မြန်မာခရီးသွားလုပ်ငန်းတွင် ငွေပေးချေမှုကို အမေရိကန်ဒေါ်လာဖြင့် လက်ခံနေခြင်းကို ရပ်တန့်ကြရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဒုတိယအကြိမ် အမိန့်ထုတ်ပြန်ထားသည်။
အကယ်၍ ခရီးသွားကုမ္ပဏီများက ဒေါ်လာဖြင့် ငွေပေးချေမှုကို ဆက်လက်ပြုလုပ်လိုလျှင် ဗဟိုဘဏ်မှ ထုတ်ပေးသည့် နိုင်ငံခြားငွေ လှဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ထံသို့ ပေးပို့သည့် ညွှန်ကြားချက်တွင် ပါရှိသည်။
အဆိုပါ အကြောင်းကြားစာတွင် MTF အထွေထွေအတွင်းရေးမှူး ဦးကြည်သိန်း လက်မှတ်ရေးထိုးထားပြီး ကြာသပတေးနေ့ နှောင်းပိုင်းက MTF နှင့် ဆက်စပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်း ၁၁ ဖွဲ့ထံသို့ ပေးပို့ခဲ့သည်။ ယင်း အကြောင်းကြားစာကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဧရာဝတီက အတည်ပြုနိုင်ခဲ့သည်။
မြန်မာ့စီးပွားရေးတွင် ဒေါ်လာသုံးစွဲခြင်း လျှော့ချရန် ဗဟိုဘဏ်အစီအစဉ်၏ အစိတ်အပိုင်း ဖြစ်သော ဇွန်လ ၁၁ ရက်နေ့ ရက်စွဲပါ အဆိုပါ အကြောင်းကြားစာသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ပေးအပ်ထားသည့် အခွင့်အာဏာဖြင့် ခရီးသွားလုပ်ငန်း တခုလုံးအတွက် အမိန့် ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းဥပဒေအရ ခွင့်ပြုချက်မပါဘဲ (သို့မဟုတ်) လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေး လဲလှယ်ခြင်း (သို့မဟုတ်) လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ထားသည်။
အဆိုပါတားမြစ်ချက်ကို ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ရေးဆွဲစီမံခဲ့ပြီး ၂၀၁၄ ခုနှစ်က စတင် အဆိုတင်သွင်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ မေလတိုင်အောင် ကြန့်ကြာနေခဲ့သည်။
လုပ်ငန်းများတွင် မြန်မာကျပ်ငွေဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ရန် ယခင်က ညွှန်ကြားချက်ရှိသော်လည်း ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် လေကြောင်းကုမ္ပဏီများသည် မြန်မာကျပ်ငွေအစား နိုင်ငံခြားငွေဖြင့် ငွေပေးချေခြင်း၊ ကောက်ခံခြင်း လုပ်ကိုင်နေကြောင်း ဝန်ကြီးဌာနက ၎င်း၏ အကြောင်းကြားစာတွင် မှတ်ချက်ပြုထားသည်။
သို့တိုင်အောင် အဆိုပါ အကြောင်းစာသည် လုပ်ငန်းတချို့၊ အထူးသဖြင့် ခရီးသွားလုပ်ငန်း အေဂျင်စီငယ်များကိုသာ အံ့အားသင့်စေခဲ့သည်။
Nature Dream ခရီးသွားလုပ်ငန်းကုမ္ပဏီပိုင်ရှင် ဒေါ်စပယ်အောင်က ဝန်ကြီးဌာန၏မူဝါဒကို ၎င်း၏ Facebook စာမျက်နှာတွင် မေးခွန်းထုတ်ထားသည်။
မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းများတွင် နိုင်ငံတဝန်း ခရီးသွားအေဂျင်စီ ၃၀၀၀ ကျော်နှင့် ဟိုတယ် ၁၆၀၀ ကျော် ရှိကြောင်း ၎င်းက ဆိုသည်။ အကယ်၍ ယခုအမိန့်ကို မဖြစ်မနေ လိုက်နာရမည်ဆိုလျှင် တညတည်းဖြင့် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ပေါင်း ၅၀၀၀ နီးပါး ထုတ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
ငွေလဲလှယ်လိုင်စင် ထုတ်ပေးခြင်း၊ မှတ်ပုံတင်ခြင်း၊ ကြိုတင်သွင်းငွေ နှုန်းထားများသည် အသေးစား ခရီးသွား အေဂျင်စီများအတွက် မြင့်မားလွန်းနေကြောင်း ၎င်းက ဆိုသည်။ အကယ်၍ နိုင်ငံအတွင်း ထောင်နှင့်ချီသော ခရီးသွားကုမ္ပဏီများကို ချက်ချင်း လိုင်စင်ထုတ်ပေးမည်ဆိုလျှင် ဒေါ်လာလဲလှယ်နှုန်း မြင့်တက်သွားခြင်းသာ ရှိလိမ့်မည်ဟု ၎င်းက ဟောကိန်းထုတ်သည်။
ထို့အပြင် ခရီးသွားလုပ်ငန်း အနေဖြင့် အပြည့်အဝလိုက်နာလာနိုင်ရေးမှာ ဟိုတယ်ကြီးများနှင့် လေကြောင်းလိုင်းများကလည်း ဗဟိုဘဏ် သတ်မှတ်သည့်အတိုင်း လိုက်နာဆောင်ရွက်ရန် အစိုးရက တွန်းအားပေးနိုင်သည့် အပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောသည်။
“ကျမတို့က မြန်မာကျပ်ငွေနဲ့ ပေးချေတာကို လက်ခံတာ အဆင်ပြေတယ်။ ဒါပေမယ့် အစိုးရဝန်ကြီးဌာနက ဟိုတယ်တွေနဲ့ လေကြောင်းလိုင်းတွေ အပါအဝင် အားလုံးတပြေးညီ ဆက်ဆံသင့်ပါတယ်” ဟု ၎င်းက ပြောသည်။
အကယ်၍ အစိုးရအနေဖြင့် ဒေါ်လာအလွန်အကျွံ သုံးစွဲခြင်းအပေါ် အလေးအနက်ထားနေလျှင် ဟွန်ဒီငွေလွှဲမှု ကျဆင်းစေရန် တရားဝင် ငွေလွှဲခနှုန်းထား စတင်မိတ်ဆက်ရန်လည်း အာရုံစိုက်သင့်ကြောင်း ဒေါ်စပယ်အောင်က ဆိုသည်။ ဟွန်ဒီငွေလွှဲဆိုသည်မှာ နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်း လုပ်သားများမှ တရားမဝင် ငွေလွှဲခြင်းဖြစ်ပြီး ယင်း တရားမဝင်လမ်းကြောင်းဖြင့် ငွေလွှဲမှုပေါင်း နှစ်စဉ် ဒေါ်လာသန်းနှင့်ချီ၍ ရှိနေသည်။
MTF ဥက္ကဋ္ဌ ဦးရန်မင်းထံသို့ တနင်္လာနေ့ မွန်းလွဲပိုင်းက ဆက်သွယ်၍ သဘောထား မှတ်ချက် တောင်းခံသော်လည်း ၎င်းက ငြင်းဆန်ခဲ့သည်။
(Moe Myint ၏ Tourism Ministry Orders Industry Dedollarization ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
အွန်လိုင်းပေါ် အသုံးပြုနေသည့် ဒစ်ဂျစ်တယ် ငွေကြေးများ တရားမဝင်ဟု ဗဟိုဘဏ် ပြော
ဒေါ်လာဆို အသစ်မှ ယူချင်နေတုန်းလား
၂၀၁၉ ခုနှစ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာမယ်လို့ မျှော်မှန်း
ဇီးရိုးဘတ်ဂျက် ခရီးသွားကိစ္စ ပြည်ထောင်စု ဝန်ကြီးသတိပေး