သဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်းနှစ်ခုနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် စနစ်တကျ လျှော်ကြေးပေးရန် တောင်းဆိုမှုများကို နှစ်သိမ့်ရန် တရုတ်နိုင်ငံသည် လူထု ဆက်ဆံရေးလှုပ်ရှားမှု တခုကို လုပ်ဆောင်နေသည်။
ထိုပ်ိုက်လိုင်း စီမံကိန်း၏ အဓိက ရှယ်ယာရှင်ဖြစ်သော နိုင်ငံပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) သည် ပ်ိုက်လိုင်း လမ်းကြောင်းတလျှောက်မှ လူမှုအသိုင်းအဝန်းများအကြား တရုတ်ယဉ်ကျေးမှုကို နားလည် လက်ခံအောင် ကြိုးစားနေသည်။
ထိုအခမ်းအနား ဖွင့်ပွဲသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်၊ CNPC ဒုတိယဥက္ကဋ္ဌ ရှူးဝန်ရုန်နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိများ တက်ရောက်ကြသည်။
CNPC သည် မြန်မာစကား ထည့်သွင်းထားသော တရုတ်ရုပ်ရှင် သုံးကားကို နေရာ ၅ ခုတွင် အောက်တိုဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၁၀ ရက်အတွင်း ပြသမည်ဟု အရှေ့တောင် အာရှပိုက်လိုင်း ကုမ္ပဏီလီမိတက် South-East Asia Gas Pipeline Company Limited က ပြောသည်။
ထိုပိုက်လိုင်း စီမံကိန်းမှာ ၂၀၁၃ ခုနှစ်မှ စ၍ အငြင်းပွားဖွယ်ဖြစ်နေပြီး ဒေသခံ လူမှုအသိုင်းအဝန်းများနှင့် သဘာ၀ ပတ်ဝန်းကျင် အဖွဲ့များအကြား ဆန့်ကျင်မှုများ ဖြစ်စေခဲ့သည်။
ပိုက်လိုင်းအတွက် သဘောတူညီချက်ကို စစ်အစိုးရခေတ်၊ ၂၀၀၈ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည်။ ဘင်္ဂလား ပင်လယ်အော်ရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမှ စတင်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် အပြိုင် တည်ဆောက်ထားသော ထိုပိုက်လိုင်းသည် မြန်မာနိုင်ငံအတွင်း ၇၇၁ ကီလိုမီတာ ရှည်လျားသည်။
ရေနံပိုက်လိုင်းသည် တနှစ်လျှင် ရေနံစိမ်းတန် ချိန် ၂၂ သန်း ပို့ဆောင်နိုင်ပြီး ဓာတ်ငွေ့ ပိုက်လိုင်းသည် တနှစ်လျှင် ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်နိုင်သည်ဟု ထိုကုမ္ပဏီက ဆိုသည်။ ပိုက်လိုင်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလျံရှိသည်ဟု မြန်မာအစိုးရ၏ အဆိုအရ သိရသည်။
မြန်မာအစိုးရသည် ပိုင်လိုင်းဖြတ်သန်းခ အဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်း ရရှိမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ခ အဖြစ် ရေနံစိမ်း တတန်လျှင် အမေရိကန် ၁ ဒေါ်လာ ရရှိမည်ဖြစ်သည်။
ထိုပိုက်လိုင်းများသည် လယ်တောများနှင့် နေအိမ်များကို ဖြတ်သန်း သွားသောကြောင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် ဆန့်ကျင်မှုများ ပေါ်ပေါက်ခဲ့သည်။ မြေယာနှင့် အလုပ်အကိုင်များ ဆုံးရှုံးခြင်းအတွက် မျှတသော လျှော်ကြေးများကိုလည်း ကန့်ကွက် ဆန္ဒပြသူများက တောင်းဆိုကြသည်။
မြေခွင့်ပြုချက် စည်းကမ်းများ ချိုးဖောက်ခြင်းနှင့် လုံခြုံရေးကိစ္စများ အတွက် မကွေးတိုင်း ငဖဲမှ လယ်သမား ၄၀ ခန့်သည် ထိုကုမ္ပဏီကို ဆန့်ကျင်ပြီး ဧပြီလက ဆန္ဒပြခဲ့ ကြသည်။
ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်း တလျှောက်တွင် စီးပွားရေး လုပ်ငန်းများ၏ လူမှုတာဝန်အတွက် အမေရိကန် ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံထားသည်ဟု ထိုကုမ္ပဏီက ဆိုသည်။
ထိုပ်ိုက်လိုင်းများသည် ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘော ဆောင်သော ရလဒ်တခု ဖြစ်သည်ဟု ချန်းက ပြောသည်။
မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ထူထောင်သည့် အချက် ၁၅ ချက်ပါ နညးလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပြီနောက် အာရှ၊ ဥရောပနှင့် အာဖရိကကို ဆက်သွယ်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အခြေခံ အဆောက်အအုံ စီမံကိန်းတွင် တရားဝင် ပူးပေါင်းဆောင်ရွက်သော နိုင်ငံဖြစ်လာသည်။
ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ခြင်းသည် လူပုဂ္ဂိုလ်ချင်း ဆက်ဆံရေးကို တိုးတက်စေပြီး အများပြည်သူ အနေဖြင့် CMEC ကို ထောက်ခံနိုင်စေကြောင်း ချန်ဟိုင်က ပြောသည်။
“ဒါက တနိုင်ငံလုံးမှာ သူတို့စီမံကိန်းတွေကိ ဆန့်ကျင်မှု ရင်ဆိုင်ရတာကြောင့် တရုတ်ဆန့်ကျင်ရေးနဲ့ မုန်းတီးမှုကို လျှောချတဲ့ စီမံကိန်းဖြစ်တယ်” ဟု တိုင်းရင်းသားနှင့် တရုတ်ရေးရာ သုတေသီ ဦးသန်းစိုးနိုင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ဒါပေမယ့် အလုပ်ဖြစ်မယ်လို့တော့ ကျနော်မထင်ဘူး။ တရုတ်ကားတွေကို မြန်မာနိုင်ငံမှာ လူကြိုက်နည်းတယ်။ ဝါဒဖြန့်တာလို့ပဲ အများက မြင်ကြတယ်” ဟုလည်း သူက ဆိုသည်။
(Nan Lwin ၏ Chinese Charm Offensive Aims to Win Support for Giant Pipelines in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မန္တလေးတွင် ပထမဆုံးအကြိမ် ကျောက်စိမ်းအရိုင်းထည်ပြပွဲ ပြုလုပ်မည်
LNG လျှပ်စစ်မီး စီမံကိန်း တကယ် အလုပ်ဖြစ်မလား
MAI လေကြောင်းလိုင်း တရုတ်သို့ ပျံမည်