ချစ်ငယ်လို့ ဂီတလောကမှာ ချစ်စနိုးခေါ်ကြတဲ့ တေးသံရှင် မေခလာက သူ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့မှာ ဘာသာရေးနဲ့ ပညာရေးအတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“မေ ၂ ရက်နေ့က ချစ်ငယ်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ စင်ထရယ်ဟိုတယ်မှာ အလှူလေး လုပ်ခဲ့တာပါ။ ဆယ်မိုင်ကုန်း၊အောင်စေတီ ညောင်ခါးရှည်မှာ ဘုရားတည်နေတဲ့ အထဲကို ဆယ်သိန်း၊ တွံတေး လူငယ်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် ၁၀သိန်း၊ အဲဒီကျောင်းက မိဘမဲ့ ကလေးလေးတွေကို ပညာသင်ကြား ပေးနေတဲ့ ကျောင်းလေ။သင်္ဃန်းကျွန်း၊ ပုလဲမြို့သစ်မှာ ရှိတဲ့ အရှင်ဉာဏက ဦးစီးတဲ့ ပညာမြေ ကျောင်းမှာ ကတော့ မိဘမဲ့ရော၊ ဆင်းရဲနွမ်းပါး ကလေးရော သင်ပေးနေပါတယ်။ အဲဒီ ကျောင်းအတွက် သိန်း ၃၀ လှူခဲ့ပါတယ်” လို့ မေခလာက ရှင်းပြပါတယ်။
တေးသံရှင် မေခလာက သူ့ရဲ့ အသက်ကို ထုတ်ဖော် မပြောပေမယ့် အသက် ၄၅ နှစ် အချိန်ကစပြီး နှစ်စဉ် အသက်နဲ့ အညီ ၄၅ သိန်း၊ ၄၆ သိန်း စသည်ဖြင့် လှူခဲ့ပြီး အခု ၂၀၁၃ မှာ သိန်း ၅၀ လှူခဲ့တာမို့ အသက် ၅၀ ပြည့်ပြီလို့ အားလုံးက အလိုလို နားလည် လိုက်ကြပါတယ်။ အခုနှစ် အလှူမှာလည်း ပရိသတ်ဆီက ရတဲ့ ပိုက်ဆံတွေကို စုပြီးလှူဒါန်းရတာမို့ ပရိသတ်လည်း သာဓုခေါ်နိုင်တယ်လို့ သူက ပြောပါတယ်။
“ချစ်ငယ်က ပွဲဆိုရတဲ့ ပိုက်ဆံတွေ၊ မင်္ဂလာဆောင် လေးတွေက အစပေါ့၊ ရတဲ့ ငွေကို ဆယ်ပုံ ၃ ပုံ လှူခဲ့တာပါ။ ပရိသတ် ဆီက ရတဲ့ ပိုက်ဆံဆိုတော့ ပရိသတ်နဲ့လည်း ဆိုင်တာပေါ့” လို့ ဆိုပါတယ်။
လက်ရှိလှုပ်ရှားမှု အနေနဲ့ မေခလာဟာ နေပြည်တော်မှာ သီဆိုဖျော်ဖြေပြီး ပြန်လာတယ်လို့ သိရပါတယ်။
ရာသီ အနေအထားအရ မင်္ဂလာဆောင်၊ ညစာစားပွဲတွေမှာ ဖျော်ဖြေပေးနေတာတွေ့ရပြီး ဇွန်လကုန် ပိုင်းမှာလည်း ဂျပန်နိုင်ငံ မှာ ကျင်းပမယ့် ဖက်ရှင်ရှိုး တခုကို သူငယ်ချင်း ဖက်ရှင်ဒီဇိုင်နာရဲ့ ဖိတ်ကြားချက် အရ ဧည့်သည်တော် အဖြစ် တက်ရောက် ပေးရမှာ ဖြစ်ပါတယ်။
“သူငယ်ချင်းက ဂျပန်မှာကြာပြီ၊ ဟိုမှာ ဒီဇိုင်နာ ဖြစ်နေတာလည်း ကြာပြီပေါ့။ သူတို့ပွဲအတွက် ဖိတ်လို့သွားတာပါ” လို့ မေခလာက ပြောပါတယ်။
မေခလာရဲ့ တကိုယ်တော် စီးရီးအသစ်ကိုတော့ ၂၀၁၃ အောက်တိုဘာ သီတင်းကျွတ်အမီ ထွက်ဖို့ မှန်းထားကြောင်းနဲ့ သီချင်း အသစ်ရော၊ အဟောင်းပါ ပါမှာဖြစ်ကြောင်း၊ Lazy Club၊ Plus Three စတဲ့ တေးဂီတ ၂ ခုနဲ့ တီးခတ်နေကြောင်းလည်း သိရ ပါတယ်။
တေးသံရှင် မေခလာက ကော်လာပေါ်က နှုတ်ခမ်းနီ၊ အဲဒီလောက်တောင် ချစ်ရသည်၊ ၁၆ နှစ်မ၊ ဂိုးသွင်းကောင်းတဲ့ ကိုကို၊ ဝါကာဝါကာ စတဲ့ သီချင်းတွေအပြင် ကိုယ်ပိုင်သီချင်း ၇၀ နီးပါးနဲ့ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ခင်ပွန်းသည် သရုပ်ဆောင် ရန်ကျော်နဲ့ သမီးလေးတဦး ထွန်းကားပြီး အနုပညာ အလုပ်တွေကို အဆက်မပြတ် ဆက်လက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။