တပ်မတော်က အာဏာသိမ်းယူထားသော်လည်း ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို အစီအစဉ်အတိုင်း ဆက်လက် ထိုးပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက် မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက “ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်က ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ပြင်ဆင်ထားပြီး အတည်ပြုထားပြီးပါပြီ။ အတည်ပြုပြီးတော့လည်း ခွင့်ပြုချက် ရထားပြီးပါပြီ။ ရတဲ့ဆေးအပေါ်မှာ မူတည်ပြီးတော့ အရွယ်တွေ အသက်အုပ်စုတွေနဲ့ နေရာတွေ ဖေဖော်ဝါရီလ မှာ ဆက်ထိုးသွားမှာပါ” ဟု ပြောသည်။
အထူးသဖြင့် နေအိမ် အသွားအလာ ကန့်သတ်ထားသည့် မြို့နယ်များမှ သက်ကြီးပိုင်း အုပ်စုများကို ဖေဖော်ဝါရီလ ၅ ရက် တွင် စတင် ထိုးရန် စီစဉ်ထားကြောင်း သိရသည်။
ဒေါက်တာ ထားထားလင်းက “တိတိကျကျ မနက်ဖြန်တော့ ထုတ်ပြန်လို့ ရနိုင်ပါမယ်။ ရှိတဲ့ ကာကွယ်ဆေးနဲ့ ရှိတဲ့လူဦးရေ ကို ချိန်နေပါတယ်” ဟု ရှင်းပြသည်။
အိန္ဒိယနိုင်ငံမှ ဇန်နဝါရီလတွင်း ရောက်ရှိထားသည့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲအပြင် ဖေဖော်ဝါရီလ ပထမပတ်တွင် လည်း ကာကွယ်ဆေး၂ သန်းခန့် ထပ်မံ ရောက်ရှိလာမည် ဖြစ်ကြောင်း တပ်မတော် အာဏာသိမ်းယူခြင်း မပြုခင်က ကျန်း မာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်သည်။
ကိုဗစ်ကာကွယ်ဆေးများ ထပ်မံ လက်ခံရန် ရှိသေးသော်လည်း အချိန်အတိအကျကိုမူ သေချာမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံက သိရသည်။
မူလက ဖေဖော်ဝါရီလ ၅ ရက်မှ စတင်ကာ အစိုးရ အဖွဲ့ဝင်များ အပါအဝင် နိုင်ငံတဝန်းတွင် ကာကွယ်ဆေး စတင် ထိုးနှံ ပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ယခုအခါ အစိုးရအဖွဲ့ဝင်များမှာ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး အချို့ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။
တပ်မတော်က ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကို ဇန်နဝါရီလ၂၉ ရက်က ကာ ကွယ်ဆေး ထိုးပေးခဲ့သည့်အပြင် အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များကို ဇန်နဝါရီလ ၃၀ ရက်က ထိုးပေးခဲ့ပြီလည်း ဖြစ်သည်။
ကိုဗစ်ကာကွယ်ဆေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ကြရန်လည်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယမန်နေ့က ၎င်း၏ နှုတ်ဆက်စာတွင် ထည့်သွင်းဖော်ပြထားသည်။
“ကျနော်တို့ နိုင်ငံသားတွေအတွက် ကိုဗစ်နဲ့ ကိုဗစ်ကာကွယ်ဆေး ကိစ္စတွေကို ဆက်ပြီး ဆောင်ရွက်ပေးကြပါ။ ကျန်းမာရေး စနစ်အတွက် အခြေခံ လိုအပ်ချက်တွေကို အတော်ကြီး ပြည်ပြည့်စုံစုံ ဖွံ့ဖြိုးတိုးတက်အောင် စုဆောင်းပေးခဲ့ပြီးပြီလည်း ဖြစ် ပါတယ်။ ကိုဗစ်ကပ်ရောဂါဘေးရဲ့ ပြောင်းလဲမှု အခြေအနေ အရပ်ရပ်ပေါ် မူတည်ပြီး ဆက်လက် တည်ဆောက်ပေးကြပါ” ဟု ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာန ၁၁ ခု၏ ပြည်ထောင်စု ဝန်ကြီးများကို အသစ်ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနေရာတွင် ဒေါက်တာ သက်ခိုင်ဝင်းအား ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
မတ်လ၂၃ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၀,၃၅၄ဦး ရှိပြီဖြစ်ကာ သေဆုံးသူ ၃,၁၃၈ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၅,၃၂၄ ဦး ရှိပြီ ဖြစ်သည်။
You may also like these stories:
ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေး နုတ်ထွက်သည့် သတင်းများထွက်