မော်ဒယ် အမျိုးသမီးအား အဓမ္မပြုကျင့်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရသော အဆိုတော် အစ္စဏီ အမှုမှာ စွပ်စွဲခံရသူ ဘက်မှ ရှေ့နေများ အပြောင်းအလဲ ရှိသွားမယ်လို့ ယနေ့ ဇွန်လ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၅ ကြိမ်မြောက် ရုံးချိန်းမှာသိရပါတယ်။
“ဒီနေ့ သူတို့ (အဆိုတော် အစ္စဏီ) ဘက်က ရှေ့နေပါဝါ ရုတ်တာကြောင့် မစစ်ခဲ့ဘူး။ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ” လို့ တရားလို ဖြစ်သူ မော်ဒယ် စူးရှထက်က ပြောပါတယ်။
ယနေ့ ၅ ကြိမ်မြောက် ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ စူးရှထက်(ခေါ်) ဇာခြည်ဌေးကို ဒုတိယအကြိမ် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်မှာ ဖြစ်ပေမယ့် စွပ်စွဲခံရသူ အဆိုတော် အစ္စဏီဘက်က လိုက်ပါဆောင်ရွက်လျက်ရှိတဲ့ ရှေ့နေများကို ပါဝါရုတ်သိမ်းခဲ့တာကြောင့် နောက်တပတ် ရုံးချိန်းကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။
“ကျနော်တို့ဘက်က ရှေ့နေတွေအားလုံး ပြောင်းသွားမှာပါ။ ပြောင်းသွားမယ့် ရှေ့နေတွေကိုတော့ ကျနော်တို့ဘက်က ပြောပြဖို့ အစီအစဉ် မရှိသေးပါဘူး” လို့ အဆိုတော် အစ္စဏီရဲ့အစ်ကိုဖြစ်သူ ကိုကျော်စွာက ပြောပါတယ်။
အဆိုတော် အစ္စဏီကတော့ မော်ဒယ်စူးရှထက် (ခေါ်) ဇာခြည်ဌေးကို အလိုမတူဘဲ အဓ္ဓမ ပြုကျင့်ခဲ့သည်ဟု ဆိုကာ မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်စွာ နာကျင်စေမှု ၊ ချွန်သော လက်နက်ဖြင့် သာမန် နာကျင်စေမှုတု့ိဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်ပါတယ်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ ဟန်ထွန်းဇော်(ခေါ်) အဆိုတော် အစ္စဏီအား တာမွေမြို့မ ရဲစခန်းမှာ ဥပဒေ ပုဒ်မ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားပြီး တာမွေမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
၆ ကြိမ် မြောက် ရုံးချိန်းကိုတော့ နောက်တပတ် သောကြာနေ့၊ ဇွန်လ ၁၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။