နယ်မြေအကျယ်အဝန်း အသေးငယ်ဆုံးနှင့် လူဦးရေအနည်းဆုံး ကရင်နီ (ကယား) ပြည်နယ်သည် ၃ နှစ်အတွင်း စစ် အာဏာရှင်တော်လှန်ရေး၌ ငယ်သော်လည်း အဆိပ်ပြင်းသည့် ပြည်နယ်တခု ဖြစ်လာသလို တဖက်တွင်လည်း ပြည်နယ် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းခန့်မှာ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ဘဝ ရောက်နေကြသည်။
ရှမ်းမြောက်ဒေသ၏ “၁၀၂၇ စစ်ဆင်ရေး” နှင့် မရှေးမနှောင်းဆိုသလို နိုဝင်ဘာ ၁၁ ရက်က ကယားပြည်နယ်၌ ထွက်ပေါ် လာသော “၁၁၁၁ စစ်ဆင်ရေး” နောက်ပိုင်း ကရင်နီပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာရာ ပြည်နယ်မြို့တော် လွိုင်ကော်၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
၁၀ ရက်ကျော်အတွင်း တိုက်ပွဲကြောင့် လွိုင်ကော်မြို့ပေါ်နေ လူဦးရေ ၆ သောင်းကျော် အနက် ၈၀ ရာခိုင်နှုန်းခန့်က မြို့ကို စွန့်၍ ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ အများဆုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ မြို့ငယ်လေးလည်း ဗုံးဆန်၊ ကျည်ဆန်များကြား ရစရာမရှိအောင် ကြေမွပျက်စီးသွားခဲ့၏။
လက်ရှိလည်း ကရင်နီနယ်မြေအားလုံးနီးပါး၌ တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး လွိုင်ကော်အပါအဝင် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့များသည် လူသူလုံးဝ နေထိုင်၍မရတော့သလို လူမှုစီးပွားဘဝ မည်သို့မျှ အခြေချ၍ မရတော့သည့် မြို့များအဖြစ် ဆိုက်ရောက်နေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားခွန်အောင်က ပြောသည်။
ကိုဗညားခွန်အောင်သည် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး-၂ အဖြစ်လည်း လက်ရှိ တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။
“လက်ရှိအခြေအနေဟာ ကရင်နီပြည်ရဲ့ သမိုင်းမှာ တခါမှမကြုံခဲ့ဖူးတဲ့ အဆိုးဝါးဆုံး အခြေအနေတခုကို ဆိုက်ရောက် နေတယ်။ နှစ်ပေါင်းများစွာက စစ်ဘေးသင့်တဲ့ဘဝကို ခံစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ထိ ဆိုးဝါးတဲ့အခြေအနေက ပြည်နယ်မှာ တခါမှ မရှိခဲ့ဖူးပါဘူး” ဟု သူက ပြောသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်အတွင်း ကရင်နီပြည်၌ တိုက်ပွဲများကြောင့် ပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ပြီး ၂၃၀ ကျော် ထိခိုက်ဒဏ်ရာရကာ အရပ်သား ၅၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် အပါအဝင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ မယ်စဲ့နှင့် ဖားဆောင်း မြို့နယ် ၈ မြို့နယ်အတွင်း လူဦးရေ ၄ သိန်းခွဲဝန်းကျင် ရှိသည့်အနက် ၃ သိန်းခွဲမှာ စစ်ရှောင်နေရပြီး ကျန် ၁ သိန်းခန့် မှာ လည်း စားဝတ်နေရေးကျပ်တည်းမှု၊ စားနပ်ရိက္ခာရှားပါးမှု၊ မလုံခြုံမှု စသည့် လက်နက်ကိုင်ပဋိပက္ခ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားနေရသည်ဟု ဆိုသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ အချက်အလက်များအရ နယ်မြေတည်ငြိမ်သည့် ရွာတချို့တွင် မှီခိုနေထိုင်သော စစ်ရှောင် စခန်းများ အပါအဝင် စခန်းပေါင်း ၃၅၀ ခန့် ရှိကြောင်းနှင့် ဒီးမော့ဆိုမြို့နယ် အပါအဝင် ဖယ်ခုံ၊ ဖရူဆို၊ လွိုင်ကော် ၄ မြို့နယ်သည် စစ်ဘေးရှောင် အများဆုံးရှိရာ ဒေသများဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှားတောနှင့် မယ်စဲ့မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် (Border Points) BP-13၊ BP-14 တို့၌ ကရင်နီ စစ်ဘေးရှောင် ၁ သောင်းခွဲဝန်းကျင် ရှိနေသည်ဟုလည်း ဆိုသည်။
ကရင်နီပြည်နယ်အတွင်းက ပြည်သူများ စစ်ဘေးရှောင်ဘဝဖြင့် ဖြတ်သန်းရသည်မှာ လာမည့် မေလဆိုလျှင် ၃ နှစ် ပြည့်ပြီ ဖြစ်ပြီး တချို့က စစ်ဘေးရှောင်ဘ၀ဖြင့် ၂နှစ်ခွဲ၊ တချို့က ၂ နှစ်၊ ၁ နှစ်၊ ၆ လ စသည်ဖြင့် အိုးအိမ်စွန့်ခွာခဲ့ရသည့် ကာလ ခြားနားနိုင်သော်လည်း ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှု အများစုကမူ တူညီနေသည်။
ကာလ ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ လိုအပ်ချက်က အကြီးမားဆုံး အခက်အခဲ ဖြစ်လာပြီး စိုက်ပျိုးရေးကို အဓိက အခြေခံသည့် ပြည်နယ်အတွင်း နေရာအနှံ့ တိုက်ပွဲများကြောင့် ဒေသခံများအနေဖြင့် တောင်ယာမလုပ်နိုင်တော့သဖြင့် စားနပ်ရိက္ခာအတွက် ပြည်တွင်းပြည်ပ အလှူရှင်များကိုသာ မှီခိုအားထားနေရသည်။
သို့သော် အလှူရှင်များ အနေဖြင့်လည်း စီးပွားရေးကျပ်တည်းနေသည့်ကြား လက်နက်ကိုင်တော်လှန်ရေးမှအစ စစ်ဘေး ရှောင်အဆုံး နိုင်ငံတဝန်း ဖြန့်ကျက် မျှဝေကူညီနေရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ပမ်းလာကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားများ၌လည်း ထို့နည်းတူပင် ဖြစ်ကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူများက ဆိုသည်။
၂၀၂၄ ဖေဖော်ဝါရီ ၁၂ ရက်ထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ၂ ဒသမ ၄ သန်းခန့်သည် ၂၀၂၁ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ် လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများဖြစ်ကြောင်း ဆိုထားသည်။
“အစတုန်းက အလှူရှင် အဆက်မပြတ်ရှိတယ်။ အနည်းဆုံး တလကို တပတ်လောက်လာတယ်။ အခု အလှူရှင်က ပါးလာပြီး စစ်ရှောင်က တအားများလာတယ်။ အလှူရှင်က ပို့လိုက်တဲ့ စားနပ်ရိက္ခာ အထူးသဖြင့် ဆန်ဆိုရင် လုံးဝ မရှိတဲ့သူပဲရတယ်။ နည်းနည်းပါးပါး သူ့ဘာသာသူ ရှာစားနိုင်သူကျ သိပ်မပေးလိုတော့ဘူး” ဟု စစ်ဘေးရှောင် ဒေါ်ကက်သရင်းက ပြောပြသည်။
အသက် ၃၆ နှစ်အရွယ် ဒေါ်ကက်သရင်းသည် ဒီးမော့ဆိုအနောက်ခြမ်း၊ ဒေါရောက်ခူရွာအနီးရှိ ဆေးခန်းဟောင်း စစ်ရှောင်စခန်းမှဖြစ်ပြီး ယင်းစခန်းသို့ ရောက်ရှိခိုလှုံနေသည်မှာ ၂ နှစ်ခန့် ရှိပြီဟု ဆိုသည်။

အဆိုပါစစ်ရှောင်စခန်းကို ၂၀၂၁ ဇွန်လတွင် စတင်ဖွင့်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရွာများမှ စစ်ရှောင်ပြည်သူ အများစုဖြစ်ကြောင်း၊ စခန်းတွင် လူဦးရေ ၁၀၀ ခန့်၊ အိမ်ထောင်စုပေါင်း ၂၁ စုရှိပြီး ကလေးငယ် ၆၀ ခန့်ရှိကြောင်း သိရသည်။
“ကိုယ့်ဘာကိုယ်ပဲ ရုန်းကန်စားသောက်ရတယ်။ တပိုင်တနိုင် စိုက်ပျိုးတာလည်း ရှိတယ်။ မွေးမြူရေးလည်း လုပ်တယ်။ ဈေးရောင်းစားတဲ့သူကလည်း ရောင်းစားတယ်။ လုပ်နိုင်တဲ့သူတွေက အလုပ်သွားတယ်။ ရွာခံနဲ့ အတူတူနေတော့ သူတို့နဲ့အလုပ်သွားလုပ်ပြီး နေ့စားခနဲ့ စားကြတယ်” ဟု ဒေါ်ကက်သရင်းက ရှင်းပြသည်။
၎င်းနေထိုင်ခဲ့သည့်ရွာတွင် စစ်တပ်များ စခန်းချထားသဖြင့် အိမ်မပြန်ရဲကြကြောင်း၊ တချို့အိမ်များ မီးရှို့ဖျက် ဆီးခံထား ရသလို ကျန်ရှိနေသေးသည့် နေအိမ်များမှာလည်း အတွင်းပစ္စည်းများ မရှိတော့ဟု ကြားသိရကြောင်း၊ ၎င်းတို့စခန်းတွင် စားသောက်ကုန် ရိက္ခာပိုင်း အဓိကလိုအပ်နေကြောင်း ၎င်းက ပြောသည်။
“စစ်မပြေးခင်တုန်းက ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ ကိုယ့်စီးပွားရေးနဲ့ကိုယ် အဆင်ပြေတယ်။ ပျော်ရွှင်တယ်။ အိမ်မှာနေတုန်းက အဆင်မပြေဘူးဆိုတာဟာ အခုစစ်ရှောင်ဘဝကျမှ ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ ကိုယ့်အိမ်မှာနေရတဲ့အရသာကို နားလည်သွားတော့တယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများက စစ်ရှောင်များအတွက် စားနပ်ရိက္ခာသာမက ဆေးဝါးရရှိမှု ကိုလည်း အခက်အခဲ ဖြစ်စေသည်။ မွေးကင်းစကလေးငယ်များ ကာကွယ်ဆေး ပုံမှန်မထိုးရသဖြင့် ကလေးငယ်တို့၏ အနာဂတ်အတွက် စိုးရိမ်ပူပန်စရာဖြစ်နေသည်။
ကျန်းမာရေးဝန်ဆောင်မှုအနေဖြင့် ယခင်နှစ်များထက် ပိုမိုလက်လှမ်းမီလာပြီး ဆေးရုံ၊ ဆေးခန်း အတော်အသင့်ရှိလာပြီ၊ သက်ဆိုင်သည့် အရပ်ဖက်အဖွဲ့အစည်းများက ကျန်းမာရေးကိစ္စများ ထဲထဲဝင်ဝင် လုပ်လာနိုင်ပြီဟု ဆိုနိုင်သော်လည်း ပြိုလဲသွားသော စနစ်တခုအား ပြန်လည်ထူထောင်ရခြင်းဖြစ်ရာ စိန်ခေါ်မှုများစွာ ရှိနေဆဲဟု ကိုဗညားက ပြောသည်။

“ကလေးနဲ့ အမျိုးသမီးတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားပြီးခါစ အမျိုးသမီးတွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီနေပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲပါ။ စိတ်ပိုင်းဆိုင်ရာရော၊ ဆေးစွဲသောက်နေရတဲ့ ဝေဒနာရှင်တွေ အတွက်လည်း စိန်ခေါ်မှုပိုများတယ်” ဟု ၎င်းက ဆိုသည်။
တာလပတ်၊ ထရံဖြင့် မိုးကာထားသည့် အကျယ် ၁၀ ပေခန့်သာသာ တဲအိမ်လေးများက စစ်ရှောင်ပြည်သူများအတွက် နားခိုရာဖြစ်သည်။ လျှပ်စစ်မီးမရှိသလို နွေရာသီရောက်လာလျှင် သောက်သုံးရေ အခက်အခဲကိုလည်း ရင်ဆိုင်ရပြန်သည်။
ရေသန့်ဘူးကြီး တဘူးကို ကျပ် ၂,၀၀၀ ပေး ဝယ်သောက်ရသလို သုံးရေအတွက် ကျောက်စည်ပိုင်း ၄ လုံးစာ ရေပမာဏ သယ်သည့် ကားတစီးလျှင် ၃ သောင်းကျော် ပေးရကြောင်း၊ ရေဖိုးအတွက် စစ်ရှောင်များက အချိုးကျထည့်ဝင် ဝယ်ကြရ ကြောင်း ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်း ၂ ခုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းက ကွင်းဆင်းသတင်းယူခဲ့သည့် ဧရာဝတီ အကြီးတန်းသတင်းထောက်က ပြန်လည်ပြောပြသည်။
၎င်းမြင်တွေ့ခဲ့ရသည့် စစ်ရှောင်များ၏ အခြေအနေနှင့် ပတ်သက်၍လည်း “စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးကြီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေပဲ များပါတယ်။ အမျိုးသားတွေက စားဝတ်နေရေးအတွက် နီးစပ်ရာရွာတွေမှာ ဒါမှမဟုတ် တခြားနေရာတွေမှာ အလုပ်သွားလုပ်နေကြလို့ နေ့ခင်းဘက်တွေမှာ မရှိကြဘူး” ဟု ပြောသည်။
ပညာရေးကဏ္ဍအတွက်မူ ကရင်နီတော်လှန်ရေးအင်အားစု၏ ထိန်းချုပ်နယ်မြေများတွင် စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားပေးနေပြီး IEC ၏ စာရင်းများအရ လက်ရှိအချိန်ထိ ကျောင်းပေါင်း ၄၀၀ ကျော်တွင် ဆရာ/ ဆရာမ အင်အား ၃ ထောင်ခန့်ဖြင့် ကျောင်းသူကျောင်းသားပေါင်း ၃ သောင်းကျော်ကို ပညာသင်ကြားပေးနေကြောင်း သိရသည်။
သို့သော် အဆောက်အအုံလိုအပ်ချက်၊ စစ်ဘေးရှောင်များသဘာဝအရ မကြာခဏ နေရာရွှေ့ပြောင်းရခြင်းနှင့် သင်ရိုးညွှန်း တမ်းစာအုပ် အပါအဝင် သင်ကြားရေးထောက်ပြုပစ္စည်းများ၊ ဆရာ/ ဆရာမများ၏ လစာအတွက် အခက်အခဲ ရှိနေသေးသလို တဖက်တွင်လည်း အထက်တန်းပြီးသွားသည့် ကလေးများ၏ ရေရှည်အနာဂတ်ပညာရေးစနစ်က စိန်ခေါ်မှုတခု ဖြစ်နေသည်။
ထို့ပြင် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းရန် အန္တရာယ်များကြောင့် ကလေးသူငယ်များစွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ကပင် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်ဖကျေးရွာရှိ စာသင်ကျောင်းအနီး တဝိုက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စာသင်ကြားနေသည့် ကလေးများ အသက်ဆုံးရှုံးခဲ့ရသည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေါဆီးအီကျေးရွာ စာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် ၁၃ နှစ်အရွယ် အလယ်တန်းကျောင်းသား ၄ ဦး ပွဲချင်းပြီး သေဆုံးကာ မူကြိုအရွယ် ၁ ဦး အပါအဝင် ကလေးငယ် ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ လွိုင်နန်ဖကျေးရွာရှိ စာသင်ကျောင်းမှလည်း ဆရာ/ ဆရာမ ၂ ဦးနှင့် ကျေးရွာသူရွာသား ၅ ဦး ဒဏ်ရာရခဲ့ပြီး ကျောင်းအဆောက်အအုံ ၆ လုံး ပျက်စီးသွားခဲ့ကြောင်း IEC က ထုတ်ပြန်ထားသည်။
ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် ဓလေ့ထုံးထမ်း ဥပဒေများအပေါ် ဆိုးဝါးသည့် ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ်အရ စစ်ရာဇဝတ်မှုမြောက်သလို ကလေး သူငယ်များ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (CRC) အရ “ကလေးငယ်တိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်” ဟူသော အချက်နှင့် ဂျနီဗာသဘောတူညီချက်များကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်းလည်း IEC က ဆိုထားသည်။
ဒေါ်ဆီးအီကျေးရွာ စာသင်ကျောင်းတွင် KG မှ G-9 ထိ ကျောင်းသူကျောင်းသား ၁၇၀ ဦးရှိပြီး မူကြိုကလေးငယ် ၃၅ ဦး ရှိကာ ဆရာ၊ ဆရာမဦးရေ ၁၂ ဦးဖြင့် လည်ပတ်နေကြောင်း၊ ယင်းနေ့က စစ်ကောင်စီ၏ ရုတ်တရက် လာရောက် တိုက်ခိုက်မှုကြောင့် ဗုံးခိုကျင်းထဲသို့ အကုန်ကြိုတင်ရှောင်ပုန်းချိန် မရခဲ့ကြောင်း၊ ဗုံးကြဲချသည့်နေရာသည် တိုက်ပွဲနယ်မြေ မဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသောနေရာဖြစ်ကြောင်း သိရသည်။
“အဲဒီနေ့ ဖြစ်ရပ်နဲ့ပတ်သက်ရင် ဘာကြောင့် အပြစ်မဲ့တဲ့ကလေးတွေ စာသင်နေတဲ့နေရာကို လာပြီးဗုံးကြဲရသလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ ခု တလရှိပြီ။ အပြင်ဒဏ်ရာရတဲ့ ကလေးတွေက ကုသလို့ရပေမယ့် စိတ်ဒဏ်ရာတွေက တော့ တော်တော်လေး အချိန်ယူရအုံးမယ်။ ဂယောင်ခြောက်ခြား ဖြစ်နေတုန်းပဲ။ ဆရာမတွေလည်း ကြောက်စိတ်ရှိတုန်းပဲ” ဟု အသက် ၃၆ နှစ်အရွယ် ဒေါဆီးအီကျောင်းတာဝန်ခံ ဆရာမက ပြောပြသည်။
ကလေးငယ်များရော၊ ဆရာ/ဆရာမများပါ အသံတခုခုကြားလိုက်တိုင်း ယင်းနေ့က လေယာဉ်ဖြင့်ဗုံးလာကြဲမှုကို မြင်ယောင်ပြီး ကြက်သီးများထလာသလို စိတ်နှင့်လူမကပ် ဖြစ်နေကြောင်း၊ ကလေးငယ်များတွင် နှာခေါင်းသွေးယိုခြင်းနှင့် နားအူခြင်းများ မကြာခဏဖြစ်နေပြီး အစားအသောက်လည်း ပျက်လာသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
“ကလေးတွေက အရင်လို ပျော်ရွှင်မှု မရှိတော့ဘူး။ အချိန်အတော်ယူပြီး ပြန်ပြီးကုစားရအုံးမယ်” ဟုလည်း ၎င်းက ဆိုသည်။
ကလေးများ အပါအဝင် ဆရာ၊ ဆရာမများအနေဖြင့် စာသင်ဖို့ထက် အန္တရာယ်ကိုပဲ ကြောက်နေရကြောင်း၊ စာအပေါ် အာရုံမစိုက်နိုင်ဘဲ မည်သည့်အချိန်မှာများ ဘာတွေပြုတ်ကျလာမလဲဆိုပြီး အမြဲစိုးရိမ်ထိတ်လန့်နေရကြောင်း ဖူးကောင်းမအင်းတောင်ခြေစစ်ရှောင်စခန်းမှ မူလတန်းပြဆရာမတဦးကလည်း ဖွင့်ဟပြောဆိုသည်။
“၁၀၂၇ စစ်ဆင်ရေး” နှင့် “၁၁၁၁ စစ်ဆင်ရေး” များကြောင့် ရှမ်းနှင့် ကရင်နီဒေသများ အပါအဝင် နိုင်ငံအနှံ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး သုံးလကျော်အတွင်း ကရင်နီဒေသ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၅၁၉ ကြိမ်ထက်မနည်းရှိခဲ့ကာ တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် အများဆုံးဖြစ်ကြောင်း သုတေသနအဖွဲ့တခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း၌ ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး ကျပ်တည်းမှုအပြင် စစ်ကောင်စီ၏ လေယာဉ်နှင့် လက်နက်ကြီးများကြောင့် အချိန်မရွေး အသက်အန္တရာယ်အတွက်ပါ စိုးရိမ်နေရသည့် အခြေအနေဖြစ်နေရာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကိုပါ ခံစားနေကြရပြီး အိမ်အမြန်ပြန်ချင်သည်ဟု ပြောဆိုကြကြောင်း ကရင်နီစစ်မြေပြင်တွင် သတင်းယူနေသည့် အလွတ်တန်းသတင်းထောက် Esther J က ၎င်းကြုံတွေ့ရသည်များကို ပြန်လည်ပြောပြသည်။
ထိုအရာများကို မြင်တွေ့ကြားသိနေရသည့် သတင်းသမားတယောက်အနေဖြင့် အဖြစ်အပျက်များအား သတင်းရေးရုံ၊ စစ်ရှောင်များအတွက် ငွေကြေးနိုင်သမျှကူညီပေးရုံသာ တတ်နိုင်ပြီး ဘာမှမလုပ်ပေးနိုင်သည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟုလည်း သူက ဆိုသည်။
“တော်လှန်ရေးက ဘယ်တော့ပြီးမလဲ၊ ဘယ်တော့အိမ်ပြန်ရမလဲ အဲဒီလိုမျိုးတွေ အမေးများကြတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘဲ ဘာလို့ စစ်ရှောင်စခန်းတွေ လာလုပ်တာလဲ။ UN တို့ ဘာတို့က အရေးယူမယ် ဆိုတာတွေရော ဘာလို့ အရေးမယူတာလဲ။ ဘယ်လိုအခြေအနေရောက်မှ သူတို့က အရေးယူမှာလဲ အဲဒါတွေ မေးကြတယ်” ဟု Esther J က ပြန်လည်ပြောပြသည်။
မြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုက်အဝန်း က ဘက်ပေါင်းစုံမှ ကြိုးစားလာကြပြီး ထိုင်း-မြန်မာနယ်စပ်၌ လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန်တခု တည်ဆောက် သွားမည်ဟု ဖေဖော်ဝါရီလဆန်းပိုင်း၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။
လူဦးရေ ၂ သောင်းအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးအပြင် လိုအပ်သည်များ ပေးအပ်သွားမည်ဖြစ်ပြီး ထိုင်း-မြန်မာ ကြက်ခြေနီအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

အဆိုပါ ကြိုးပမ်းချက်သည် မှားယွင်းသည့် ချဉ်းကပ်မှုဖြစ်ပြီး စစ်ကောင်စီကို တရားဝင် စင်တင်ပေးသလို ဖြစ်မည့်အပြင် အမှန်တကယ် လိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူအညီများ ရောက်နိုင်မည် မဟုတ်ကြောင်း မြန်မာ အတိုက်အခံ အင်အားစုများ အပါအဝင် ပြည်တွင်းပြည်ပ နိုင်ငံရေးသုတေသီများက ဝေဖန်ထောက်ပြထားသည်။
စစ်ကောင်စီနှင့်သာ ပေါင်းစပ်ညှိနှိုင်းပြီးမှ လူသားချင်းစာနာထောက်ထားမှု လုပ်မည်ဆိုပါက ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ကိုဗညားကလည်း ရှုမြင်သည်။
“အခုဆို ပြည်နယ်ရဲ့ အနည်းဆုံး ၈၅ ရာခိုင်နှုန်းကနေ ၉၀ ထိကို သိမ်းပိုက်ထားပြီးသား၊ ထိန်းချုပ်ထားပြီးသား ဖြစ်တယ်။ စကစ ယန္တရားမရှိတော့ဘူးလို့ ပြောလို့ရသွားပြီ။ အဲဒီအောက်မှာမှ ဘယ်လိုလုပ်ပြီးတော့ စကစနဲ့ လူသားချင်းစာနာ ထောက်ထားမှုကို လုပ်လို့ရမလဲ။ ကျနော်တို့ ကရင်နီပြည်နယ်မှာ ဒါ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေတခုပါ” ဟု ၎င်းက ပြောသည်။
ထိုင်းအစိုးရအနေဖြင့် IEC အပါအဝင် ဒေသတွင်း ရှိရင်းစွဲတိုင်းလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ပြီး ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများ ရှာဖွေကူညီမှသာလျှင် ကရင်နီပြည်၏ လူသားချင်းစာနာ ထောက်ထား မှုအရေးကို ကူညီရာရောက်မည်ဟု သူက ဆိုသည်။
လက်ရှိတွင် ပြည်နယ်၏ အရေးကြီး ဝင်ပေါက်ထွက်ပေါက်များ အပါအဝင် မိုးဗြဲ၊ နန်းမယ်ခုံ၊ ရှားတော၊ မယ်စဲ့ ၄ မြို့ကို ကရင်နီတော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသလို လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းတို့၌လည်း စစ်ကောင်စီသည် မြို့ပေါ်ကွက်ကွက်နှင့် ၎င်းတို့၏ တပ်စခန်းများမှလွဲ၍ အပြင်မထွက်နိုင်ဖြစ်နေကြောင်း ကိုဗညားခွန်အောင်က ရှင်းပြသည်။
သို့သော် လတ်တလော အခြေအနေများအရ ကရင်နီပြည်၏လားရာအား အတိအကျ ပြောဖို့ခက်သလို စစ်ဘေးရှောင်ပြည်သူတို့၏ အိမ်အပြန်လမ်းမှာလည်း ဝေဝါးနေဆဲဖြစ်သည်။
ဒေါရောက်ခူစစ်ရှောင်စခန်းမှ အသက် ၅၂ နှစ်အရွယ် ဒေါရွတ်သီက “မိုးကာနဲ့ပဲ နေရနေရ။ ကိုယ့်အိမ်ကိုပဲ ပြန်ချင်တယ်။ စစ်ကောင်စီကို စိတ်နာတယ်။ မြင်လည်းမမြင်ချင်ဘူး။ နိုင်အောင်တိုက်မယ်။ တော်လှန်ရေး မြန်မြန်အောင်ပါစေ။ ကိုယ့်အိမ်ကိုယ့်ရွာကို မြန်မြန်ပြန်နိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟု ဆိုသည်။ ။