ကိုဗစ်ကာလအတွင်း အကျိုးပြုသီချင်းတွေနဲ့ ပရိသတ်ကို တင်ဆက်ပေးခဲ့ကြတဲ့ အဆိုတော် ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ နှစ်ဦးကတော့ သူတို့ရဲ့ပထမဆုံး အချစ်သီချင်းဖြစ်တဲ့ “ဘက်စုံထူးချွန်” သီချင်းကို မကြာခင် ပရိသတ်တွေ နားထောင်ရတော့မှာ ဖြစ်ပါတယ်။
“ကျနော်တို့ သီချင်းလေးတပုဒ် လုပ်ဖြစ်တယ်။ ခါတိုင်းနဲ့ မတူတာက ကျနော်နဲ့ မိစန္ဒီရဲ့ ပထမဆုံးအချစ်သီချင်း တပုဒ်ပါ။ များသောအားဖြင့် ကျနော်တို့ နှစ်ယောက်ပေါင်းပြီး အကျိုးပြုသီချင်းတွေ ဆိုဖြစ်တာ ဒီကာလမှာ များနေပြီ။ လုပ်ချင်တာကတော့ အချစ်သီချင်းတွေ လုပ်ချင်တာ။ လုပ်ဖြစ်တာကတော့ ပရဟိတ သီချင်းတွေ ဖြစ်နေတာ။ အခု အောင်မြင်သွားပြီပေါ့။ အောင်မြင်သွားတဲ့အနေနဲ့ ပရိသတ်တွေကို အသိပေးတာပါ” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
“ဘက်စုံထူးချွန်” သီချင်းကိုတော့ မိစန္ဒီက ရေးသားထားတာဖြစ်ပြီး သူ့ရဲ့ ခံစားချက်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ဒီသီချင်းကတော့ ဘက်စုံထူးချွန်လို့ ခေါ်ပါတယ်။ အရမ်း အသည်းကွဲတဲ့ သီချင်းပါ။ ကျောင်းသီချင်းလို့ ထင်မှာစိုးလို့။ ကျောင်းသီချင်း မဟုတ်ဘူး။ အသည်းကွဲပြီး နှာချေးတွေ ထွက်ပြီး ဆိုထားပါတယ်။ ဒီသီချင်းကို ဒီလိုမျိုး ရေးမယ်ဆိုပြီး အိုင်ဒီယာ ရခဲ့တာက မနှစ်ကတည်းက ရခဲ့တာပေါ့။ ဘက်စုံထူးချွန်ဆိုတဲ့ စာလုံးလေးကို ကြိုက်တယ်။ စရေးမယ်ပေါ့”
“ကောင်လေးက အရမ်းဘက်စုံ ထူးချွန်တယ်ပေါ့။ လိမ်တဲ့နေရာမှာလည်း ကျွမ်းတယ်။ ညာတဲ့ နေရာမှာလည်း ကျွမ်းတယ်။ ဟန်ဆောင်တဲ့နေရာမှာလည်း ကျွမ်းတယ်။ ကိုယ့်ကို အမျိုးမျိုး လှည့်ပတ်ပြီး ကစားနေတာ အဲ့လိုပုံစံမျိုး ရေးထားပါတယ်။ မိစန္ဒီရဲ့ခံစားချက်တွေလည်း ပါပါတယ်။ ပရိသတ်တွေ နားထောင်ကြည့်ရင် သိမှာပါ” လို့ မိစန္ဒီက ပြောပါတယ်။
ဒီသီချင်းကတော့ အချစ်ရှုံးသမားတွေနဲ့ တိုက်ဆိုင်မယ် ထင်တယ်လို့လည်း ပြောပါတယ်။
“အဓိကက မိန်းကလေး ပရိသတ်တွေ ကိုယ့်ရဲ့ရည်းစား မကောင်းမှန်းသိနေပြီ ဆိုပေမယ့် လုံးဝ နွားပေါ့။ မိစန္ဒီလည်း အဲ့လိုဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုမျိုး အချစ်ဆိုတာတော့ လူတွေက ကောင်းမှ ချစ်တာ မဟုတ်ဘူးပေါ့။ မကောင်းမှန်းသိရက်နဲ့ ဒီလူတယောက်ကို ကိုယ့်ကို လိမ်နေတယ်၊ ညာနေတယ်။ ထူးထူးချွန်ချွန်နဲ့ သူက ဉာဏ်ကောင်းပြီးတော့ ကိုယ့်က ဉာဏ်နည်းစွာနဲ့ လိုက်ချစ်နေရတဲ့ အချစ်ရှုံးသမားတွေအတွက် တိုက်ဆိုင်မယ် ထင်ပါတယ်” လို့ မိစန္ဒီက ပြောပါတယ်။
“ဘက်စုံထူးချွန်” သီချင်းကိုတော့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ နားထောင်လို့ရတော့မှာ ဖြစ်ပါတယ်။
ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ နှစ်ဦးကတော့ ကိုဗစ်ကာလအစမှာပဲ အားလုံး လက်ဆေးကြဖို့ ရည်ရွယ်တဲ့ “Go away Corona” သီချင်းနဲ့ ပြည်သူများကြား အကျိုးပြုခဲ့သလို မကြာသေးခင် လပိုင်းကလည်း “ဆေးတွေနဲ့ကမ္ဘာ” သီချင်းထွက်ရှိခဲ့ပါသေးတယ်။
You may also like these stories:
The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်
စိုင်းစိုင်းခမ်းလှိုင်နဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom တို့ရဲ့ ပထမဆုံး Collaboration
ကိုဗစ်ကာလပြီးရင် Single Album ထွက်ဖို့ ပြင်ဆင်နေတဲ့ ချယ်ရီသင်း