IT

AMD နဲ့ Samsung တို့ ပူးပေါင်းကာ Radeon ဂရပ်ဖစ်ကို မိုဘိုင်းဖုန်းတွေဆီ ယူဆောင်လာမည်

AMD ဟာ Computex ပွဲမှာ မျိုးဆက်သစ် CPU နဲ့ GPU စီးရီးအသစ်တွေကို မိတ်ဆက်ပေးပြီးနောက် တပတ်အကြာမှာပဲ ထိပ်သီး စမတ်ဖုန်း ကုမ္ပဏီတခုဖြစ်တဲ့ Samsung နဲ့ ပူးပေါင်းလိုက်ကြောင်း ထပ်မံ ကြေညာလိုက်ပါတယ်။ Radeon ဂရပ်ဖစ်တွေကို မိုဘိုင်းပစ္စည်းတွေထံ ယူဆောင်လာပေးဖို့အတွက် ကုမ္ပဏီနှစ်ခု မဟာဗျူဟာမြောက် ပူးပေါင်းလိုက်တာပါ။

အဓိကအားဖြင့် PC နဲ့ Game စက်တွေမှာ လက်ရှိ အောင်မြင်စွာ အသုံးပြုလျက်ရှိတဲ့ AMD ရဲ့ Radeon ဂရပ်ဖစ်နည်းပညာကို Samsung ထုတ်ကုန်ပစ္စည်းတွေမှာ အသုံးပြုခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ စမတ်ဖုန်း အပါအဝင် မိုဘိုင်းပစ္စည်းတွေနဲ့ AMD ထုတ်ကုန်နည်းပညာကို အသုံးပြုမယ့် Samsung ပစ္စည်းအားလုံးမှာ အသုံးပြုခွင့် ရရှိမှာပါ။

ဒီအတွက် နောက်ပိုင်း Samsung ကိုယ်တိုင်ထုတ် Exynos SoC (System-on-Chip) မှာ Radeon RDNA ဂရပ်ဖစ်တွေ ပါဝင်လာဖွယ် ရှိပါတယ်။ တရားဝင် အတည်ပြု ပြောကြားထားခြင်းတော့ မရှိသေးပါဘူး။

အကယ်လို့ စမတ်ဖုန်းမှာ Radeon ဂရပ်ဖစ်နည်းပညာ ပါဝင်လာမယ်ဆိုရင် စွမ်းအင်သုံးစွဲမှုနည်းနည်းနဲ့ ပိုမိုကောင်းမွန်တဲ့ မိုဘိုင်းဂရပ်ဖစ် စွမ်းဆောင်ရည်ကို ပေးစွမ်းလာနိုင်မှာပါ။ ရလဒ် အနေနဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည် ကျေနပ်ဖွယ်ရာ အဆင့်ရှိတဲ့ တန်ဖိုးနည်းဖုန်းတွေကို မြင်လာရနိုင်သလို၊ မော်ဒယ်မြင့် ဖုန်းတွေအနေနဲ့လည်း ဘက်ထရီသက်တမ်း ထိခိုက်မှု မရှိ၊ အပူ မတက်ဘဲ ပိုမိုလိုအပ်ချက်များတဲ့ ဂိမ်းတွေကို ဆော့ကစားနိုင်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနှစ်လုံးမှာ Samsung က ကိုယ်ပိုင် ဖုန်း GPU နဲ့ Gaming ဖုန်းတလုံး ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပေမယ့် တကယ်တမ်း ထွက်ပေါ်လာခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုလို CPU နဲ့ GPU နည်းပညာမှာ နာမည်ကြီး ကုမ္ပဏီတခုဖြစ်တဲ့ AMD နဲ့ ပူးပေါင်းလိုက်တာကြောင့် Samsung Gaming ဖုန်းကို အမှန်တကယ် မြင်တွေ့ရနိုင်ခြေလည်း ပိုများလာပါတယ်။

Ref: Tech Radar, PC World

You may also like these stories:

တီဗီတလုံး အရွယ်အစားရှိတဲ့ တက်ဘလက်ကို Samsung မိတ်ဆက်

PC အဖြစ် အသုံးပြုနိုင်တဲ့ Unbox Magic စမတ်တီဗီ စီးရီးအသစ်ကို Samsung မိတ်ဆက်

ဒီဇိုင်း ပုံစံအသစ်နဲ့ Notebook 7 ကို Samsung မိတ်ဆက်

Galaxy Note 10 မှာ နားကြပ်ပေါက်အပြင် ခလုတ်အားလုံး ဖြုတ်ပစ်ဖွယ်ရှိ

Loading