ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့ကတော့ သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ ခိုင်သင်းကြည်က သူမရဲ့ မွေးနေ့အလှူကို ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ ဓမ္မဝိဟာရဘုန်းကြီးကျောင်းမှာ သင်္ကန်းနဲ့ ဝတ္ထုငွေများဆပ်ကပ်ပြီး မိသားစုနဲ့အတူ လှူဒါန်းကုသိုလ်ယူခဲ့ပါတယ်။
သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့နာမည်အရင်းမှာ ခိုင်သင်းကြည်ဖြစ်ပြီး သူမက ရုပ်ရှင်လောကထဲကို ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးတဲ့ “မိုးယံသို့ လွင့်ပျံ့စေမယ့် ကေသရာဇာတို့၏ အားမာန်” နိုင်ငံတော်အကျိုးပြုဇာတ်ကား ရိုက်ကူးရင် ရောက်ရှိလာခဲ့သူတဦးဖြစ်ပါတယ်။ ဒီလောကထဲကို မိတ်ကပ်အစမ်းလိမ်းကြည့်ရင်း အလှဓာတ်ပုံတချို့ ရိုက်ကူးရင်းက ရောက်ရှိလာခဲ့တယ်လို့လည်း ခိုင်သင်းကြည်က ဖြေဆိုဖူးပါတယ်။
နိုင်ငံတော်အကျိုးပြုဇာတ်ကားများတိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခိုင်သင်းကြည်ကို ပရိသတ်များ သတိထားမိခဲ့တာကတော့ လွင်မိုးနဲ့အတူ တွဲသရုပ်ဆောင်ခဲ့တဲ့အဲဒီပထမဆုံးကားမှာပဲ လွင်မိုးခေါ်ဆိုခဲ့တဲ့ “မပုကျွတ်” ဆိုတဲ့နာမည်ကြောင့်လည်း မပုကျွတ်နဲ့ ခိုင်သင်းကြည်နဲ့ တွဲမိကာ ပိုသိလာကြပါတယ်။
အဲဒီနောက်ကြော်ငြာခေတ်ဖြစ်တာနဲ့ အညီ ကြော်ငြာတွေမှာ ခိုင်သင်းကြည်မှာ အတွေ့များလာရပြီး ဇွန်ဆီရေဆူဆေးပြား ကြော်ငြာကတောာ့ အကလေးနဲ့ မြူးကြွစွာရိုက်ကူးခဲ့တာကြောင့် သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ အပေါက်ဆုံးကြော်ငြာလို့တောင်ပြောလို့ရတဲ့အထိ အောင်မြင်ခဲ့ပါသေးတယ်။ ခိုင်သင်းကြည်က ပေါ်ကာစက မြင်ရတဲ့ဆံပင်ရှည်နဲ့ တော်တော်ကြာကြာ ဆံပင်ပုံစံမပြောင်းလဲပဲ ယဉ်ယဉ်လေးနဲ့ လှတဲ့ မင်းသမီးတဦးလည်းဖြစ်ခဲ့ပါတယ်။
ခိုင်သင်းကြည်က ၂၀၀၂ခုနှစ်မှာတော့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့ လက်ထပ်ခဲ့ပြီး “စံထိပ်ထားဦး” ဆိုတဲ့ တဦးတည်းသောသမီးလေးကို မွေးဖွားခဲ့ပါတယ်။ စံထိပ်ထားဦးကလည်း အခုဆိုရင် အနုပညာအလုပ်တချို့ကိုလုပ်ကိုင်နေပြီဖြစ်လို့ အမေနဲ့ သမီး ပုံစံတူဝတ်ဆင်ပြီး ဓာတ်ပုံရိုက်တဲ့အခါ သမီးနဲ့အပြိုင် နုပျိုနေတဲ့ မိခင် ၊ သရုပ်ဆောင်မင်းသမီးလို့လည်းပရိသတ်များက မှတ်ချက်ပေးထားကြပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုတွေအရိုက်များခဲ့ပေမယ့် ခိုင်သင်ကြည်က မြန်မာရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီကိုတော့ ၂၀၁၃ခုနှစ်မှ ရရှိခဲ့တာဖြစ်ပါတယ်။ ခိုင်သင်းကြည်နဲ့ တန်းတူခေတ်ပြိုင်မင်းသမီးတော်တော်များများ အကယ်ဒမီရရှိပြီးမှ ခိုင်သင်းကြည်က ရရှိခဲ့ပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ ခိုင်သင်းကြည်ကို ရင်ထဲက အကယ်ဒမီပေးပြီးသားမင်းသမီးရယ်လို့တောင် တင်စားခံခဲ့ရပါတယ်။ ဒါ့အပြင့် ခိုင်သင်းကြည်က မြန်မာနိုင်ငံရဲ့ မင်းသမီးတွေထဲမှာ မာနမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မင်းသမီးလည်းဖြစ်ပါတယ်။
အကယ်ဒမီနဲ့ ပတ်သက်လို့ ခိုင်သင်းကြည်က နိုင်ငံတော်ကားအရိုက်များတဲ့ မင်းသမီးတဦးဖြစ်ခဲ့ပေမယ့် နိုင်ငံတော်ကပေးတဲ့အကယ်ဒမီကိုမရရှိခဲ့ဘဲ အခု ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြုလုပ်တဲ့အချိန်ကျမှ အကယ်ဒမီရရှိခဲ့တာဖြစ်တယ်လို့လည်း ဧရာဝတီနဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။ ၂၀၁၄ခုနှစ်အတွက်ချီးမြင့်တဲ့ အကယ်ဒမီပေးပွဲမှာတော့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဇာတ်ကားနဲ့ အကယ်ဒမီထူးချွန်ဆုကို ၊ ၂၀၁၅ခုနှစ်မှာ စုန်းပြူး ဇာတ်ကားနဲ့ အကယ်ဒမီဇာတ်ပို့ဆု ရရှိခဲ့ပါသေးတယ်။ ဒါကြောင့် ခိုင်သင်းကြည်က အကယ်ဒမီထူးချွန်ဆု ၂ ဆုရရှိထားတဲ့သူလည်းဖြစ်ပါတယ်။
ခိုင်သင်းကြည်က ရုပ်ရှင်များကိုလည်း ရိုက်ကူးရင်း သရုပ်ဆောင် ခန့်စည်သူ ၊ ထွန်းအိန္ဒြာဗိုတို့နဲ့ အတူ “ခ သုံးလုံး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်ရေးကို အတူတူ စီးပွားရေးအနေနဲ့ အတူတူပါဝင်လုပ်ကိုင်နေပါတယ်။
ခိုင်သင်းကြည်က အခုတိုင်ခေါင်းဆောင်မင်းသမီးနေရာကနေပါဝင်သရုပ်ဆောင်ခွင့်ရရှိနေတဲ့ သရုပ်ဆောင်ဖြစ်ပြီး ဟာသ ၊ ဒရမ်မာ ၊ ပိုင်နိုင်စွာ ကျရာဇာတ်ရုပ်မှာသရုပ်ဆောင်နေရင်း ပရိသတ်ကို ဖျော်ဖြေနေတဲ့ ပြည်သူချစ်မင်းသမီးတဦးအဖြစ် အောင်မြင်စွာ ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။