ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှ ၂၀၁၇ ခုနှစ် ဆောင်းစပါး စိုက်ပျိုးရာသီအထိ ၅ နှစ်ကျော် ကာလအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ထုတ်ချေးထားသော ချေးငွေ ပြန်လည် ပေးဆပ်ရန် ပျက်ကွက် နေသည့် လယ်သမားပေါင်း ၁၄၀၀၀၀ ကျော် ရှိနေကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လယ်သမားပေါင်း ၁၄၅,၂၀၁ ဦး သည် စိုက်ဘဏ်ချေးငွေ ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေပြီး လယ်သမားများ ပြန်မဆပ်သည့် ငွေကြေးပမာဏမှာ ၁၁၄ ဒသမ ၈၁၃ ဘီလီလျံကျပ် အထိ ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်စာရင်းများအရ သိရသည်။
“လယ်သမားများကို ထုတ်ချေးထားပြီး ပြန်ဆပ်ဖို့ အချိန်လွန်နေတဲ့ အချိန်စေ့လွန် ကြွေးကျန်ဟာ ၂၀၁၂ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရာသီကနေ ၂၀၁၇ ဆောင်းစပါးရာသီအထိဆိုရင် ၁၁၄ ဘီလီယံကျပ်အထိ ကြွေးကျန်နေတယ်။ ကြွေးကျန် လယ်သမား ဦးရေကလည်း ၁ သိန်း ၄ သောင်းကျော် ကျန်နေပါသေးတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် ညွန်ကြားရေးမှူး ဦးသန်းဌေးအောင်က ဧရာဝတီကိုပြောသည်။
ဘဏ်ကြွေးကျန်ဆပ်ရန် အများဆုံးကျန်ရှိနေသည့် မြို့နယ်များအနက် ဘိုကလေးမြို့နယ်မှ တောင်သူများက ငွေကျပ်ဘီလီယံ ၂၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ငွေကျပ် ၁၉ ဘီလီယံခန့်ဖြင့် ဒုတိယနှင့် လပွတ္တာ မြို့နယ်မှာ တတိယကြွေးကျန် အများဆုံးဖြစ်ကြောင်း၊ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဖျာပုံမြို့နယ်များမှာ ကြွေးကျန် အများဆုံးမြို့နယ်များ အဖြစ် အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေအနေဖြင့် မိုးသီးနှံ ချေးငွေနှင့် ဆောင်းသီးနှံ ချေးငွေများကို ၁ ဧကလျှင် ၁ သိန်းခွဲ ကျပ်နှုန်းဖြင့် လယ်သမား ၁ ဦးလျှင် အများဆုံး ၁၀ ဧက အထိ ငွေကျပ် ၁၅ သိန်းနှုန်း၊ အတိုးအားဖြင့် ငွေ ၁၀၀ ကျပ်လျှင် အတိုး ၆၇ ပြားနှုန်းဖြင့် ထုတ်ချေးပေးနေသည်။
ဘဏ်အနေဖြင့် အသစ်ထုတ်ချေးသည့် ချေးငွေပေါ်တွင် အတိုး ၆၇ ပြားနှုန်းသာ ယူသော်လည်း ပြန်ဆပ်ရန် အချိန် လွန်သည့် အချိန်စေ့လွန်ကြွေးကျန်များကို ဒဏ်တိုးအနေဖြင့် ၁၀၀ လျှင် ၁ ကျပ်နှုန်း ကောက်ခံကြောင်း သိရသည်။
“ကြွေးသစ်ဆိုတာက သတ်မှတ်ကာလမှာ အတိုး ၁ မျိုးပဲ ပေးရတယ်။ ကြွေးဟောင်းက အတိုးအပြင် ဒဏ်တိုးပါ ပေးရ တယ်။ ဒါကြောင့် ကြွေးဟောင်းက ဥပဒေအရလည်း အပြစ်ရှိသလို ဒဏ်တိုးလည်း ဆောင်ရတဲ့အတွက် လယ်သမား အတွက် အရမ်းနစ်နာပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ လယ်သမားက ငွေရှိရင် ဆပ်ကြတယ်။ သို့သော် တချို့ကျတော့ ငွေရှိပါလျက်နဲ့ နိုင်ငံရေးပယောဂတို့နဲ့ ကန့်လန့်တိုက်ပြီး တမင်မဆပ်တာတွေ၊ ဘဏ်ချေးငွေ ကိုပဲ အပြင်မှာ လှည့်ပြီး ငွေချေးနေတာတွေ ရှိတယ်”ဟု ညွန်ကြားရေးမှူး ဦးသန်းဌေးအောင်က ပြောသည်။
သို့သော် ပြန်လည်ပေးဆပ်မှု မရှိသည့် လယ်သမားများကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၊ ဆပ်ရန် ပျက်ကွက်နေသည့် ကာလအလျောက် ၎င်းတို့ ချေးယူထားသည့်ငွေပမာဏအပေါ်ကိုသာ ငွေ ၁၀၀ ကျပ်လျှင် အတိုး ၁ ကျပ်နှုန်းဖြင့် အတိုး ဆက်လက် ကောက်ခံသည့် ပုံစံသာ ရှိကြောင်း သိရသည်။
အစိုးရ စိုက်ဘဏ်ချေးငွေ မဆပ်သည့် လယ်သမားဦးရေ ပိုမိုများပြားလာခြင်းမှာ စပါးဈေးကျဆင်းခြင်း၊ ရာသီဥတု ဖောက်ပြန်မှု ပိုမိုများပြားလာခြင်း၊ စပါးဖျက်ပိုးမွှားများ ဖျက်ဆီးခြင်း၊ ပင်လယ်ရေငန် တိုးသည့်ဧရိယာ ပိုမိုကျယ်ပြန့်လာခြင်း စသဖြင့် အကြောင်းအရင်းများစွာ ရှိနေသည်။
အဆိုပါ စိုက်ဘဏ်ချေးငွေကိစ္စအား ဧရာဝတီတိုင်းအစိုးရ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လယ်သမား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး အဖြေရှာမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ပုသိမ်မြို့ အခြေစိုက် တောင်သူ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဒါရိုက်တာ ဦးတင်လင်းအောင်က သုံးသပ်သည်။
၎င်းက “ချေးငွေ ပြန်မဆပ်တော့ လယ်သမားကိုပဲ အပြစ်တင်တယ်။ တကယ်တမ်း လယ်သမားတွေ အောက် ခြေမှာ ဘယ်လို ဒုက္ခတွေ ကြုံနေရလဲ၊ ဘာကြောင့် ချေးငွေ ပြန်မဆပ်နိုင်သလဲဆိုတာ ဘယ်ဌာနဆိုင်ရာကများ စုံစမ်းမေးမြန်းခဲ့တာ ရှိသလဲ။ ဒီလို လယ်သမားဆိုင်ရာ ကိစ္စတွေကို အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ လယ်သမားတွေနဲ့ ဌာန ဆိုင်ရာ တွေ ပါဝင်တဲ့ ကော်မတီများနဲ့ ဆောင်ရွက်ဖို့ ဥပဒေတွေ၊ မူဝါဒတွေ နိုင်ငံတော်က ချမှတ်ထားပြီးသား။ အဲဒါတွေကို အောက်ခြေမှာ အမှန်တကယ် အကောင်အထည်မဖော်လို့ ဒီလို စိုက်ဘဏ်ချေးငွေပြဿနာတွေ ပိုမို ကြီးထွားနေတာ ဖြစ်တယ်။ တွေ့ဆုံ အဖြေရှာမှု မလုပ်ရင် အခြေအနေတွေ ဒီထက်ပိုဆိုးလာလိမ့်မယ်”ဟု သုံးသပ်သည်။
ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ တိုင်းအတွင်းရှိ မိုးစပါး စိုက်ပျိုးဧက ၃ ဒသမ ၇ သန်း ကျော်နှင့် နွေစပါးစိုက်ပျိုးဧက ၁ ဒသမ ၃ သန်းကျော် စိုက်ပျိုးနေသည့် လယ်သမားပေါင်း ၃ သိန်း ၂ သောင်းကျော်အား စိုက်ပျိုးစရိတ်ငွေ ထုတ်ချေးပေးထားသည်။
You may also like these stories:
မန္တလေးတိုင်း စိုက်ပျိုးစရိတ် ချေးငွေ ကျပ် သိန်းပေါင်း တသိန်းကျော် ထုတ်ချေးမည်