ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန်အတွက် ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတဲ့ လူမင်းဟာ ပရိသတ်များ ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေကြတဲ့အပေါ် မစိုးရိမ်ကြဖို့ ပြောပါတယ်။
“အခု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်တယ်ဆိုတာလည်း အနုပညာဖန်တီးမှု တခုအနေနဲ့ ပရိသတ်ကို ချပြမှာဖြစ်လို့ စိုးရိမ်စိတ် လွန်ကဲတဲ့ ပရိသတ်တွေကိုလည်း အရမ်းကြီးလည်း စိုးရိမ်စိတ် မလွန်ကဲပါနဲ့။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ အထွာနဲ့ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ”လို့ လူမင်းက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင် တော်တော်များများကို ရွေးချယ်ပြီးသွားပြီဖြစ်ပြီး အဓိကလိုချင်တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ သခင်နုနဲ့ သခင်သန်းထွန်းတို့နေရာမှာ သရုပ်ဆောင်မယ့်သူများကိုတော့ မရရှိသေးဘူးလို့ သိရပါတယ်။
“တော်တော်များများ ရွေးပြီးပါပြီ။ အဓိကလိုချင်တဲ့ မရသေးတဲ့ သခင်နု၊ သခင်သန်းထွန်းတို့ အဲ့လို ရုပ်တူတဲ့ သရုပ်ဆောင်တွေ မရသေးပါဘူး။ ကျန်တဲ့ ရဲဘော်သုံးကျိပ်တို့ တော်တော်များများ သရုပ်ဆောင်တွေ ရွေးပြီးပါပြီ။ သရုပ်ဆောင်တွေဆိုတာကလည်း ၁၀၀ ရာခိုင်နှုန်း တူတဲ့သူတွေ မဖြစ်နိုင်ပါဘူး။ ခပ်ဆင်ဆင် သူ့ရဲ့ ကာရိုက်တာ တူတဲ့သူတွေကိုပဲ ကျနော်တို့ သတ်မှတ်ပြီး ရွေးချယ်တာပါ”လို့ လူမင်းက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ကိုတော့ “အောင်ဆန်း” လို့ နာမည်ပေးထားပြီး ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိ တခုလုံးကို တင်ပြနိုင်မှာ မဟုတ်ဘဲ အောင်ဆန်းဆိုတဲ့ လူတယောက်အကြောင်းကို တင်ပြမယ့် ရုပ်ရှင်ဖြစ်တယ်လို့ ဆိုပါတယ်။
“မရှိတော့တဲ့ရုပ် ဆိုပေမယ့် မှတ်တမ်းမှတ်ရာတွေက ရှိသေးတယ်။ နောက်တခု ပြောချင်တာက ကျနော်တို့က ရုပ်ရှင်ထဲက အောင်ဆန်းဆိုတဲ့ လူတယောက်အကြောင်းကို တင်ပြမှာပါ။ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိ တခုလုံးကို စလယ်ဆုံး၊ ကကြီးကနေ ‘အ’ အထိ စုံစုံစေ့စေ့ တင်ပြနိုင်မှာ မဟုတ်ပါဘူး။ အောင်ဆန်းဆိုတဲ့ လူတယောက်အကြောင်းကို ရှုမြင် သုံးသပ်တဲ့ ရှုထောင့်ကနေ တင်ပြမယ့် ရုပ်ရှင်ပဲ ဖြစ်တယ်”လို့ လူမင်းက ပြောပါတယ်။
အဆိုပါ “အောင်ဆန်း” ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ်ထဲမှာ ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့အတွက် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ “အောင်ဆန်း” ရုပ်ရှင်မှာတော့ အခန်းပေါင်း ၁၁၆ ခန်း ပါဝင်တဲ့ ဇာတ်ညွှန်းလည်း ရှိနေပြီဖြစ်ပြီး အဘက်ဘက်က ပြည့်စုံဖို့အတွက်လည်း ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
You may also like these stories:
“ဗိုလ်ချုပ်ရုပ်ရှင်” ရိုက်ကူးရေးမစဖြစ်သေးတဲ့အပေါ် ပြောပြလာတဲ့ လူမင်း
“ဗိုလ်ချုပ်ရုပ်ရှင်ကို ဘဝနဲ့ရင်းပြီး ရိုက်တယ်လို့ ခံယူထားတယ်”လို့ လူမင်း ပြော
ဗိုလ်ချုပ်အကြောင်း လူတွေ မှန်မှန်ကန်ကန် သိရဖို့နဲ့ အနုပညာ ဖန်တီးဖို့ ကြိုးစားနေတဲ့ ဘုဏ်းသိုက်
ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတကာ အဆင့်မီဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာ လူမင်းပြော