မြန်မာ နိုင်ငံ၏ အာမခံလုပ်ငန်း အခန်းကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ထိပ်သီး နိုင်ငံ ၅ နိုင်ငံသို့ သွားရောက် လေ့လာမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဧရာဝတီသို့ ပြောသည်။
“အာမခံ လုပ်ငန်းမှာ နှစ် ၁၀၀ သက်တမ်း ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ အာမခံဈေးကွက်ကို ပထမဆုံး လေ့လာမယ်၊ ဒီလောက် သက်တမ်းမှာ သူတို့တွေရဲ့ အမှား လုပ်ခဲ့တာတွေ၊ အမှန် လုပ်နေတာတွေ သိရှိနိုင်မယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာမယ်။ သင်ခန်းစာ ယူမယ်။ မြန်မာပြည်ရဲ့ အာမခံ ဈေးကွက်က လသား လောက်ပဲရှိသေးတယ်။ အာမခံ လုပ်ငန်းတိုးတက်ဖို့ ဆောင်ရန် ရှောင်ရန်တွေ သိသွားရင် အချိန်အကြာကြီး စောင့်နေစရာ မလိုတော့ဘူး၊ ကာလတိုနဲ့ပဲ သူတို့လို အနေအထား ရောက်အောင် ကြိုးစားသွားလို့ရတယ်” ဟု ၎င်းက ရှင်းပြသည်။
ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အာမခံ လုပ်ငန်းနှင့် ပတ်သတ်ပြီး ဂျပန်နိုင်ငံသို့ သွားရောက် လေ့လာရန် ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းက ခရီးထွက်ခွာခြင်း မပြုမီ အထက်ပါအတိုင်း ဧရာဝတီသို့ ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်ကို ဂျပန်နိုင်ငံ၏ အထွေထွေ အာမခံ လုပ်ငန်းဆိုင်ရာ အသင်းကြီးက ဖိတ်ခေါ်မှုကြောင့် သွားရောက် လေ့လာခြင်း ဖြစ်ပြီး Sompo ဂျပန် အာမခံကုမ္ပဏီက စီစဉ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့ လေ့လာမှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ပုံစံ ပြောင်းလဲဆောင်ရွက်ပြီး မြန်မာ့ အာမခံ ကုမ္ပဏီဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် သွားမည်ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။
ဒေါက်တာမောင်မောင်သိမ်းနှင့် အဖွဲ့သည် ကမ္ဘာ့ အာမခံဈေးကွက် အတွင်း ဖွံ့ဖြိုး တိုးတက်လျှက်ရှိသည့် ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးစဉ် ပြီးနောက် ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ လန်ဒန် အာမခံ ဈေးကွက်များသို့ ဆက်လက် သွားရောက် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အစိုးရသစ် လက်ထက်တွင် ယခုနှစ် မေလအတွင်းက ပုဂ္ဂလိက အာမခံကုမ္ပဏီ တည်ထောင် လိုသူများကို အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့သို့ စတင် လျှောက်ထားခွင့် ပြုခဲ့ပြီး စက်တင်ဘာလ အတွင်းက အာမခံ လုပ်ငန်း လုပ်ပိုင်ခွင့် လျှောက်ထား ခဲ့ကြသည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီ ၂၀ အနက် ၁၂ ခု ကို လုပ်ကိုင်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုသည့် အာမခံအမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေ အာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိ အာမခံတို့ ဖြစ်ပြီး လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည် စိတ်ချရမှုအတွက် အသက် အာမခံလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီသည် Paid – up Capital (မတည်ရင်းနှီးငွေ) ကျပ် သန်းခြောက်ထောင်၊ အထွေထွေ အာမခံအတွက် မတည်ရင်းနှီးငွေ ကျပ်သန်း လေးသောင်းနှင့် လုပ်ငန်း ၂ ခုပေါင်း လုပ်ကိုင်လိုသည့် ကုမ္ပဏီသည် မတည်ရင်းနှီးငွေ ကျပ် ၄၆ ဘီလီယံ ရှိရမည် ဖြစ်ကြောင်း သိရသည်။