ဗီယက်နမ် ပြည်တွင်းဆေးဝါး ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး Nanocovax ကို ပထမဆုံးအကြိမ် လူနဲ့ စမ်းသပ်မှု စတင်ခဲ့ပါတယ်။ မြို့တော် ဟနွိုင်းက စစ်ဆေးတက္ကသိုလ်မှာ စေတနာ့ဝန်ထမ်း ၃ ဦးကို ဒီဇင်ဘာ ၁၇ ရက်က ထိုးနှံပေးလိုက်တာပါ။
ကိုယ်ရေးအချက်အလက် အသေးစိတ် မဖော်ပြထားတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို Nanocovax ကာကွယ်ဆေး ထိုးနှံပေးပြီး ၇၂ နာရီကြာ စစ်ဆေး အကယ်ဒမီမှာ စောင့်ကြည့်ပြီးမှ အိမ်ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ရလဒ် ထွက်ပေါ်လာတဲ့ထိ ၅၆ ရက်ကြာ စောင့်ကြည့်သွားရမှာပါ။
ဟိုချီမင်းမြို့မှာ အခြေစိုက်တဲ့ Nanogen ဆေးဝါးထုတ်လုပ်ရေး ဇီဝနည်းပညာပိုင်း JSC ကနေ စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေး Nanocovax ကို လူသားမှာ စမ်းသပ် ထိုးနှံဖို့အတွက် စေတနာ့ဝန်ထမ်း စာရင်းပေးထားတဲ့ အယောက် ၃၀၀ ထဲက ၃ ဦးကို ရွေးချယ် ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးအကယ်ဒမီ ဒါရိုက်တာ ဗိုလ်ချုပ်ကြီး Do Quyet က “ကျနော်တို့ တိုင်းပြည်မှာ COVID-19 ကို ထိန်းချုပ် ကာကွယ်နိုင်ခဲ့တယ်ဆိုတဲ့ အောင်မြင်မှု သာဓကလိုပဲ ဗီယက်နမ်ကလည်း ကာကွယ်ဆေး လုပ်နိုင်တယ်ဆိုတာ ကမ္ဘာကို ကြေညာရမယ့် အချိန်ပါ” လို့ ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ COVID-19 ကို ထိန်းချုပ် ကာကွယ်နိုင်ခဲ့ပြီး ကူးစက်မှုနှုန်း နည်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကူးစက်မှု ၁,၄၀၅ ဦး ရှိပြီး၊ သေဆုံးသူကလည်း ၃၉ ဦးသာ ရှိပါတယ်။ ဗီယက်နမ်အစိုးရကလည်း ကမ္ဘာအနှံ့မှာ တခြားကာကွယ်ဆေး ဝယ်ယူရေး မလုံလောက်မှုတွေကို မှီခိုမနေဘဲ ပြည်တွင်းထုတ် ကာကွယ်ဆေး ထွက်ပေါ်လာဖို့ကို လုပ်ဆောင်ခဲ့ပါတယ်။
“လက်ရှိမှာ ခွင့်ပြုပေးထားတဲ့ ကာကွယ်ဆေးတွေက တကမ္ဘာလုံး လူဦးရေရဲ့ ၅ ပုံ ၁ ပုံလောက်ပဲ ရနိုင်မှာပါ။ ဒီထဲကမှ အများအားဖြင့်က ဖွံ့ဖြိုးပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေဆီပဲ ရောက်ကုန်မှာပါ” လို့ မစ္စတာ Quyet က ကာကွယ်ဆေး စမ်းသပ်ထိုးနှံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
Nanocovax ပထမအဆင့် စမ်းသပ်မှုဟာ ၄ လလောက် ကြာမြင့်ပါလိမ့်မယ်။ ဒီ့နောက်မှာတော့ နောက်ထပ် ဒုတိယအဆင့် ၄ လကြာ စမ်းသပ်မှု ရှိမှာဖြစ်ပြီး၊ ၆ လကြာမြင့်မယ့် တတိယအဆင့်နဲ့ နောက်ဆုံး စမ်းသပ်မှုမှာတော့ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံတွေက လူပေါင်း ၁၀,၀၀၀ ကျော်လောက် ပါဝင်လာမယ်လို့ စစ်ဆေးအကယ်ဒမီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီရဲ့ ဆေးဝါး စမ်းသပ် ထုတ်လုပ်ရေးပိုင်း ဒါရိုက်တာ Do Minh Tri က စမ်းသပ်ခံပေးမယ့် စေတနာ့ ဝန်ထမ်းတွေအတွက် မတော်တဆဖြစ်ခဲ့ရင် ဗီယက်နမ်ဒေါင်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၄,၃၀၀ ကျော်) တန်ဖိုးရှိ အထူးကျန်းမာရေး အာမခံလည်း လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Nanocovax ကာကွယ်ဆေးဟာ ဗီယက်နမ်ပြည်တွင်းထုတ် ပထမဆုံး COVID-19 ကာကွယ်ဆေးဖြစ်ပြီး၊ နောက်ထပ် ကုမ္ပဏီ ၂ ခုရဲ့ စမ်းသပ်မှုတွေလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။
Nanocovax ကာကွယ်ဆေးရဲ့ အားသက်ချက်ကတော့ သာမန် အပူချိန် ၂ ဒီဂရီကနေ ၈ ဒီဂရီဆဲလ် စီးယပ်ကြားမှာ သိုလှောင် ထိန်းသိမ်းထားနိုင်ပြီး၊ တဦးကို ၂ ကြိမ် ထိုးရမယ့် ဆေးအတွက် ဗီယက်နမ်ဒေါင်ငွေ ၂၅၀,၀၀၀ ဝန်းကျင်သာ ကုန်ကျမှာ ဖြစ်ပါတယ်။
Ref: The Straits Times
You may also like these stories:
ပြင်သစ်သမ္မတ မက်ခရွန် COVID-19 ကူးစက်ခံရ
ထင်မှတ်မထားတဲ့ ကိုဗစ်ရောဂါ လက္ခဏာ ခံစားခဲ့ရတဲ့ Ellen DeGeneres
အင်ဒိုနီးရှားမှာ ကိုဗစ် ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်