ယနေ့ခေတ် မြို့ပြလူနေမှုဘဝမှာ Google ဟာ မရှိမဖြစ် အရေးပါတဲ့ အရာတခု ဖြစ်လာပါပြီ။ လန်ဒန်မှာ ရှိတဲ့ လူဦးရေကို သိချင်တာကစလို့ ရန်ကုန်မြို့ထဲ လမ်းပျောက်နေတာအဆုံး၊ ဘာပဲလိုလို Google ကိုပဲ အားကိုးနေရပြီ ဖြစ်ပါတယ်။ သိပ်မကြာခင်ဆို ဘတ်စ်ကား လူကြပ်၊ မကြပ်ကိုပါ Google မှာ ကြည့်နိုင်တော့မှာပါ။
Google က Maps မှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ လူကြပ်၊ မကြပ် ခန့်မှန်းပေးမယ့် လုပ်ဆောင်ချက်အသစ်ကို ထည့်ပေးနေပြီဖြစ်ကြောင်း ဇွန်လ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဘတ်စ်ကား၊ ရထား ဒါမှမဟုတ် မြေအောက်ရထား စီးတော့မယ်ဆိုရင် နေရာ ရ၊ မရ ကြိုကြည့်နိုင်တော့မှာပါ။
Google ဟာ ဒီခန့်မှန်းချက်တွေကို အရင်က စီးနင်းထားတဲ့ အချက်အလက်တွေအပေါ် ကြည့်ပြီး ခန့်မှန်းပေးမှာ ဖြစ်ပါတယ်။ Google Maps မှာ ဘတ်စ်ကား ဒါမှမဟုတ် ရထား စီးပြီးတာနဲ့ လူဘယ်လောက်ကြပ်လဲဆိုတာ ဖြေပေးဖို့ မေးခွန်းတွေ ပေါ်နေတာလည်း လအတော်ကြာ ရှိနေပြီလို့ သိရပါတယ်။
Google Maps သုံးတဲ့လူတွေမှာ ကားပေါ်က ဆင်းတာနဲ့ ရွေးချယ်စရာ ၄ ခု ပေါ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ “ခုံလွတ် များတယ်၊ ခုံလွတ်နည်းတယ်၊ ခုံလွတ် မရှိ၊ မတ်တပ်ရပ်သူ အပြည့်” စတဲ့ ၄ ခုထဲကမှ ဘယ်လိုအခြေအနေ ရှိလဲဆိုတာ ရွေးပေးရမှာ ဖြစ်ပါတယ်။
အခုဆို အဆိုပါ မေးခွန်းတွေကနေ အဖြေ အလုံအလောက်ရရှိထားပြီး ဖြစ်တာကြောင့် ခန့်မှန်းချက်တွေ စပေးနိုင်ပြီဖြစ်ကြောင်း Google က ပြောကြားလိုက်ပါတယ်။ ယနေ့ကစပြီး ကမ္ဘာတဝန်းက မြို့ပေါင်း ၂၀၀ မှာ ခန့်မှန်းချက်တွေကို စတင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ မြို့ပေါင်း ၂၀၀ ထဲမှာ ၄ ပုံ ၁ ပုံလောက်က အမေရိကန်မြို့တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြို့တွေ ပါ၊ မပါတော့ မသိရသေးပါဘူး။
ဒီလုပ်ဆောင်ချက် အလုပ်လုပ်မယ့်ပုံစံကတော့ ဥပမာအားဖြင့် တိုကျိုမြို့ ရှီဘုယ ကနေ ရှင်ဂျူကု ရပ်ကွက်ကို ရထားစီးပြီးသွားမယ်ဆိုရင် ၉ နာရီ ၄၀ ရထားမှာ အမြဲ “ခုံနေရာ မလွတ်တတ်ကြောင်း” ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။
ဒီအချက်အလက်က ရထားပဲ စီးဖို့ ဆုံးဖြတ်ထားတဲ့လူအဖို့ သိပ်အသုံးမဝင်နိုင်ဘူးဆိုပေမယ့် အခြေအနေတခုခုကြောင့် မတ်တပ်ရပ်စီးဖို့ အဆင်မပြေတဲ့အခါမျိုးမှာ ဒီရထားပဲ စောင့်မနေဘဲ တခြားဆုံးဖြတ်ချက်တခု ချနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေက ဘတ်စ်ကားရောက်မယ့်အချိန်ကို အချိန်နဲ့တပြေးညီ မပေးနိုင်တဲ့ မြို့တွေမှာလည်း ဘတ်စ်ကားနောက်ကျ၊ မကျကို Google Maps မှာ ပြပေးမှာ ဖြစ်ပါတယ်။ ဘတ်စ်ကား နောက်ကျဖွယ် ရှိ၊ မရှိ၊ ဘယ်လောက် နောက်ကျနိုင်လဲ ဆိုတဲ့ အချက်အလက်တွေအပြင် ယာဉ်ကြော အခြေအနေကို ကြည့်ပြီး ပိုမိုတိကျတဲ့ ခရီးကြာချိန်တွေကို ကြည့်နိုင်တော့မှာ ဖြစ်ပါတယ်။
Google ဟာ Maps မှာ နေ့စဉ်ဘဝအတွက် ပိုမိုအသုံးဝင်တဲ့ လုပ်ဆောင်ချက် အသစ်တွေကို အလျှံပယ် ထည့်ပေးလာတာ တွေ့ရပါတယ်။ ကိုယ်ပိုင်ကား ဒါမှမဟုတ် တက္ကစီယာဉ်မောင်းတွေအတွက် မြို့တွင်းယာဉ်ကြောအခြေအနေ ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ထုတ်ပေးထားပြီး ဖြစ်ပါတယ်။
Ref: The Verge
You may also like these stories:
Google နဲ့ Facebook Apps တွေ သုံးမရတော့ရင် ငွေအပြည့် ပြန်အမ်းမယ်လို့ Huawei ပြော
သီချင်းစာသားတွေကို Google က ကော်ပီကူးနေကြောင်း Genuis ဝက်ဘ်ဆိုဒ် စွပ်စွဲ
Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်
Android TV အချို့မှာ ကြိုတင် အသိမပေးဘဲ Google က ကြော်ငြာတွေ ထည့်သွင်း