“Modern Art ကို မသိတဲ့ နိုင်ငံရေးသမားဟာ နိုင်ငံတစ်နိုင်ငံကို ဘယ်လိုမှ ဦးမဆောင်သင့်ဘူးလို့ ထင်တယ်။ သူတို့နဲ့ စကားပြောရတာ ခက်တယ်” လို့ ဆရာမောင်ဒီက ဆိုထားပါတယ်။ ကိုမျိုး ( I.R ) ရဲ့ Treasure Land မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးတွေကို တပေါင်းတည်း ထုတ်ဝေထားတာပါ။
စာအုပ်မှာ ဆရာ မောင်ဒီ၊ ဆရာ ခင်မောင်ညွန့် (မိုးကုတ်)၊ ဆရာ ဝင်းဖေမြင့်၊ ဆရာ မုတ်သုန်၊ ဆရာ ဖေညွန့်ဝေ၊ ဆရာစိုးနိုင် ၊ ဆရာ ငြိမ်းချမ်းဆုတို့ရဲ့ အနုပညာ ဘဝဖြတ်သန်းမှုတွေကို ဖတ်ရမှာ ဖြစ်သလို ဆရာများရဲ့ ပန်းချီ လက်ရာတွေကိုလည်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၄၀ဝ၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – ကိုမျိုး ( I.R )
စာအုပ်အမည်- အရောင်များနှင့် စကားပြောခြင်း
အမျိုးအစား- ပန်းချီအနုပညာဆိုင်ရာ အင်တာဗျူး
ဝိုင်အမ်ဘီအေ အသင်း၊ သူရိယ သတင်းစာတို့ကို စတင် တည်ထောင်တာကစလို့ ၂၁ ဦးအဖွဲ့၊ ခွဲရေးအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့၊ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့၊ ပြည်ချစ် မဟာမိတ်အဖွဲ့တွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဘကြီး ဘဘေရဲ့အတ္ထုပ္ပတ္တိကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အောင်မြတ်ဦး ရေးသားပြီး Quality အယ်ဒီတာအဖွဲ့က ဝိုင်းဝန်း တည်းဖြတ်ထားတာပါ။ ဘကြီးဘဘေ စာအုပ်မှာ အပိုင်း (၁) ငယ်ဘဝအစ (သို့မဟုတ်) မောင်ဘဘေဟု ခေါ်သည်၊ အပိုင်း (၂) ဦးဘဘေ (သို့မဟုတ်) ရုန်း၍ကန်၍ ရင်ဆိုင်သူ၊ အပိုင်း (၃) ဦးဘဘေ (ဘကြီးဘဘေ) ၏ ဘဝရေဆန်ခရီးနှင့် နောက်ဆက်တွဲ သမိုင်းဖြစ်စဉ်များကို လေ့လာခြင်းတို့ ပါဝင်ပါတယ်။
ဒီနေ့ခေတ်မှာ စာအုပ်အထူကြီးတွေကို အချိန်ပေးဖတ်ရှုဖို့ ခက်တဲ့အတွက် စာမျက်နှာ၊ စာအုပ် အပြင်အဆင်၊ စာအုပ်ဆိုဒ်၊ စာအုပ်တန်ဖိုးကိုလည်း သင့်တင့်မျှတအောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Quality Publishing House က တန်ဖိုး ၂၅၀ဝ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – အောင်မြတ်ဦး
စာအုပ်အမည် – ဘကြီးဘဘေ
အမျိုးအစား – အတ္ထုပ္ပတ္တိ
“၂၁ ရာစုပင်လုံနှင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရက တဖက်သတ် ကြေညာလိုက်ပြီး (ဗိုလ်နေဝင်း ခေတ်ကလည်း ကြေညာခဲ့ဖူးပါသည်) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ (ဝါ) ၂၁ ရာစုပင်လုံကို ကျင်းပပါက မည်မျှ ကောင်းလိမ့်မည်နည်းဟု တွေးတော သုံးသပ်ရပါတော့သည်” လို့ မောင်မောင်စိုးက ဆိုပါတယ်။
ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ သုံးသပ်ချက်စာအုပ်မှာ ခေါင်းစဉ်ကြီး ၂ ခုပါဝင်ပြီး ၂၁ ရာစုပင်လုံနဲ့ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပိုင်း ၇ ပိုင်း၊ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား သုံးသပ် ချက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပိုင်း ၁၁ ပိုင်းတို့ ပါဝင်ပါတယ်။
နောက်ဆက်တွဲအဖြစ် အတိုအကောက် စာလုံးများရဲ့ အနက်အဓိပ္ပာယ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြပေးထား ပါတယ်။ Ethnic Studies Center က တန်ဖိုး ၂၀ဝ၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – မောင်မောင်စိုး
စာအုပ်အမည် – ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ သုံးသပ်ချက်
အမျိုးအစား – နိုင်ငံရေး
အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး တိုက်ပွဲအကြောင်းကို ရေးသားနိုင်ဖို့ မူရင်း စာရေးဆရာနှစ်ယောက်က စာအုပ်စာတမ်းပေါင်း များစွာကို လေ့လာခဲ့ပြီး လူပေါင်း ၃၀ဝ၀ လောက်ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သန်းခေါင်ယံ လွတ်လပ်ရေး စာအုပ်မှာ မဟာရာဇာတွေရဲ့စည်းစိမ်ယစ်မူးပုံ၊ အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေစပြီး နယ်ချဲ့ကျူး ကျော်ပုံကစလို့ မဟတ္တမဂန္ဒီ လုပ်ကြံခံရပြီး ဗြိတိသျှစစ်သားတွေ ပြည်တော်ပြန်တဲ့အထိ အခန်းပေါင်း ၂၀ နဲ့ ဇာတ်လမ်းဆင် ရေးသားထားပါတယ်။
စာအုပ်မှာ ဂန္ဒီကြီးထက် အိန္ဒိယဘုရင်ခံချုပ် မောင့်ဘက်တန်ကို အသားပေးတယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ ဂယက်ရိုက် ခဲ့ပေမယ့် အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဒီကတော့ ဖတ်ဖြစ်အောင် ဖတ်သင့်တဲ့စာအုပ်လို့ လွှတ်တော်မှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ရာပြည့်စာအုပ်တိုက်က တန်ဖိုး ၆၀ဝ၀ နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ- မောင်ပေါ်ထွန်း (ဘာသာပြန်)
စာအုပ်အမည်- သန်းခေါင်ယံ လွတ်လပ်ရေး
အမျိုးအစား- ဘာသာပြန်