Xiaomi ရဲ့ CC ဖုန်းစီးရီးအသစ် တရားဝင် ထွက်ရှိလာပါပြီ။ Mi CC9 ၊ Mi CC9e နဲ့ Mi CC9 Meitu Edition ဆိုပြီး မော်ဒယ်သစ် ၃ မျိုး စတင် မိတ်ဆက်လိုက်တာပါ။ လူငယ်တွေအကြိုက် Selfie နဲ့ ဘက်ထရီပိုင်းကို အသားပေးထုတ်လုပ်ထားတဲ့ ဖုန်းတွေဖြစ်ပါတယ်။ ကျန် Specs တွေလည်း ထိုက်သင့်သလောက် ကောင်းမွန်ပါတယ်။
Mi CC9
ပထမဆုံးမော်ဒယ်ဖြစ်တဲ့ Xiaomi Mi CC9 မှာ FullHD+ အရည်အသွေးရှိတဲ့ ၆.၃၉ လက်မအရွယ် Super AMOLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ရေစက်ပုံစံ Notch နဲ့ ပါပဲ။ Notch ထဲမှာတော့ f/2.0, 32MP ရှေ့ကင်မရာတလုံးကို တွေ့ရမှာပါ။ သူ့ အတန်းအစားထဲမှာ အကောင်းဆုံး Selfie Camera ဖြစ်တယ်လို့ Xiaomi က ဆိုထားပါတယ်။
စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Snapdragon 710 Chipset ကို အသုံးပြုထားပြီး၊ မျက်နှာပြင်အောက် လက်ဗွေရာစနစ်လည်း ပါဝင်မှာပါ။ 6GB ဒါမှမဟုတ် 8GB RAM နဲ့ Storage ကိုလည်း 64GB နဲ့ 128GB ဆိုပြီး ကိုယ်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။
‘Mimoji’ ဆိုတဲ့ 3D Emoji တွေလည်း ပါဝင်လာပါတယ်။ ဆံပင်ပုံစံ၊ မျက်နှာပုံစံနဲ့ ဖက်ရှင်ပစ္စည်းပေါင်း ၁၆၅ မျိုးကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး၊ ကိုယ်ပိုင် 3D Animated ပုံလေးတွေ ဖန်တီးနိုင်တာပါ။ ဒီ Mimoji တွေကို ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာလည်း ထည့်ရိုက်နိုင်ပါတယ်။
Selfie ဦးစားပေး ဖုန်းဖြစ်တာနဲ့အညီ အလင်းရောင်နည်းတဲ့အချိန်မှာလည်း ရှေ့ကင်မရာနဲ့ Portrait ကောင်းကောင်း ရိုက်နိုင်ဖို့ သီးသန့် AI Mode တခု ပါဝင်ပါတယ်။ အနှေးပြကွက်ဗီဒီယိုတွေကိုလည်း 960fps အထိ ရိုက်ကူးနိုင်ပါတယ်။
အခု Mi CC စီးရီးဟာ Xiaomi ဖုန်းတွေထဲမှာတော့ ဒီဇိုင်းအဆန်းသစ်ဆုံး ဖုန်းတွေပါ။ Mi CC9 မှာ ဖုန်းရှေ့ဘက်ကော ကျောဘက်ကိုပါ ဖန်သား အုပ်ထားပေးပါတယ်။ ကျောဘက်ကိုယ်ထည်ကို အလင်းရောင်နဲ့ ထိရင် အမြင်ဆန်းတဲ့ 3D အလင်းတန်းတွေ ထွက်ပေါ်လာတာ တွေ့ရမှာပါ။
Mi CC9 မှာ ကျောကင်မရာ ၃ လုံး ပါဝင်ပါတယ်။ f/1.8, 48MP အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။ 18W အားအမြန်သွင်းစနစ် ပါတဲ့ 4,030mAh ဘက်ထရီကို အသုံးပြုထားပြီး၊ NFC နဲ့ IR ဆန်ဆာတွေလည်း ထုံးစံမပျက် ပါဝင်မှာပါ။
Xiaomi Mi CC9 ကို ယနေ့မှ စတင်ကာ မှာယူထားနိုင်ပြီ ဖြစ်ပါတယ်။ ဇူလိုင် ၅ ရက်မှာ တရားဝင် ရောင်းချသွားမှာပါ။ အဖြူ၊ အပြာနဲ့ အနက် ၃ မျိုး ထုတ်မှာ ဖြစ်ပါတယ်။ နောက်ထပ်လည်း အရောင်သစ်တွေ ထပ်ထုတ်ပေးဖို့ ရှိပါတယ်။ ဈေးနှုန်းကတော့ 6GB/64GB ကို ၂၆၀ ဒေါ်လာဝန်းကျင်နဲ့ 6GB/128GB ကို ၂၉၀ ဒေါ်လာ ရှိပါတယ်။
Mi CC9e
Mi CC9e မှာ “e” ဆိုတာက Essential Edition ကို ခေါ်တာ ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ပိုသေးပေမယ့် ရိုးရိုး CC9 မော်ဒယ်မှာပါတဲ့ အဓိကလုပ်ဆောင်ချက်အားလုံး ပါအောင် ထည့်ထားပေးတယ်လို့ Xiaomi က ပြောပါတယ်။ အားအမြန်သွင်းစနစ်၊ Mimoji ၊ ကင်မရာလုပ်ဆောင်ချက် အားလုံးအတူတူပါပဲ။ အရှေ့၊ အနောက် ကင်မရာတွေလည်း တူညီပါတယ်။
အဓိကကွာခြားချက်တခုကတော့ မျက်နှာပြင်ပါ။ ၆ လက်မ အရွယ်အဖြစ် လျော့လိုက်သလို ရုပ်ထွက်ကိုလည်း 1560 x 720 pixels (HD+) အဖြစ် လျော့ထားပါတယ်။ AMOLED အမျိုးအစားပါပဲ။ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာလည်း ပါမှာပါ။
Mi CC9e မှာတော့ Snapdragon 665 Chipset အသစ်စက်စက်ကို ပြောင်းသုံးထားပါတယ်။ 4GB RAM နဲ့ 64GB Storage အနိမ့်ဆုံး ပါဝင်လာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၈၉ ဒေါ်လာပါ။
Mi CC9 Meitu Edition
ဒီဖုန်းကလည်း ရိုးရိုး Mi CC9 နဲ့ ကင်မရာကအစ အကုန်နီးပါး တူညီပါတယ်။ Xiaomi ဝယ်ယူထားတဲ့ Meitu ကုမ္ပဏီနဲ့ ပေါင်းထုတ်ထားတဲ့ ဖုန်းဖြစ်တာကြောင့် ကင်မရာလုပ်ဆောင်ချက်အချို့ကိုတော့ အနည်းငယ် ပြောင်းလဲထားပါတယ်။ Vloggers တွေကို အဓိက ပစ်မှတ်ထား ရောင်းချမယ့်ဖုန်းဖြစ်တာကြောင့် ဗီဒီယို ငြိမ်ငြိမ်ရိုက်နိုင်ဖို့အတွက် Vlog Mode ဆိုပြီး သီးသန့် ပါဝင်လာပါတယ်။
AI Low Light Portrait ၊ Movie Portrait နဲ့ ခန္ဓာကိုယ်တခုလုံး ပြင်နိုင်တဲ့ Filters တွေကလည်း လူငယ်တွေ အကြိုက် ဖြစ်မှာပါ။ ကျန်တဲ့ Specs တွေကတော့ ရိုးရိုး CC9 နဲ့ အတူတူပါပဲ။ Snapdragon 710 Chipset မှာ 8GB RAM နဲ့ 256GB Storage တို့ ထည့်ပေးထားပါတယ်။
Mi CC9 Meitu Edition ကတော့ အားလုံးထဲမှာ ဈေးအကြီးဆုံးပါ။ ၃၇၈ ဒေါ်လာလောက် ပေးရပါလိမ့်မယ်။ ဒီမော်ဒယ်ကိုတော့ ပုလဲဖြူရောင် တရောင်ပဲ ထုတ်သွားမှာ ဖြစ်ပါတယ်။
Ref: GSM Arena, Gizmo China
You may also like these stories:
မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO နဲ့ Xiaomi တို့ ပြသ
တန်ဖိုးနည်းဖုန်းအသစ် Redmi 7A ကို Xiaomi ကြေညာ