နိုင်ငံတော် ဘဏ္ဍာငွေဖြင့် စိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင် ဆောင်းရာသီအတွက် စပါးမဟုတ်သော အခြား သီးနှံများ၏ စိုက်စရိတ် ချေးငွေကို ယခင်နှစ်ထက် တိုးမြှင့် ထုတ်ချေးမည် ဖြစ်ကြောင်း သိရသည်။
အစိုးရက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တဆင့် တောင်သူများအား ငွေထုတ်ချေးရာတွင် စပါး တဧကလျှင် စိုက်စရိတ် ကျပ် ၁ သိန်းမှ ၁ သိန်းခွဲ အထိ ထုတ်ချေးပေးလျက် ရှိပြီး အခြားသီးနှံ တဧကလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် ထုတ်ချေးရာမှ ယခုနှစ်တွင် တိုးမြှင့် ထုတ်ချေးမည် ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက “ မနှစ်က ထက် တိုးရမှာ ဖြစ်ပါတယ်။ တိုးပေးမယ့် အပိုင်းကလည်း ရာသီ ၃ ခုမှာ အဓိကကတော့ ဆောင်းရာသီပေါ့နော်။ ဒီနေရာမှာ စပါးမဟုတ်တဲ့ အခြား သီးနှံကို တိုးပေးမှာ ဖြစ်တယ်။ အခြားသီးနှံက အရင်တုန်းက တဧကကို ကျပ် ၂ သောင်းပေးရာက နေ အခု တိုးပြီး ချေးပေးမှာ ဖြစ်ပါတယ်” ဟုပြောသည်။
ဆက်လက်ပြီး ၎င်းက “ အခု ၂၀၁၇- ၁၈ ဘဏ္ဍာနှစ် တနှစ်လုံးအတွက် တွက်ချက်နေတယ်။ နောက်တပတ်ထဲ အစည်းအဝေး ခေါ်မယ်။ တွက်ချက်ပြီးမှ ဘယ်လောက် ပမာဏရှိတယ်ဆိုတာ စီမံဘဏ္ဍာ ဝန်ကြီးဌာနကို တင်ပြမှာပါ။ အဲဒီတော့မှ ဒီပမာဏ ပေါ်မှာ ချေးငွေ ထုတ်ချေးပေးနိုင်မှု ရှိ၊ မရှိ စီမံဘဏ္ဍာက သုံးသပ်ပြီး ခွင့်ပြုမှ ထုတ်ချေးလို့ရပါတယ်” ဟု ရှင်းပြသည်။
ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ်မှ လယ်သမား ဦးဝင်းတင့်က “ စိုက်ပျိုးစရိတ် ချေးငွေရဖို့အတွက် ချေးငွေ ဆပ်တဲ့ အချိန်ရောက်ရင်တော့ နောက်ထပ် စိုက်စရိတ်ချေးငွေရဖို့ ယူထားတဲ့ အကြွေးကို ဆပ်ရတယ်။ မဆပ်ရင် ချေးငွေက ထပ် မပေးဘူး။ အစိုးရကို ဆပ်ဖို့ကိုတော့ မရှိရင် ဘေးက ဆွဲပြီး ချေးတာကို ဆပ်ရတာပဲ။ ကြွေးကျန်ရှိရင် နောက်ရာသီ စိုက်စရိတ် ချေးငွေ မရဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆- ၁၇ဘဏ္ဍာနှစ်တွင် မြန်မာတနိုင်ငံလုံးအတွက် စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ကျပ် ၁၄၀၀ ဘီလီယံကျော် ထုတ်ချေးထားပြီး ယင်းချေးငွေအနက်မှ မိုးစရိတ်ချေးငွေ ကျပ် ၅၀၀ ဘီလီယံကျော် ပြန်လည် ရရှိထားကာ ကြွေးကျန် ကျပ် ၉၀၀ ဘီလီယံ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
အစိုးရက ငွေထုတ်ချေးရာတွင် အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး ရာသီအလိုက် တိုင်းနှင့် ပြည်နယ်များသို့ နှစ်စဉ် ထုတ်ချေးခြင်း ဖြစ်ကာ လက်ရှိတွင် ၁ ဧကမှ ၁၀ ဧက အထိသာ ထုတ်ချေးထားနိုင်သည်။