Apple ဟာ နည်းပညာနယ်ပယ်အပြင် ရုပ်ရှင်နယ်ပယ်အတွင်းပါ ထိုးဖောက်ဖို့ စီစဉ်နေပါပြီ။ Netflix နဲ့ ယှဉ်ပြိုင်မယ့် Apple TV+ ဝန်ဆောင်မှုကို ပြီးခဲ့တဲ့မတ်လမှာ မိတ်ဆက်ခဲ့ပြီးနောက်မှာ ဒီဝန်ဆောင်မှုအတွက် ကိုယ်ပိုင်ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖို့ စီစဉ်နေတယ်လို့ New York Post သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အတွင်းသတင်းပေးတွေရဲ့ ပြောကြားချက်အရ Apple ဟာ တနှစ်ကို အော်စကာဆု မှန်းနိုင်တဲ့ ဇာတ်လမ်းမျိုးနဲ့ ရုပ်ရှင်ကားခြောက်ကား ရိုက်ကူးဖို့ ငွေကြေး မတည်ပေးထားတယ်လို့ သိရပါတယ်။ ကုန်ကျစရိတ်နည်းနည်းနဲ့ပဲ ရိုက်ကူးသွားမှာဖြစ်ကာ၊ ရုပ်ရှင်တကားကို ဒေါ်လာ ၅ သန်းကနေ ဒေါ်လာ သန်း ၃၀ အထိပဲ သုံးဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာ Netflix က “Roma” ရုပ်ရှင်ကားနဲ့ အော်စကာဆု သုံးဆုအထိ သိမ်းပိုက်နိုင်ခဲ့အပြီးမှာ Apple ကလည်း အားကျမခံ အော်စကာရဖို့ လုပ်တော့မှာ ဖြစ်ပါတယ်။
Apple ဟာ ဒီပရောဂျက်အတွက် အစည်းအဝေးနဲ့ ငှားရမ်းခေါ်ယူမှုတွေ လုပ်နေပြီး၊ အစည်းအဝေးတွေကိုအရင် iTunes Movies ဌာနမှူး၊ Matt Dentler ခေါင်းဆောင်တဲ့ Apple ကိုယ်ပိုင်ဇာတ်လမ်းရိုက်ကူးရေးအဖွဲ့က ဦးစီးလုပ်နေတာ ဖြစ်တယ်လို့ အေဂျင်စီတခုက ပြောကြားခဲ့ပါတယ်။
Apple ဟာ နိုဝင်ဘာလတုန်းကလည်း ရုပ်ရှင်စတူဒီယိုတခုဖြစ်တဲ့ A24 နဲ့ ရုပ်ရှင်ကားတွေ ရိုက်ဖို့ နှစ်ရှည်စာချုပ် ချုပ်ဆိုထားပါတယ်။ A24 ဟာ ၂၀၁၇ အကယ်ဒမီဆုရ ‘Moonlight’ ရုပ်ရှင်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ စတူဒီယိုတခု ဖြစ်ပါတယ်။
ဒါပေမယ့် အခုရိုက်မယ့် ကုန်ကျစရိတ်နည်းရုပ်ရှင်ကားခြောက်ကားကတော့ Studio A24 နဲ့ သက်ဆိုင်မှု ရှိမှာ မဟုတ်ပါဘူး။ Studio A24 နဲ့က Sofia Coppola ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး၊ Bill Murray နဲ့ Rashida Jones တို့ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကားတခု ရိုက်ဖို့ ရှိပါတယ်။
Apple အနေနဲ့ Apple TV+ ကို လူတွေ ဝယ်အောင် ဆွဲဆောင်နိုင်ဖို့အတွက် ရုပ်ရှင်ကားတွေ အသည်းအသန်လိုအပ်နေပါတယ်။ ဒီဝန်ဆောင်မှုကို ယခုနှစ်ကုန်ပိုင်းလောက်မှာ စတင်ထုတ်ပေးတော့မှာပါ။ ဈေးနှုန်းဘယ်လောက်ရှိမလဲတော့ မသိရသေးပါဘူး။ Hollywood ထိပ်သီးတွေဖြစ်တဲ့ Steven Spielberg, Oprah Winfrey, Reese Witherspoon နဲ့ “La La Land” ဒါရိုက်တာ Damien Chazelee တို့ရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။
Apple နည်းတူ Disney ကလည်း ကိုယ်ပိုင် Streaming ဝန်ဆောင်မှုတခုကို ဒီနှစ်အတွင်း ထုတ်ပေးနိုင်ဖို့ ပြင်ဆင်လျက် ရှိပါတယ်။ Apple နဲ့ မတူတာက Disney မှာ သူ့ ရုပ်ရှင်ကားတွေ အလျှံပယ်ရှိပြီးသားပါ။ Apple TV+ မှာတော့ အသုံးပြုသူတွေအနေနဲ့ ဇာတ်ကားအသစ်တခုပြီးရင် နောက်ထပ် အသစ်ကြည့်ဖို့ မွှေနှောက်ရှာစရာ ကောင်းကောင်း မရှိသေးဘူး ဖြစ်ပါတယ်။ ဒီအချက်ကို Apple လည်း တော်တော် ခေါင်းစားနေတယ်လို့ သိရပါတယ်။
“သူတို့ ဘာလုပ်ချင်မှန်း သူတို့ကိုယ်တိုင် မသိသေးဘဲ၊ ဗျာများနေပါတယ်။ လူတဝက်လောက်က Apple ရုပ်ရှင် ရိုက်မှာကို မကြိုက်ကြဘဲ၊ ကျန်တဝက်လောက်က ထိပ်တန်းအရည်အသွေးဖြစ်ဖို့ လိုချင်နေကြပါတယ်” လို့ အတွင်းသတင်းရင်းမြစ်တခုက ပြောကြားခဲ့ပါတယ်။
Wedbush Securities ကုမ္ပဏီက ဈေးကွက်သုတေသနပညာရှင် Dan Ives ကတော့ Apple အနေနဲ့ နောက်ဆုံးမှာ Sony Pictures, Lionsgate, MGM ဒါမှမဟုတ် A24 က ရုပ်ရှင်ကားတွေကိုပဲ ဝယ်ယူနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Ref: New York Post, Screen Rant
You may also like these stories:
ဒေါ်လာ ၆,၀၀၀ တန် Mac Pro အသစ်ကို Apple မိတ်ဆက်
တရုတ်အစိုးရက Apple ကို လက်တုံ့ပြန်ပါက သူအရင် ဆန္ဒပြမှာဖြစ်ကြောင်း Huawei CEO ပြောကြား
iPhone မသုံးရေး လှုံ့ဆော်မှု တရုတ်လူမှုကွန်ရက် Weibo တွင် စတင်လာ
ပြဿနာအားလုံး ကျေအေးလိုက်တဲ့အတွက် Apple ထံမှ ကန်ဒေါ်လာ ၄.၇ ဘီလျံခန့် Qualcomm ရရှိမည်
မှားယွင်း ဖမ်းဆီးခံရမှုကြောင့် ဆယ်ကျော်သက်တဦးက Apple ကို ကန်ဒေါ်လာ ၁ ဘီလျံ တရားစွဲဆို