မြန်မာနိုင်ငံအတွင်း အခြေစိုက် လုပ်ကိုင်နေကြသည့် အထည်ချုပ် စက်ရုံများ၌ လက်ရှိအချိန်တွင် အမှာရုပ်သိမ်းမှု များလာခြင်းနှင့်အတူ အော်ဒါများ ကျဆင်းလာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
“အော်ဒါက အခု ပြန်ပြီးတော့ ကျလာတယ်။ ပြသာနာတွေ ဖြစ်ပြီးကတည်းကပဲ။ အော်ဒါအပ်တဲ့သူက ဒီမှာ မငြိမ်လို့ ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့ တလှည့်ပြောင်း အပ်လိုက်မယ်ဆိုနေတော့ ကိုယ်က မအပ်ပါနဲ့၊ ကိုယ်ဆီပဲ ပို့ပါလို့ ပြောလို့ မရတော့ဘူး။ ကိုယ့်စက်ရုံတွေမှာလည်း ပြသနာတွေ ဗြောင်းဆန်နေတာ ဆိုတော့။ သူတို့လည်း ဟိုဘက်မှာ တဆင့်ရောင်းရတော့ ရက်ချိန်းနဲ့ လုပ်ကြရတာ။ ဒီမှာက ဆန္ဒပြနေတာတွေနဲ့ ဘယ်လိုမှ လုပ်မရဘူး” ဟု ဦးမြင့်စိုးက ပြောသည်။
ပြီးခဲ့သည့် လအတွင်းက ရွှေပြည်သာ စက်မှုဇုန်ရှိ Costec အထည်ချုပ် စက်ရုံ၊ E-Land Myanmar စက်ရုံ၊ Ford Glory စက်ရုံ စသည်တို့မှ အလုပ်သမား မြောက်များစွာက လုပ်ခလစာ တိုးမြှင့်ပေးရေးနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများ ရက်ရှည် ဖြစ်ပွားခဲ့သည်။
ထိုသို့ အလုပ်ရှင်နှင့် အလုပ်သမားများ အကြား လုပ်ခလစာ ညှိနှိုင်းရေး အဆင်မပြေမှုကြောင့် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ခြင်းက ရေရှည်တွင် အထည်ချုပ် လုပ်ငန်းအတွက် စိုးရိမ်စရာ ဖြစ်လာနေသည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“စက်ရုံက ၂၀၀ ကျော် ၃၀၀ လောက် ရှိတော့ တချို့လည်း ဝယ်သူတွေက နောက်ဆုတ်သွားတာ ရှိသလို တချို့ကလည်း ဆက်ပေးနေတာတွေတော့ ရှိပါတယ်။ ယေဘုယျအားဖြင့် Industry တခုလုံးကို ကြည့်မယ်ဆိုရင် လာတဲ့သူက လာတယ်။ ရပ်သွားတဲ့ဟာလည်း ရှိတယ်။ နောက်ကိုပဲ ဆုတ်ပြီး အရမ်းကြီး အနုတ်သဘော ဆောင်တာမျိုး မဟုတ်ပေမယ့် ရေရှည်မှာ စိုးရိမ်ဖွယ် ရှိပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် ပတ်သက်ပြီး အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အလုပ်သမား ကိုယ်စားလှယ်များ အကြား ညှိနှိုင်းမှုမှာ ယနေ့အချိန်အထိ အဆုံးမသတ်နိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။
အစိုးရသစ်လက်ထက် နှစ်များအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (FDI Law) ကို ပြဌာန်းသည့် ၂၀၁၂ ခုနှစ်မှစ၍ ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လက်ခစားစနစ် လုပ်ငန်းဖြစ်သည့် အထည်ချုပ် လုပ်ငန်း၌ ဝင်ရောက်မှု ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်လာခဲ့သည်။
လက်ရှိအချိန်တွင် အထည်ချုပ် စက်ရုံအင်အားမှာ နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင် ကုမ္ပဏီ ၁၁၅ ခု၊ မြန်မာနိုင်ငံသားပိုင် ၁၁၅ ခုနှင့် ဖက်စပ်စနစ်ဖြင့် လုပ်ကိုင်နေသည့် စက်ရုံ ၁၇ ခု အထိ ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ မှတ်တမ်းများအရ သိရသည်။
မြန်မာနိုင်ငံက အားထားနေရသည့် အထည်ချုပ် အော်ဒါအများဆုံး နိုင်ငံများမှာ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ ဖြစ်ကြပြီး ယခုအချိန်၌ ဥရောပ သမဂ္ဂနှင့် အမေရိကတို့မှလည်း အမှာများ ရှိလာကြောင်း၊ အထည်ချုပ် လုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည့် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်း ရရှိခဲ့ပြီး ယခုနှစ်တွင် ပိုမိုတိုးတက်လာရန် အခြေအနေ ရှိနေသည်ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောဆိုသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းအနေဖြင့် နိုင်ငံတွင် မကြာခဏ ဖြစ်ပွားနေသော အလုပ်ရှင်၊ အလုပ်သမား ပြသနာများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် လုပ်ငန်းခွင်အတွင်း လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စံနှုန်း Code of Conduct ကို ယခုနှစ်ဆန်းတွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး အဆိုပါကျင့်ဝတ်တွင် ပါရှိသည့် အချက်များအတိုင်း လုပ်ဆောင်သွားနိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် စတင် လုပ်ဆောင်နေကြောင်း သိရသည်။