အစိုးရက အမေရိကန် တဒေါ်လာလျှင် ကျပ် ၁ ထောင် အထိ ဈေးမြင့်တက်စေရန် ဝင်ရောက် ထိန်းသိမ်းမှု ပြုလုပ်မည် ဆိုသော သတင်းများ ထွက်ပေါ်လာ ပြီးနောက် ပြည်တွင်း ဈေးကွက်တွင် အမေရိကန် ဒေါ်လာ တန်ဖိုး ရုတ်တရက် မြင့်တက်ပြီး ဝယ်ယူသူ အလွန် များပြားနေကြောင်း သတင်းရရှိသည်။
အနိမ့်ဆုံး အလုပ်သမား လစာတိုးမြှင့်ရေး ကိစ္စနှင့် ပတ်သက်၍ သမ္မတ အကြံပေး အဖွဲ့များနှင့် လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်း မှုများ ပြုလုပ်ကြရာ လုပ်ငန်းရှင် အများစုက အမေရိကန်ဒေါ်လာ တန်ဖိုးနိမ့်ကျပြီး ကျပ်ငွေဈေး မာနေသော အခြေအနေတွင် အလုပ်ဆက်လုပ်ရန် မဖြစ်နိုင်ဟု ပြောဆိုကြကြောင်း၊ အထူးသဖြင့် အထည်ချုပ် လုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများတွင် ဒေါ်လာတန်ဖိုး နိမ့်ကျနေခြင်းကြောင့် ပို့ကုန်များ မတင်ပို့နိုင်ကြတော့ဘဲ တွက်ခြေမကိုက် အရှုံးပေါ်နေရသည်ဟု ပြောဆိုကြကြောင်း၊ ယင်းတွေ့ဆုံမှု နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာစေရေးအတွက် ဗဟိုဘဏ်က ဈေးကွက်အတွင်း ဝင်ရောက် ထိန်းသိမ်းရန်ရှိသည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီး အမေရိကန်ဒေါ်လာ တန်ဖိုး ရုတ်တရက် ထိုးတက်လာကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ စီးပွားရေးလုပ်ငန်းရှင် တဦးက ဆိုသည်။
“သမ္မတရုံးက အကြံပေးတွေနဲ့ လုပ်ငန်းရှင် တချို့ အလွတ်သဘော တွေ့ကြပြီး နောက်ပိုင်းမှာ ဒေါ်လာဈေး မာအောင် ဗဟိုဘဏ်က ကိုင်မယ်ဆိုတဲ့ သတင်းတွေ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတယ်။ အဲဒီနောက်မှာ ဒေါ်လာဈေး ရုတ်တရက် တက်သွားတယ်” ဟု မြန်မာအစိုးရနှင့် ဂျပန်ဒိုင်ဝါ ကုမ္ပဏီတို့ ဖက်စပ်ပူးပေါင်း ဆောင်ရွက်လျက် ရှိသော မြန်မာ့ချေးငွေ သက်သေခံလက်မှတ် ရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။
ပြည်တွင်းဈေးကွက်တွင် အမေရိကန်ဒေါ်လာ တဒေါ်လာလျှင် ၈၅၀ ကျပ်ဝန်းကျင်သာ ပုံမှန်ရှိခဲ့ရာမှ ဇွန်လ ၂၇ ရက်နေ့က ၈၉၁ ကျပ်အထိ ဈေးတက်ခဲ့ပြီး ညနေပိုင်းတွင် ၈၈၅ ကျပ်ဖြင့် ဈေးပိတ်သွားခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်လုပ်ဆောင်နေသော သိမ်ဖြူ ငွေလဲစင်တာများတွင် ဇွန်လ ၂၇ ရက်နေ့က အမေရိကန် တဒေါ်လာ ဝယ်ဈေး ၈၆၅ ကျပ်၊ ရောင်းဈေး ၈၇၄ ကျပ် သတ်မှတ် ရောင်းဝယ်ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဝယ်ယူသူ များပြားလွန်းသည့်အတွက် ဒေါ်လာပြတ်လပ်သည် အထိ ဖြစ်သွားရပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဘဏ်များ၏ နိုင်ငံခြားငွေလဲ ကောင်တာများတွင် ဒေါ်လာမရောင်းချတော့ဘဲ ဒေါ်လာပြန်လည် ဝယ်ယူမှုသာ ပြုလုပ်တော့ကြောင်း သိရှိရသည်။
“ပုဂ္ဂလိက ငွေလဲကောင်တွေက ဒေါ်လာ သိပ်မရောင်းကြဘူး။ အဝယ်ပဲ များတယ်” ဟု သိမ်ဖြူငွေလဲကောင်တာမှ ဝန်ထမ်း တဦးက ဆိုသည်။
ရန်ကုန်မြို့အခြေစိုက် ငွေလဲဒိုင် အများစုကမူ အစိုးရက ကားသစ်များလွတ်လပ်စွာ တင်သွင်းခွင့်ပြုလာမှု၊ ကားဟောင်းများ အပ်နှံ၍ ကားသစ်လဲလှယ် တင်သွင်းခွင့်ပြုမှုများ ရှိလာသဖြင့် အမေရိကန် ဒေါ်လာ ဝယ်လိုအား မြင့်တက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အစိုးရက ကျပ် ၁ သောင်းတန် ငွေစက္ကူသစ်များ ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုနှင့် ဈေးနှုန်းတက်မည်ကို စိုးရိမ်ပြီး ဒေါ်လာဝယ်ယူ စုဆောင်းမှု မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။
“လူတိုင်း ကားသစ်တင်သွင်းခွင့်ပြုနေတဲ့အပြင် ကားဟောင်းလဲမယ့် သူတွေကိုလည်း ဆက်တိုက်ဆိုသလို ခွင့်ပြုနေတော့ ဒေါ်လာက အတက်ဘက်ကိုပဲ ဦးတည်နေတယ်။ တသောင်းတန် ထုတ်လိုက်တာ ကြောင့်လည်း ကျပ်ငွေတန်ဖိုး ကျတယ်။ အခုအတိုင်းဆိုရင် သိပ်မကြာခင်မှာ ဒေါ်လာဈေးက ၉၀၀ ကျော်အထိ တက်လာမယ်လို့ မျှော်လင့်တယ်” ဟု နိုင်ငံခြား ငွေလဲဒိုင် လုပ်ကိုင်နေသူ တဦးက ဆိုသည်။
ပြည်တွင်း စီးပွားရေးပညာရှင် တဦးကမူ အစိုးရအနေဖြင့် ကျပ်ငွေဈေးကျစေရန် အတင်းဆွဲချခြင်းသည် သွင်းကုန် အင်အားစုများ ဈေးတက်လာနိုင်ခြင်း၊ ငြိမ်သက်နေသော ကုန်ဈေးနှုန်းများ မြင့်တက်စေရန် လှုံ့ဆော်သကဲ့သို့ ဖြစ်နိုင်ခြင်း၊ ပို့ကုန်များ တွက်ခြေကိုက်စေရေး ပြုလုပ်ရာမှ ငွေကြေး ဖောင်းပွမှုနှင့် အထွေထွေ စရိတ်မြင့်တက်ခြင်း ဆီသို့ ဦးတည်နိုင်သည်ကို သတိထားစေလိုကြောင်း ရှင်းပြသည်။
တိုင်းပြည်စီးပွားရေးသည် ပို့ကုန်တခုတည်းတွင် မူတည်နေခြင်း မဟုတ်သောကြောင့် ပို့ကုန်တန်ဖိုး မြင့်တက်ရန် ကျပ်ငွေ တန်ဖိုး ဆွဲချခြင်းဖြင့် ကုန်ဈေးနှုန်းတက်လာခြင်း၊ ငွေကြေးဖောင်းပွခြင်းများ ဖြစ်လာပါက ဝင်ငွေနည်း လူတန်းစားများ ပိုမို ထိခိုက်မည် ဖြစ်ကြောင်း၊ အမှန်တကယ် လုပ်သင့်သည့်မှာ စီးပွားရေးကို အရှိန်မြှင့်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ချက်ချင်း ဝင်ရောက်လာစေရန် ပြင်ဆင်သင့်သည့် စီးပွားရေး အခြေခံ အဆောက်အအုံများအား ချက်ချင်း ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ခေတ်မမီတော့သည့် ဥပဒေများ ဖျက်သိမ်းသင့်ကြောင်း ၎င်းက ပြောသည်။
“နီးစပ်ရာ လုပ်ခွင့်ပေးတဲ့ လက်ဝါးကြီးအုပ်၊ ခရိုနီ စီးပွားရေး ပုံစံတွေကို အမြန်ဆုံး ပျောက်အောင် လုပ်ဖို့ပါ။ ဈေးကွက် စီးပွားရေးစနစ်ဆိုတာနဲ့အညီ စီးပွားရေး သမားတိုင်း တန်းတူညီမျှ ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အရေးကြီး ပါတယ်။ ငွေလဲနှုန်းမှာ မြန်မာငွေတန်ဖိုး ပျော့သွားတာနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ကထိက တဦးကလည်း ဗဟိုဘဏ်သည် ဈေးကွက်အတွင်းမှ ဒေါ်လာများကို ပြန်လည် ဝယ်ယူခြင်းဖြင့် ဒေါ်လာတန်ဖိုး မြင့်တက်ရန် လုပ်ဆောင်နိုင်သော်လည်း ထိုသို့မြင့်တက်စေရန် လုပ်ဆောင်မှုသည် ရေတိုကာလသာ အဆင်ပြေမည် ဖြစ်ကြောင်း၊ ရေရှည် စီးပွားရေးကောင်းမွန်စေရန် အတွက်မူ အစိုးရအနေဖြင့်
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်မြင့်တင် ရမည်ဟု ရှင်းပြသည်။
“စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုတာက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလို မမြန်ဆန်ဘူး။ ပိုပြီးတော့ သိမ်မွေ့တယ်။ ဖြစ်ချင်တာကို
အတင်းကြီး လုပ်လို့မရဘူး။ အခု အစိုးရလုပ်နေတာက ငွေလဲနှုန်းကို ပြောင်းဖို့ လုပ်နေတယ်။ တကယ်တော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုတာ ငွေလဲနှုန်း တခုတည်းမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို နေ့စဉ် သတ်မှတ်ထုတ်ပြန်ပြီး တရားဝင် ဈေးကွက် အကောင် အထည် ဖော်လျက် ရှိသော်လည်း ပြင်ပဈေးကွက်နှင့် ပြင်ပငွေလဲဈေးနှုန်း များမှာ ပျောက်ကွယ်ခြင်းမရှိဘဲ ဆက်လက် တည်ရှိ လည်ပတ်နေဆဲ ဖြစ်သည်။