Lifestyle

ကိုယ်ဖြစ်လာတဲ့ အကြောင်းအရာကို အပြစ်တင် ညည်းနေမယ့်အစား တခုခု ထလုပ်ပါ

Want create site? Find Free WordPress Themes and plugins.

၁၉၉၆ ခုနှစ်လောက်မှာ စတင်ပြီး မော်ဒယ်သရုပ်ဆောင်အဖြစ် လူသိများ ကျော်ကြားခဲ့တဲ့ မော်ဒယ် သန္တာလှိုင်ဟာ ၁၉၉၉ မှာ သြစတြေးလျနိုင်ငံသို့ထွက်ခွာသွားခဲ့ပြီး အဲဒီမှာပဲ အခြေချ နေထိုင်ခဲ့ပါတယ်။ အဲဒီကနေမှ ၂၀၁၂ ခုနှစ်မှာ မိသားစုနဲ့အတူ မြန်မာနိုင်ငံသို့ အပြီးအပိုင်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာကနေတဆင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ပြန်လည်မျှဝေခြင်း၊ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာများ ရေးသားမျှဝေခြင်း စတာတွေကို ပြုလုပ်လာရာကနေ မြန်မာပရိသတ်တွေအကြား ပြန်လည် သတိထားမိလာပါတော့တယ်။

သရုပ်ဆောင် သန္တာလှိုင်မှာ Zakera Swalch နဲ့ Rayn Mackenzie ဆိုတဲ့ သားနဲ့ သမီးနှစ်ဦးရှိပြီး မကြာခင်မှာလည်း T’s Workshop လို့ အမည်ပေးထားတဲ့ လူတဦးချင်းစီရဲ့ ဘဝမှာ ဖြစ်ချင်တဲ့အရာတွေ လိုအပ်ချက်တွေ စတာတွေကို ကူညီ လမ်းညွှန်မျှဝေပေးမယ့် Workshop တခုကို ကိုယ်တိုင်ဦးစီးကာ ဖွင့်လှစ်တော့မယ် လို့လည်း သိရပါတယ်။ ဒါကြောင့် အဆိုပါ Workshop နဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့နဲ့အတူ သူပြောပြတဲ့ သ့ူရဲ့ ဘဝဖြတ်သန်းပုံ၊ ခံယူနေထိုင်ပုံ နဲ့ မြန်မာအမျိုးသမီးတွေအပေါ်သုံးသပ်အကြံဉာဏ်ပေးထားမှု စတာတွေကို ဧရာဝတီသတင်းဌာနရဲ့ ကော်ပီအယ်ဒီတာ သဲသဲက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ဖြတ်သန်းလာခဲ့တဲ့ ဘဝတလျှောက်လုံးမှာ စိတ်ဓာတ်ကျတဲ့ အချိန်တွေ ရှိခဲ့မယ်၊ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေ ရှိခဲ့မယ်၊ အဲဒီလိုမျိုး ရှိခဲ့တဲ့ အချိန်တွေမှာ မိန်းမသားတယောက်အနေနဲ့ ဘဝကို အားတင်းပြီး ဘယ်လိုပြန်ပြီးတော့ ထူထောင်ခဲ့လဲ၊ အားငယ်တဲ့ စိတ်ဓာတ်ကျတဲ့ အချိန်တွေမှာ ဘာကို အဓိကထားပြီး လုပ်ခဲ့လဲ။

ဖြေ။ ။ လူတိုင်းမှာတော့ ရှိမှာပါပဲ။ အမတယောက်တည်းတင် မဟုတ်ပါဘူး၊ ဘဝမှာ စိတ်ညစ်ခဲ့ရတဲ့အချိန်တွေရှိမယ်၊ လုံးဝကို ပြိုလဲပြီးတော့ လုံးဝမထနိုင်လောက်အောင် ငိုခဲ့ရတဲ့အချိန်တွေလည်း ရှိမှာပဲ။ အဲဒီအချိန်တွေတုန်းက အဓိကကတော့ ကလေး ၂ ယောက်ပါပဲ။ ကလေးရသွားပြီဆိုလို့ရှိရင် ကိုယ့်ဘဝက ကိုယ့်အတွက်ကိုယ် ရပ်တည်နေတာမဟုတ်ဘဲနဲ့ ကိုယ့်ဘဝကို ရပ်တည်နေရတဲ့အဓိပ္ပာယ်ပါ ပြောင်းလဲသွားပြီကိုး။ အဲဒီတော့ သူတို့အတွက် ငါ ခုချိန်မှာ အလျော့ပေးလို့မရဘူး။ လူဆိုတာ အသက်ရှင်နေခြင်းအကြောင်းရင်းက ကိုယ့်ရဲ့ စိတ်တခုတည်းနဲ့ပါ။ စိတ်ကိုလျော့လိုက်ပြီး မနက်ဖြန် ငါအသက်မရှင်ချင်တော့ဘူးဆိုပြီး စဉ်းစားလို့ကလည်း မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရှိရင် ဒီကလေး ၂ ယောက်ကို ဘယ်သူလုပ်ပေးမလဲ။ ဒီနှစ်ယောက်ကို ကိုယ်ရှိရှိမရှိရှိ သူတို့ခြေထောက်ပေါ် သူတို့ ရပ်တည်နိုင်အောင် အချိန်မပြည့်သေးဘူး။ ပြုစုပျိုးထောင်နေတုန်းပဲ ရှိသေးတယ်ဆိုတော့ အဲဒီအတွက်နဲ့တင် အားတင်းခဲ့ပါတယ်။ ပြီးတော့ တခုသတိရတာပေါ့။

ဘုရားဟောတဲ့အတိုင်း လူဆိုတာ လာတုန်းကလည်း တယောက်ပဲ သွားရင်လည်း တယောက်တည်းပဲ သွားရမှာပဲဆိုတော့ အခုချိန်မှာ တယောက်တည်းရပ်တည်ရတာလည်း ငါတယောက်တည်းမဟုတ်ဘူး။ လူတိုင်းလည်း ဒီလိုပဲနေမှာပါပဲဆိုတဲ့ အတွေးလေးတခုတည်းနဲ့ ကိုယ်တိုင် တယောက်တည်း ဆက်ပြီးရပ်တည်နိုင်အောင် ပြိုလဲတဲ့အချိန်တွေမှာ တွေးခဲ့ရတာ အဲဒီအတွေးလေးတခုတည်းနဲ့ပါ။

မေး။ ။ အခုချိန်မှာ မြန်မာပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ single mother တယောက်အနေနဲ့ ရပ်တည်နေရတဲ့အပေါ် စိန်ခေါ်မှုတွေ အခက်အခဲတွေ ဘယ်လောက်အထိ ရင်ဆိုင်နေရလဲ။ ရင်ဆိုင်ခဲ့ရလဲ။ ဘယ်လောက်ထိ ရင်ဆိုင်ပြီးသွားပြီလဲ။

ဖြေ။ ။ အဲဒီ မေးခွန်းက အမကို ခဏခဏ မေးကြပါတယ်။ အဲဒီမေးခွန်းကို မေးရင် ဟုတ်ပါတယ်၊ အမ မြန်မာနိုင်ငံမှာနေတဲ့ မြန်မာအမျိုးသမီးတယောက်ပါပဲ။ ဒါပေမယ့် အမကျတော့ တော်ရုံတန်ရုံ ကိုယ်တွေ့လာရတဲ့ ပြသနာပဲဖြစ်ဖြစ် အကြောင်းအရာလေးတွေပဲ ဖြစ်ဖြစ်။ အများအမြင်မှာတော့ စိန်ခေါ်မှုလို့ မြင်နိုင်ပေမယ့် အမမျက်စိထဲမှာတော့ အဲဒါကို စိန်ခေါ်မှုလို့ မမြင်ဘူး။ အမအတွက်က အခက်အခဲ မရှိပါဘူး။ ဒါပေမယ့် အမကို မေးတဲ့ မေးခွန်းတွေထဲမှာ အမက single mother မဟုတ်ဘူးလို့ပဲ အမြဲတမ်း ပြန်ဖြေပါတယ်။ အမအနေနဲ့ အိမ်ထောင်မရှိ တကိုယ်ရည် လက်ထပ်မထားတဲ့ တခုလပ် အမျိုးသမီးတယောက် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် mother တယောက်အနေနဲ့ကျတော့ single mom လို့ နာမည်တပ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမဆီမှာ အထောက်အပံ့အပြည့်အစုံ ဘေးနားမှာ မိသားစု ပြည့်ပြည့်စုံစုံ သိုက်သိုက်ဝန်းဝန်းနဲ့ ပြီးတော့ အမရဲ့ အရင်အမျိုးသား ကလေးတွေရဲ့ အဖေကလည်း ဥပမာ မနေ့ညကဆိုရင် အနှိပ်သွားခံဖို့ ညကြီးမင်းကြီး အိမ်က ထွက်ခါနီး သူ့သားအတွက်တဲ့ အင်္ကျီလေးလားမသိဘူး။ လာပေးတယ်။ အဲဒါနဲ့ အတော်ပဲ၊ နင်ပဲ ကလေးသိပ်လိုက်တော့၊ ငါအပြင်ထွက်ပြီး အနှိပ်ခံလိုက်ဦးမယ်၊ သူငယ်ချင်းတွေနဲ့ဆိုတော့၊ အိုကေအိုကေ သွားသွားသွားဆိုပြီး အဲဒီလောက်ထိကို အထောက်အကူရှိပါတယ်။ ထမင်းစားချိန်ဆိုရင်လည်း သူတယောက်တည်း ဖြစ်နေမလားဆိုတဲ့စိတ်နဲ့ တခါတလေ အမက အိမ်မှာ ထမင်းဖိတ်ကျွေးတာတို့ဘာတို့ ရှိတယ်။ ကလေးနဲ့အတူတူ ဘာပဲဖြစ်ဖြစ် ထမင်းတနပ်လေးပဲ စားလိုက်ရ စားလိုက်ရ၊ မိသားစုအနေနဲ့ စားရတဲ့ ထမင်းတနပ်က အမ သားအတွက်က အဓိပ္ပာယ်ရှိတာပဲလေ။

ဆိုတော့ အဲဒီလိုမျိုးတွေးပြီးတော့ ဘေးနားမှာလည်း မိဘအသိုင်းအဝိုင်း မိတ်ဆွေတွေ အိမ်မှာဆိုလည်း မနော်ရှိတယ်၊ ဒီလိုမျိုး သိုင်းသိုင်းဝန်းဝန်းနဲ့ ကလေးတယောက်ကို ပြုစုပျိုးထောင်ရတာ single mom တယောက်မဟုတ်ပါဘူး။ အဲဒီတော့ တကယ့်ကို တယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်ပြီးတော့ ကလေးတယောက်ကို ရှာဖွေ ထိန်းကျောင်းနေရတဲ့ single mom, single dad တွေကို အခု အမ တကယ့်ကို ကိုယ်ချင်းစာလို့ ရပါတယ်။ တကယ့်ကို နားလည်ပေးလို့ ရပါတယ်လို့။ ဒါ ကိုယ် ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။

မေး။ ။ Single Mom တွေ Single Dad တွေ သူတို့တွေအတွက်ရော ဘယ်လိုမျိုး ခွန်အားဖြစ်စေမယ့်စကားမျိုး ပြောပေးချင်လဲ။

ဖြေ။ ။ အမရဲ့ သန္တာလှိုင်ဆိုတဲ့ facebook page မှာ မေးခွန်းတွေ အများကြီး ပို့ထားပါတယ်။ ဒီလိုမျိုး single mom, single dad တွေအနေနဲ့ ခက်ခဲနေရတဲ့ ပြဿနာတွေ၊ ပြီးတော့ အိမ်ထောင်တခုမှာ အနှိပ်စက်ခံ၊ abuse လုပ်ခံရပြီးတော့ စိတ်ဓာတ်ကစ ပြန်ပြီးတော့ တည်ဆောက်ချင်နေတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ဒီလိုမျိုး အခက်အခဲတွေ ကြုံတွေ့ရတဲ့ single mom, single dad တွေ၊ ကိုယ်နဲ့ သက်တူရွယ်တူ သို့မဟုတ် ကိုယ့်ထက် ငယ်ရွယ်တဲ့ ကလေးတွေ လူငယ်တွေအတွက်ပါ ခန္ဓာကိုယ်ရော စိတ်ရော ၂ ခုစလုံး ပြန်လည်တည်ထောင်ပေးနိုင်မယ့် ကိုယ်ကိုယ်တိုင်တင် မဟုတ်ဘဲနဲ့ ကိုယ်နဲ့အတူ တခြား professional အကြံပေးနိုင်မယ့် တတ်ကျွမ်းပညာရှင်တွေနဲ့ပါ ဖွဲ့စည်းတည်ထောင် ထားတဲ့ T’s workshop ဆိုတဲ့ သင်တန်းလေးက ဗိုလ်ရာညွန့်လမ်းမှာ စပြီးတော့ ဖွင့်တော့မှာပါ။ နောက်ထပ် ၂ ပတ်လောက်ဆိုရင် ဖွင့်ပါပြီ။ ဒီလို ကူညီနိုင်မယ့်နေရာလေးတခုနဲ့ သင်တန်းလေးတခုကို စပြီး ထူထောင်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီတော့ သူများတွေ စိုးရိမ်သလိုမျိုး၊ သူများတွေကျတော့ အများအားဖြင့် ရပ်တည်ဖို့ဆိုရင် သူများ မျက်ရည်ကြီး ငယ်ကျပြီးမှ စားရတဲ့ ထမင်းမျိုးမဖြစ်ဖို့ သတိထားပါတို့ဘာတို့ တွေးနေကြတဲ့သူများအတွက် အမ ထပ်ပြီးတော့ အတွေးသစ်တခုပေးချင်တာက အဲလိုမျိုးတွေးနေမယ့်အစား ငါလုပ်မယ့်အလုပ် ဖြစ်ချင်တဲ့အလုပ်က သူများကို ပြန်လည်တည်ထောင်ပေးတဲ့၊ သူများကို ရယ်မောပြီးတော့ ပျော်ရွှင်ပြီးတော့ လှပပြီးတော့ ကျန်းမာပြီးတော့ တိုးတက်နိုင်စေမယ့် အလုပ်မျိုးကို လုပ်ရင်းနဲ့မှ စီးပွားရှာလိုု့ရတဲ့ ထမင်းမျိုးကို စားတာပါဆိုတဲ့ ဂုဏ်ယူမှုမျိုးနဲ့ အဲဒီလိုမျိုး တွေးနိုင်ပြီးတော့ အဲဒီလိုမျိုး ကူညီနိုင်အောင် စပြီးတော့ အတွေးလေးကို ပြောင်းကြည့်ပါလားလို့ အမ ပြောချင်ပါတယ်။

မေး။ ။ အခုလက်ရှိ မြန်မာပြည်အနေအထားမှာ အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံနေရတာမျိုးတွေ ရှိနေပါသေးတယ်။ အဲဒီ အနေအထားတွေအပေါ် ဘယ်လိုသုံးသပ်ပြောဆိုချင်ပါသေးလဲ။ အကြံပေးချင်ပါလဲ။

ဖြေ။ ။ အမပြောချင်တာကတော့ လူဆိုတာ ဘယ်သူမပြု မိမိမှုပါ။ အဲဒီတော့ ကိုယ်ဆက်ဆံချင်တဲ့ ပုံစံမျိုးနဲ့ သူများကို ဆက်ဆံပေးပါ။ ဒါပေမယ့် အဲဒါက ပြောတော့လွယ်တယ်။ အမျိုးသားကို ဦးစားပေးပြီးတော့ အမျိုးသားတွေ ဦးဆောင်နေတဲ့နိုင်ငံမှာကျတော့ အမျိုးသမီးတွေအနေနဲ့က စိတ်သွားတိုင်းကိုယ်ပါ အခုလိုမျိုး လွယ်လွယ်ပြောတဲ့ စကားအတိုင်းလုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ အမျိုးသားတွေအတွက်သာ လွယ်ရင်လွယ်မှာပေါ့။ အဲဒီတော့ အမအနေနဲ့ တခုပြောချင်တာ အဓိကတော့ အင်အားရှိဖို့ပဲ လိုပါတယ်။ အဓိကက စိတ်ဓာတ်ခွန်အားနဲ့ စိတ်ဓာတ်အင်အားပါ။

ကိုယ်ကိုယ်တိုင်က ဆုံးဖြတ်ပြီးတော့ ဒါမျိုးကို သူများက ကိုယ့်ကို လုပ်ခွင့်ပေးကိုပေးမှာမဟုတ်ဘူး။ သူများက ကိုယ့်ကို လုပ်တယ်ဆိုတာ ကိုယ်လုပ်ခွင့်ပေးလို့သာ လူတွေက လုပ်နေကြတာပါ။ အဲဒီတော့ တချို့တွေဆိုရင် အမ အများအားဖြင့် တွေ့ကြုံရတာက မိဘတွေက အသက် ၃၀ ကျော် ၄၀ အထိ မိဘကြောင့် မိဘကို စိတ်ညစ်တယ် အဲလိုမျိုး ညည်းနေတဲ့ လူငယ်တွေ တေ့ွဖူးပါတယ်။ အဲဒီတော့ အမပြောချင်တာက ထိုင်ပြီးတော့ ညည်းနေရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ တခါက နှစ်ခါ၊ နှစ်ခါကနေ သုံးခါတော့ ဘေးနားက နားထောင်တဲ့လူတွေက နားထောင်ပေးမှာပေါ့။ ၄ ခါလောက် ဆိုရင်တော့ စပြီးတော့ ပြောလာတော့မယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လုပ်နိုင်တဲ့အရာတခုခုရှိတာကို ပြတ်ပြတ်သားသားလုပ်ရင်လုပ် မလုပ်နိုင်လို့ရှိရင်တော့ အဖြစ်အပျက်တွေက ဒီတိုင်းဆက်ဖြစ်နေဦးမှာပဲ။ ဥပမာ မိဘက ချုပ်ချယ်တာပဲ ဖြစ်ဖြစ်၊ အမျိုးသားက ချုပ်ချယ်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကောင်မလေးက ရစ်လို့ပဲ ဖြစ်ဖြစ်၊ တယောက်နဲ့ တယောက် အခြေအနေ အကြောင်းအရာတွေ မတူပေမယ့် တူနေတဲ့ အခြေခံအကြောင်းအရင်းကတော့ စိတ်ဓာတ်ပါပဲ။ အဲဒီတော့ စိတ်ထဲမှာ ကိုယ် ဒါကို လိုချင်လား မလိုချင်ဘူးလားဆိုတာကို ဆုံးဖြတ်ပြီးတော့ ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာလည်း လူတိုင်းမှာ အဖြေဆိုတာ ရှိပြီးသားပါ သိပြီးသားပါ။ သူများရဲ့အခြေအနေကို ကြည့်ပြီးတော့ အကြံတခု တသမတ်တည်း ပေးလို့မရပါဘူး။ တယောက်နဲ့တယောက်က အခြေအနေ၊ အချိန်အခါ၊ အဖြစ်အပျက်တွေချင်း မတူတဲ့အတွက် ကိုယ်ဘာဖြစ်သင့်လဲ ဘာလုပ်သင့်လဲဆိုတာကို ကိုယ်အသိဆုံးပေမယ့် လူတွေအများစု လုပ်တတ်တာက ဘေးနားပတ်ဝန်းကျင်ကို လိုက်မေးပြီးတော့ ဘာလုပ်သင့်လဲဆိုတဲ့ အဖြေမျိုးကို မေးတတ်ကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်လိုချင်တဲ့ ကိုယ်ကြားချင်တဲ့အဖြေမရဘူးဆိုရင် နောက်ထက် ထပ်မေးပြီးတော့ သွားရှာပြီးတော့ ကိုယ်ကြားချင်တဲ့အဖြေမျိုးရအောင် လုပ်တတ်ကြပါတယ်။

အဲဒီတော့ အမပြောချင်တာက တကယ့်တကယ်သာ စိတ်ဓာတ်ခွန်အားမရှိလို့ပဲဖြစ်ဖြစ်၊ မြှင့်တင်ချင်တာပဲဖြစ်ဖြစ်၊ မပြည့်စုံသေးတဲ့ စိတ်ဓာတ်ခွန်အားကို အားတိုးဖို့ပဲဖြစ်ဖြစ်၊ တကယ်လုပ်ချင်တယ်ဆိုရင် အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ တခြားအဖွဲ့အစည်းတွေ မသိဘူးဆိုရင်တောင်မှ အမရဲ့ T’s workshop ကို လှမ်းပြီးတော့ အကြောင်းကြားလိုက်ပါ။ အမတတ်နိုင်သလောက် ဘေးကနေ အကုန်လုံး ကူညီပေးပါမယ်လို့၊ ဒီလိုမျိုး အကူအညီလိုနေတဲ့ လူငယ်တွေအတွက်လည်း အမက စပြီးတော့ တည်ထောင်ထားရတာပါ။ အဲဒီတော့ တကယ်လုပ်ချင်ရင် အကုန်လုံးဖြစ်ပါတယ်လို့ အမပြောချင်ပါတယ်။ ကိုယ့်ကိုကိုယ် ဖြစ်ပျက်လာတဲ့ အကြောင်းအရာတွေကို အပြစ်တင်ပြီးတော့ ညည်းနေမယ့်အစား တစုံတခု ထလုပ်ပါလို့ ပြောချင်ပါတယ်။

မေး။ ။ T’s Workshop နဲ့ပတ်သက်ပြီး သတင်းအချက်အလက်လေးတွေပေးပေးပါဦး။

ဖြေ။ ။ အမရဲ့ သန္တာ workshop ကို အတိုကောက်အနေနဲ့ T ဆိုတဲ့ စကားလုံးကို ယူထားတာပါ။ T’s workshop က ဗိုလ်ရာညွန့်လမ်းထဲမှာ ရှိပါတယ်။ တိုက်ခန်းအကျယ်ကြီးကို ငှားထားတာဆိုတော့ နေရာကတော့ တော်တော်လေး ကျယ်ပါတယ်။ ပထမဆုံး ဒီလိုမျိုး ဖွင့်ဖို့ အစီအစဉ်မရှိပါဘူး။ ဗီဒီယိုလေးတွေနဲ့ပဲ share လုပ်မလို့။ ဒါပေမယ့် အခုလိုမျိုး life propose ကို တွေ့သွားတဲ့အချိန်မှာ ကိုယ်တကယ် မျှဝေချင်နေတာတွေ ကိုယ်ပြောချင်တာတွေ သင်ပေးချင်နေတာတွေ ပို့ချချင်နေတာတွေ အကုန်လုံးက နေရာတနေရာ လိုတယ်ဆိုတာကတော့ လုံးဝသေချာသွားပြီ။ အကုန်လုံးကလည်း မေးနေပြီ။ သင်တန်းမဖွင့်ဘူးလားဆိုတာ ၇ နှစ် ၈ နှစ်လောက် ရှိနေပါပြီ။ အဲဒီတော့ နောက်ဆုံး လုံးဝအရဲစွန့်ပြီးတော့ မျက်စိမှိတ်ပြီးတော့ ရှိတဲ့အရာတွေ အကုန်လုံး သိမ်းကျုံးပြီးတော့ T’s life workshop ထဲမှာ ထည့်ပြီးတော့ စပြီးတော့ နေရာလေးငှား စပြီးတော့ ပြင်ဆင်၊ အဲဒီအချိန်မှာ အရမ်းကိုကြောက်ပါတယ်။ ကိုယ်အကုန်လုံးစွန့်ပြီးတော့ လုပ်မယ့် လုပ်ငန်းတခုဆိုတော့။ ဒါပေမယ့် ပရိသတ်တွေထဲမှာ အရမ်းအားပေးကြပြီးတော့ တကယ်ဖွင့်ရင် တကယ်လာမယ်ဆိုတဲ့ လူစာရင်းကို မြင်လိုက်တဲ့အချိန်မှာ အခု တနေရာတည်းတောင် လောက်ပါ့မလားမသိဘူး။ နောက်ထပ်တနေရာ ရှာရမလိုတောင် ဖြစ်နေပါပြီ။ အမ ပထမဆုံး ထင်ထားတာကလည်း နေရာရသွားပြီဆိုရင်တောင်မှ ကိုယ်သင်ပြချင်တဲ့ အတိုင်း ပို့ချပေးနိုင်မယ့် ဆရာတွေ၊ သင်တန်းဆရာတွေ trainer တွေ ရှာရတာ ခက်မယ်လို့ ထင်ထားခဲ့တာ။

တကယ့်တကယ်လည်း ကမ်းလှမ်းလိုက်ရော မကမ်းလှမ်းခင်မှာကတည်းက ကိုယ်ကမ်းလှမ်းမှာကို စောင့်နေကြတဲ့ နာမည်ကြီးဆရာတွေ အကဆရာတွေ ယောဂဆရာတွေ ဆရာမတွေ၊ boxing ဆရာတွေ၊ fitness trainer တွေ၊ nutritionist တွေ၊ အခု အမ ဘာထပ်ရှာနေလဲဆိုတော့ ဆရာဝန်တွေ၊ ဆရာဝန် သုံးလေးယောက်လောက် အမ ထားထားမယ်။ အမရေးချင်တဲ့ health, nutrition, food အစားအသောက်တွေ၊ nutrition နဲ့ ပတ်သက်တာတွေ အကုန်လုံးကို ဆရာဝန်တွေနဲ့အတူ သူတို့ကိုယ်တိုင် ရေးပေးမယ့် article တွေ ဖြစ်အောင် အနောက်ကနေ ကိုယ်လိုချင်တဲ့ guide line နဲ့ စပြီးတော့ သွားတော့မှာပါ။

ကိုယ်မှန်းထားတာထက်ကို အများကြီးပိုအဆင်ပြေပြီးတော့ ကိုယ်မှန်းထာတာထက် ကြီးကျယ်နေပါပြီ၊ ချဲ့လည်း ချဲ့ရတော့မှာပါ ဒီတိုင်းဆိုရင်၊ အင်မတန်အားရပါတယ်။ အရမ်းကိုလည်း အံ့သြတယ်၊ အခုတော့ ပိုပြီးတော့ သေချာသွားတာက ငါတကယ်ကို လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ကံပါလာလို့ ဒီလိုဖြစ်တာလို့ အမကတော့ ယုံကြည်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading