိအမှတ် ပြုကြပါတယ်။ မြန်မာဘောလုံး ပရိတ်သတ် တချို့ဆိုရင် ဦးဇော်ဇော် ဟောပြောနေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ လွှင့်တင်ပြီး “ပြည်သူထဲက ခရိုနီ” လို့တောင် အမည်ပေးကြပါတယ်။
ဒါကြောင့် စစ်အစိုးရလက်ထက်မှာ ကြီးပွားချမ်းသာလာတဲ့ ခရိုနီတွေထဲမှာမှ ဦးဇော်ဇော်ဟာ ဘောလုံး အားကစား တိုးတက်ရေးအပေါ် လူရော၊ ငွေကြေးရော ပုံအော အသုံးပြုပြီးဆောင်ရွက်တဲ့အတွက် ပြည်သူတွေ ကြားထဲမှာ နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ ခရိုနီတဦးအဖြစ် ရပ်တည်နေသူလို့ ဆိုနိုင်ပါတယ်။
“ဦးဇော်ဇော် လက်ထက်မှာ ဘောလုံး အဖွဲ့ချုပ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ထားတယ်။ အကယ်ဒမီကျောင်း တွေ၊ လူငယ်ပြိုင်ပွဲတွေကို ကမာ္ဘ့ဘောလုံး အဖွဲ့ချုပ် (FIFA) ရဲ့အစီအမံအတိုင်း အကောင်အထည်ဖော်နိုင်တယ်။ နိုင်ငံတ ကာ ခြေစမ်းပွဲတွေလည်း ကစားရတယ်။ သူ့လက်ထက်မှာ လွှတ်တဲ့ သက်တမ်းအလိုက် ပြိုင်ပွဲတွေနည်းမှ မနည်းတာ။ သူ့ လက်ထက်မှာ သူအကောင်းဆုံး လုပ်နေတယ်လို့ပဲ မြင်ပါတယ်” လို့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ အသင်း ဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ပြောပါတယ်။
ဘောလုံး အဖွဲ့ချုပ် အတွက် အခက်အခဲနဲ့ စိန်ခေါ်မှု
မြန်မာနိုင်ငံ အစိုးရရဲ့ဘောလုံးအားကစား အပေါ် ငွေကြေးထောက်ပံ့မှု၊ အခြေခံ အဆောက်အအုံ ပံ့ပိုးမှုနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ အားနည်းနေတဲ့ အခြေအနေမှာ မြန်မာ့ဘောလုံးလောက တိုးတက်ရေး ဆောင်ရွက်ရတဲ့ ဦးဇော်ဇော် ဦးဆောင်တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အတွက်တော့ အခက်အခဲက တပုံတပင် ရှိနေတာကို တွေ့ရပါတယ်။
ဒီလို အခက်အခဲတွေထဲမှာမှ ကြီးမားတဲ့ အခက်အခဲ တခုကတော့၂၀၀၉ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာနေရှင်နယ် လိဂ် ဆက် လက် ရှင်သန် ရပ်တည်ရေးပဲ ဖြစ်ပါတယ်။ ဘောလုံးသမားပေါင်း ရာနဲ့ချီ ရှင်သန်ရပ်တည်နေတဲ့ နေရှင်နယ်လိဂ် ဟာ စစ် အစိုးရလက်ထက် ကြွယ်ဝချမ်းသာခဲ့ကြတဲ့ လုပ်ငန်းရှင်များက ကလပ်အသင်းတွေကို အရှုံးခံတည်ထောင်ပြီး လည်ပတ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ကွင်းဝင်ကြေး၊ ရုပ်သံလွှင့်ခွင့်၊ စပွန်ဆာ ဘာဝင်ငွေမှ လောက်လောက်လားလား မရှိတဲ့ အနေအထားမှာ ကစားသမားများနဲ့ အသင်းနည်းပြ အဖွဲ့ လစာ၊ အသင်း ပြိုင်ပွဲဝင်ဖို့ ကုန်ကျစရိတ်တွေကို အသင်းပိုင်ရှင်တွေက နှစ်စဉ် ကျပ်သိန်း ထောင်ချီ အရှုံးခံ ခရီးဆက်ခဲ့ ကြပါတယ်။
အရှုံးခံရတဲ့ ငွေကြေးပမာဏ များပြားလာမှုဒဏ်ကို မခံနိုင်တဲ့အဆုံး နေပြည်တော်၊ ဇေယျာရွှေမြေ၊ မနောမြေ၊ ဒဂုံ FC စတဲ့ အသင်း ပိုင်ရှင်တွေဟာ အသင်းတွေကို ဖျက်သိမ်းခဲ့ကြပါတယ်။ ဒီလို ဖျက်သိမ်းမှုတွေကြောင့် မြန်မာနေရှင်နယ်လိဂ် ဆက် လက် ရပ်တည်နိုင်ရေး အတွက် ဦးဇော်ဇော် ဦးဆောင်တဲ့ အဖွဲ့ချုပ် အနေနဲ့ ဘောလုံးကလပ် အသစ်တွေ ထပ်မံ ဖိတ်ခေါ်ခဲ့ ရသလို ကလပ်အသင်း အသစ်တွေလည်း ထပ်မံဖွဲ့စည်းပြီး မြန်မာနေရှင်နယ်လိဂ်-၂ မှာ အသင်း ၈ သင်းနဲ့ နေရှင်နယ်လိဂ် – ၁ မှာ အသင်း ၁၂ သင်း အရေအတွက် ပြည့်မီစွာ ပါဝင် ယှဉ်ပြိုင်ဖို့ စီမံဆောင်ရွက်ခဲ့တာတွေ မြင်တွေ့ရပါတယ်။
“ဘတ်ဂျတ်တွေ ဘာတွေဆို ဘယ်လောက် သုံးတယ်သာ ပြောနေတာ။ တချို့ကလပ်တွေဆို ကျနော်တို့ဘဏ်က စပွန်ဆာပေးတယ်။ တချို့ကလပ်တွေဆို ကျနော့်ရဲ့ ဘိလပ်မြေက စပွန်ဆာပေးတယ်။ တချို့ကလပ်တွေဆို ကျနော့် အာမခံ လုပ်ငန်းက စပွန်ဆာပေးတယ်။ ဒီလို သွယ်ဝိုက်သော နည်းနဲ့ ကူညီပေးနေရတာတွေ ရှိတယ်” လို့ ဥက္ကဋ္ဌ ဦးဇော်ဇော်က နေရှင်နယ်လိဂ်ကို ကျားကန်နေရတဲ့ အခြေအနေကို ပြောပြပါတယ်။
ဒါကြောင့် အဖွဲ့ချုပ် အတွက် မြန်မာနေရှင်နယ်လိဂ် ဆက်လက် လည်ပတ်နိုင်ရေး၊ လက်ရွေစင် အသင်းတွေနဲ့ သက်တမ်း အလိုက် လူငယ်အသင်းတွေ အောင်မြင်မှု ရရှိရေး၊ နိုင်ငံတကာ အဆင့်မီ နည်းပြများ၊ ဒိုင်လူကြီးများ ပေါ်ထွက်ရေး၊ ဘော လုံး အကယ်ဒမီများ ဆက်လက် ရှင်သန်ရပ်တည်ရေး၊ စာသင်ကျောင်းတွေမှာ ဘောလုံး အားကစားနည်းတွေ ထွန်းကား ရေး၊ အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွေ ကျင်းပနိုင်ရေး စတဲ့ ကိစ္စရပ်တွေဟာ ထင်သာမြင်သာရှိတဲ့ အခက် အခဲနဲ့ စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဦးဇော်ဇော် ကတော့ သူ ဥက္ကဋ္ဌ မလုပ်တော့ဘူး ဆိုရင်တောင် ဘောလုံးလောကကို ကျောခိုင်းသွားမှာ မဟုတ်ဘဲ လိုအပ်တဲ့ ကူညီမှုတွေ ဆက်လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
“ကျနော့် အနေနဲ့ ကိုယ့်နိုင်ငံရဲ့လိုအပ်နေတဲ့ ဒီအဖွဲ့အစည်း အပေါ် ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး။ တတ်နိုင်တဲ့ နေရာ ကနေ ငွေရေးကြေးရေး သော်လည်းကောင်း၊ အကြံဉာဏ်သော်လည်းကောင်း သူတို့လိုအပ်မယ်ဆို ကျနော်တို့ ကူညီမှာပဲ။ ကျနော့် အနေနဲ့ကတော့ ဘယ်တော့မှ ကိုယ်မလုပ်တော့ဘူး ဆိုပြီး ပစ်သွားမှာ မဟုတ်ပါဘူး” လို့ ဦးဇော်ဇော်က ပြောပါတယ်။
You may also like these stories:
ဂျပန်တွေ ကျေးဇူးတင် အမှတ်ရနေတဲ့ ဦးကျော်ဒင်
မြန်မာ့အားကစား ပြန်လည် အောင်မြင်ရေး လုပ်ရန် ခက်ခဲနေကြောင်း ဒုဝန်ကြီးပြော
ဘိလိယက်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ အထင်မသေးပါဘူး