နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်းများမှ ထွက်ရှိသည့် ကျွန်းနှင့်သစ်မာများအား ပြည်ပသို့ အလုံးလိုက် တင်ပို့ခွင့်ကို စိစစ်မှုများပြုလုပ်ကာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇောက ပြောသည်။
ခွင့်ပြုမိန့်ကို မေလ ၃၁ ရက်နေ့က အတည်ပြုခဲ့ခြင်းဖြစ်ပြီး စိုက်ခင်းထွက် သစ်များကိုသာ တင်ပို့ခွင့်ပြုထားကာ သဘာဝ တောထွက် သစ်များအား တင်ပို့ခွင့်မရှိကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။
ဦးကျော်ဇော က “သဘာဝ တောတွေက ထွက်တဲ့သစ်ကို အလုံးလိုက် လုံးဝတင်ပို့ခွင့်မပေးပါဘူး၊ ပုဂ္ဂလိက နဲ့ ဌာန စိုက်ခင်းတွေက ထွက်တဲ့ သစ်တွေ၊ တိုင်တွေ၊ မျောတွေပဲ တင်ပို့ခွင့်ပေးမှာပါ၊ ဒါကိုစိစစ်ဖို့လဲ ခိုင်မာတဲ့ မူတဲ့ လုပ်နည်းတွေရှိပြီးသာပါ၊ သဘာဝတောထွက်သစ်တွေ၊ ခိုးသစ်တွေပါလာမှာကို လူကြီးတွေကလဲ အရမ်းစိုးရိမ်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
ပြည်ပသို့ သစ်များ အလုံးလိုက်တင်ပို့ခွင့်အား ၂၀၁၄ ခုနှစ်မှ စတင်၍ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိက ကျွန်းစိုက်ခင်းအနေဖြင့် ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ကုမ္ပဏီ ၃၀၀ အတွက် ၂၅၁၁၇၃.၉၇ ဧက တည်ထောင်ခွင့်ပြုခဲ့ရာတွင် ၁၄၃၂၇၈.၂၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ပုဂ္ဂလိက သစ်မာစိုက်ခင်းအနေဖြင့် ၂၀၀၇–၀၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇–၁၈ ဘဏ္ဍာရေးနှစ်အထိ ၁၁ နှစ်အတွင်း ၁၀၄၈၉၀.၂၆ ဧက စိုက်ပျိုးခဲ့ပြီဖြစ် ကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။
၂၀၁၇–၁၈ ဘဏ္ဍာရေးနှစ် တနှစ်အတွင်း ဌာနမှ တည်ထောင်စိုက်ပျိုးခဲ့သည့် ကျွန်းနှင့်သစ်မာ စီးပွားရေးစိုက်ခင်း အနေ ဖြင့် ၁၄၉၇၀ ဧက စိုက်ပျိုးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ သစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေး က “ဒီလိုခွင့်ပြုပေးတာ ကောင်းပါတယ်၊ ပုဂ္ဂလိက စိုက်ပျိုးသူတွေလဲ ဝင်ငွေလေးပြန်ရတာပေါ့၊ အစိုးရဌာနအနေနဲ့ကတော့ နိုင်ငံတော်ဘက်ဂျက်နဲ့ သစ်တော စိုက် ခင်းတွေချဲ့ပြီး မထိန်းသိမ်းနိုင်ရင် ထပ်မချဲ့ဘဲ ရှိပြီးသား တောတွေကိုပဲ ကြပ်ကြပ်မတ်မတ်ကိုင်သင့်ပါတယ်”ဟု ပြောသည်။
သစ်တောစိုက်ခင်းများ ထိန်းသိမ်းရေးနှင့်ပတ်သက်၍လည်း စိုက်ခင်းများတိုးချဲ့ကာ ကာကွယ်ထိန်းသိမ်းမှုတွင် လိုအပ်ချက်များ ရှိနေသည့်အတွက် ခိုးခုတ်ခံရပြီးမှသာ သစ်များအား ဖမ်းဆီးဆောင်ရွက်ခြင်းအစာ ခိုးခုတ်မခံ ရခင် ထိန်းသိမ်းကာကွယ်ခြင်း အပိုင်းကိုသာ ပိုမိုအာစိုက် ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက ပြောသည်။
ဌာနစိုက်ခင်းနှင့် ပုဂ္ဂလိက စိုက်ခင်းများအား ၂၀၀၆ ခုနှစ်မှ စတင်၍ တည်ထောင်ခွင့်ပြုခဲ့ရာတွင် ၅ နှစ်မှ ၁၀ နှစ် အတွင်း သက်တမ်းရှိ စိုက်ခင်းများအား ပင်ကြပ်နှုတ်ခြင်း၊ ရှင်းလင်းခြင်းများဆောင်ရွက်ရာမှ ထွက်ရှိလာသည့် ကြားဖြတ် တောထွက်သစ်များအား ပြည်ပသို့ တိုင်များ၊ မျောများအဖြစ် တင်ပို့ခွင့်ရရန် လုပ်ငန်းရှင်များက တင်ပြ မှုများရှိခဲ့ပြီး လတ်တလောတွင် ကုမ္ပဏီနှစ်ခုခန့်မှ ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။
ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇော က “ပြည်တွင်းရောင်းဈေးနဲ့ ပြည်ပတင်ပို့ ဈေးနှုန်း ကွာဟမှုရှိလို့ တင် ပို့ခွင့်ပေးဖို့ ဆွေနွေးပွဲတွေမှာ တင်ပြမှုတွေရှိ တယ်၊ အခုပြန်ခွင့်ပြုတာကလဲ တနိုင်ငံလုံး သက်ဆိုင်တာမျိုး မဟုတ်ဘဲ ကုမ္ပဏီတခုချင်းအလိုက် case by case စိစစ်ပြီးမှ ပေးမှာပါ” ဟု ရှင်းပြသည်။
စိုက်ခင်းထွက် သစ်အလုံးလိုက် တင်ပို့ခွင့်ကို ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ပေးရန်၊ ဒေသတွင်း အလုပ်အကိုင်းရရှိစေ ရန်၊ သစ်တော ထိန်းသိမ်းရေးနှင့် ပြည်လည်ပြုစုပျိုးထောင်ကဏ္ဍ တိုးတက်စေရန်တို့အတွက် ပြန်လည်ခွင့်ပြုပေးခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆–၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅–၂၆ ဘဏ္ဍာရေးနှစ်အထိ ခရိုင်သစ်တော စီမံအုပ်ချုပ် လုပ် ကိုင်မှု စီမံကိန်းအရ သဘာဝတောများမှ နှစ်စဉ် ကျွန်းပင်ရေ ၁၉၂၁၀ ပင်ခန့်နှင့် သစ်မာ ၅၉၂၃၃၀ ပင်ခန့် ထွက် ရှိပြီး ၎င်းသစ်များမှာ အလုံးလိုက်တင်ပို့ခွင့်မရှိကြောင်း သိရသည်။
တရားမဝင်သစ်များ ဖမ်းဆီးရမိမှုအနေဖြင့်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျွန်း ၁၅၄၂၁.၆၄ တန်၊ သစ်မာ ၄၅၆၅.၆၀ တန်၊ ၈၄၂၄.၁၆ တန်တို့ကို ဖမ်းဆီးရမိခဲ့ ကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။
You may also like these stories:
ပြည်ခရိုင် အတွင်း သစ်ပင် ၁၁ သိန်းခန့် စိုက်ပျိုးမည်ဟု ဆို