စီးပွားရေး

ကုန်သွယ် ပိတ်ဆို့မှုတချို့ ဖြေလျှော့ရန် အမေရိကန် ပြင်ဆင်

This article has been converted from Zawgyi One to Unicode

အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်တဦး ပိုင်ဆိုင်သည့် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်း တခုမှတဆင့် ကုန်သွယ်ရာတွင် ငွေကြေးလွှဲပြောင်းမှုပြုရန် အခက်အခဲများ ရှိနေကြောင်း ဘဏ်များက စောဒက တက်ခဲ့ပြီးနောက် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှု တချို့ကို ဖြေလျှော့ပေးရန် အမေရိကန် အစိုးရက ပြင်ဆင်နေသည်ဟု သိရသည်။

ပြဿနာကို ဖြေရှင်းနိုင်မည့် မူဝါဒများအတွက်လည်း ကွန်ဂရက်လွှတ်တော်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ရှင်းပြခဲ့ပြီး ဖြစ်သည်။ နောက်လအတွင်းတွင် ဆုံးဖြတ်ချက် ချနိုင်မည်ဟု အမေရိကန် အစိုးရတာဝန်ရှိသူ တဦးက AP သို့ ပြောသည်။

ယခုနှစ် ဇူလိုင်လမှစ၍ အမေရိကန် ဘဏ်များက ၂၀၁၀ ကတည်းက အရေးယူပိတ်ဆို့မှု စာရင်းဝင်ဖြစ်ခဲ့သော Asia World ကုမ္ပဏီက လုပ်ကိုင်နေသည့် ဆိပ်ကမ်းမှတဆင့် ပို့ဆောင်သည့် ကုန်သွယ်မှုများ၏ ငွေပေးချေမှုများကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်ခဲ့ကြသည်။ Asia World ကုမ္ပဏီကို ပိုင်ဆိုင်သူမှာ ၁၉၇၀ နှစ်များအတွင်းက ဘိန်းဖြူကုန်သွယ်ရေးတွင် အဓိကလူဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဌာနမှ သတ်မှတ်ခြင်းခံရသူ လော်စစ်ဟန်၏သား စတီဖင်လော ခေါ် ဦးထွန်းမြင့်နိုင်ဖြစ်သည်။

စစ်အစိုးရ အုပ်ချုပ်စဉ် ကာလအတွင်း Asia World ကုမ္ပဏီက လေဆိပ် နှင့် ဆိပ်ကမ်းများ လုပ်ကိုင်ခွင့်၊ အဝေးပြေးလမ်းများ တည်ဆောက်ခွင့်များ ရရှိခဲ့သည်။ ယခုအခါ ၎င်း၏ ကုမ္ပဏီခွဲ Asia World Port Management Co. Ltd က မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရေကြောင်းခရီးမှ ဝင်ရောက်လာသည့် ကုန်သေတ္တာများ၏ ၆၀ ရာခိုင်နှုန်းခန့်ကို စီမံခန့်ခွဲနေသည်။

ဟောင်ကောင် အခြေစိုက် Hutchison Port Holdings Ltd  က လုပ်ကိုင်နေသော ဆိပ်ကမ်းအပါအဝင် ရန်ကုန်မြို့ အနီးတွင် အမေရိကန်-မြန်မာ ကုန်သွယ်ရေးအတွက် အသုံးပြုနိုင်သော ဆိပ်ကမ်း ၂ ခု အနည်းဆုံး ရှိပါသည်။ ရန်ကုန် မြို့နှင့် ၂၅ မိုင်ခန့်သာ ကွာဝေးသော်လည်း Asia World ဆိပ်ကမ်းက နေရာ အကွက်အကွင်းပို ကောင်းပြီး ပစ္စည်းကိရိယာ ပိုမိုကောင်းမွန်သည်ဟု သိရသည်။

အမေရိကန် အစိုးရက မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို မြှင့်တင်ပေးနိုင်ရန် စိတ်အားထက်သန်နေသော်လည်း အမေရိကန် လွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဝေဖန်မှုကိုလည်း ရင်ဆိုင်ရဖွယ်ရှိနေသည်။

အမေရိကန် စီးပွားရေးလုပ်ငန်း အများအပြားက Asia World ဆိပ်ကမ်းမှတဆင့် ကုန်သွယ်မှုများအတွက် ငွေလွှဲပြောင်းမှုကို ခွင့်ပြုပေးရန် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တွန်းအားပေးခဲ့သည်။ ကမ္ဘာ့ထိပ်တန်း ကူးသန်းရောင်းဝယ်ရေး ဘဏ် အမြောက်အများ ပါဝင်သည့် အဖွဲ့အစည်း ၂ ခုဖြစ်သည့် The Clearing House Association နှင့် Bankers Association of Finance and Trade တို့က အဆိုပါကိစ္စကို အရေးယူဆောင်ရွက်ခြင်း မပြုပါက နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကုန်သင်္ဘောများကို ဝင်ထွက်ခွင့် ပိတ်ပင်သလို ဖြစ်သွားနိုင်မည်ဟု ဇူလိုင်လအတွင်းက ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ စာရေးသား သတိပေးခဲ့သည်။

အပြောင်းအလဲ ပြုလုပ်ရန် လွှတ်တော်၏ ခွင့်ပြုချက် မလိုအပ်သော်လည်း အမေရိကန် ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေး ဌာန များမှ ကွန်ဂရက်လွှတ်တော်မှ တာဝန်ရှိသူများကို ယခုအပတ် အတွင်းတွင် ရှင်းပြခဲ့ကြပြီး ဖြစ်သည်။ ယခုအချိန်အထိ ပြုပြင်ပြောင်းလဲရေး ပြီးမြောက်မှု မရှိသေးသည့် မြန်မာအစိုးရက နားလည်မှု မှားယွင်းသွားမည်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များက စိုးရိမ်နေကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ NLD ပါတီက အနိုင်ရရှိခဲ့သော်လည်း အစိုးရသစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါ။

သို့သော်လည်း ယခုအခါ အမေရိကန် နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (Office of Foreign Assets Control) က အမေရိကန် ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများက ရန်ကုန်ရှိ Asia World ဆိပ်ကမ်းကို အသုံးပြုသည့်အတွက် အခ ကြေးငွေ ပေးဆောင်ရန် ခွင့်ပြုချက်ပေးနိုင်မည့် အထွေထွေလိုင်စင်တခု ထုတ်ပေးရန် ရှိနေသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် အစိုးရ အရာရှိ ၂ ဦးက ပြောကြားခဲ့သည်ဟု Bloomberg  သတင်းဌာနက ဆိုသည်။

“အခုလို ထိခိုက်မခံနိုင်တဲ့ ကာလမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျန်ရှိနေသေးတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြင်ဆင်မှု ပြုလုပ်တာက အမေရိကန်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် တွန်းအားပေးနေမှုကို အင်အား နည်းစေပါလိမ့်မယ်။ ဒါ့အပြင် အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းမှာ ကွန်ဂရက်လွှတ်တော်က ပါဝင်သင့်ပါတယ်” ဟု အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး အာရှဒေသဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Cory Gardner က ပြောသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းထားသည့် Scot Marcielက မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် သမိုင်းဝင် ရွေးကောက်ပွဲကြောင့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သတ်၍ အပြောင်းအလဲများစွာ ဖြစ်ပေါ်ရန် ကြိုတင် မမျှော်လင့်နိုင်ကြောင်း ဒီဇင်ဘာလ ၁ ရက် နေ့က ပြောကြားခဲ့သည်။

“ကျနော် ကြိုပြီး မျှော်လင့်ထားမှာ မဟုတ်သလို ထူးခြားတဲ့ အပြောင်းအလဲတွေ အတွက်လည်း အကြံပြု ထောက်ခံသွားမှာ မဟုတ်ပါဘူး” ဟု သူက အမေရိကန် အထက်လွှတ်တော်၏ နိုင်ငံခြားရေးကော်မတီ ရှေ့မှောက်တွင် ကြားနာစစ်ဆေးမှု မခံယူမီ ပြောကြားခဲ့သည်။

ရန်ကုန်မြို့ Asia World ဆိပ်ကမ်းအတွက် ငွေလွှဲပြောင်းမှုဆိုင်ရာများကို အပြောင်အလဲ လုပ်ရန် အစီအစဉ်နှင့် ပတ်သက်၍  အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတဦးက အတည်ပြုခြင်း မပြုသော်လည်း အရေးယူ ပိတ်ဆို့မှု၏ သက်ရောက်မှုနှင့် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းများ မှတဆင့် ကုန်သွယ်ခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ ငွေလွှဲပြောင်း မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို တုန့်ပြန်ရန် အမေရိကန် နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (Office of Foreign Assets Control) က ဆောင်ရွက်နေသည်ဟု ပြောသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ် အတွင်းတွင် အရေးယူပိတ်ဆို့မှုစာရင်းဝင် မြန်မာဘဏ် ၂ နှင့် ငွေလွှဲ ပြောင်းမှုများ ပြုလုပ်ခွင့် လိုင်စင်တခု ထုတ်ပေးပေးခဲ့သည်ဟု နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး မှ အငြိမ်းစား အရာရှိ တဦးဖြစ်ပြီး ယခုအခါတွင် မြန်မာနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အမေရိကန် စီးပွားရေးလုပ်ငန်းများကို အကြံပေးနေသည့် Peter Kucik က Bloomberg သတင်းဌာနသို့ ပြောသည်။ အဆိုပါ ဘဏ်များသည် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုတွင် အရေးပါသည်ဟု ယူဆခဲ့သောကြောင့် ထိုသို့ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Source: Bloomberg, AP

Loading