တချိန်က မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုဖြင့် နာမည်ထွက်ခဲ့သော ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) အဖွဲ့က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး လုံးဝ ပပျောက်သည် အထိ လုပ်ဆောင်မည်ဟု ယနေ့ ကြေညာလိုက်သည်။
မိုင်းလားအဖွဲ့ ဟု လူသိများသော အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) က ၎င်းတို့ ထိန်း ချုပ်ရာ မိုင်းလားမြို့ပေါ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ယင်းသို့ ကြေညာလိုက်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC) ဒုဥက္ကဋ္ဌ ဦးစံပေ့ က “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ် ငန်းမှာ အောင်မြင်မှု ရလဒ်များ မုချ ရရှိဖို့အတွက် ကျနော်တို့ အခိုင်အမာ ယုံကြည်ပါတယ်” ဟု အခမ်းအနားတွင် ပြောဆိုသွားသည်။
ရွှေတြိဂံဒေသသည် အစဉ်အဆက် မူးယစ်ဆေးဝါးများ ပျံ့နှံ့ဖုံးလွှမ်းနေသည့် နေရာဒေသ တခုဖြစ်ပြီး ၎င်းတို့၏ အထူးဒေသ (၄) တည်နေရာသည် ရွှေတြိဂံဒေသနှင့် ဆက်စပ်နေသဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသသို့ အလွယ်တကူ သွားလာနိုင်သည့် ဒေသတခုဖြစ်ကြောင်း ဦးစံပေ့က ပြောသည်။
ယင်းသို့သော အခြေအနေများကြောင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှု အခြေ အနေသည် ဆိုးဝါးလှပြီး ရာဇဝတ်မှု ဖြစ်ပွားနှုန်း မြင့်မားကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး လုပ်ငန်းအခြေအနေသည် အလွန်တရာ ခက်ခဲကြမ်းတမ်းလှကြောင်း လည်း ဖွင့်ဟဝန်ခံသွားသည်။
မိုင်းလားအဖွဲ့၏ တရားရေးရာ ကော်မတီ ဌာနကြီးမှူး ဦးဂျေကောင်း က “အဓိက (မူးယစ်ဆေးဝါး) အများဆုံး ဆင်းလာတာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက များတယ်။ တချို့ဟာတွေက ယိုးဒယား ဘက်က ကျနော်တို့ဒေသက ဖြတ်သွားတာလောက်ပဲရှိတယ်။ ကျနော်တို့ ဂိတ်တွေက အများကြီးကိုး အဲဒီမှာမိတာပေါ့။ အခု မီးရှိူ့လိုက်တဲ့ဟာတွေက” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
သို့သော်လည်း ထုတ်လုပ်သူ၊ သယ်ဆောင်သူ၊ ရောင်းဝယ်သူ၊ သုံးစွဲသူများ ဖမ်းဆီးအရေးယူမှု ပမာဏ စသည့် အချက်များကို သတင်းထောက်များက မေးမြန်းကြသော်လည်း တိတိပပ ဖြေကြားသွားနိုင်ခြင်း မရှိသည်ကိုတွေ့ရသည်။
မိုင်းလားအဖွဲ့က ၎င်းတို့ ဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း မရှိကြောင်း၊ ကင်းစင် ကြောင်း အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုသော်လည်း ၎င်းတို့ ထိန်းချုပ်ရာ မြို့တော် မိုင်းလားတွင် ပင် လူငယ်များ မူးယစ်ဆေးသုံးစွဲနေကြမှုမှာ စိုးရိမ်ဖွယ်ရာ တွေ့မြင်နေရကြောင်း မြို့ခံ တဦးက ပြောသည်။
၎င်းက “ဒီမှာလူငယ်တွေ တော်တော်သုံးတာက WY ပေါ့။ တော်တော်ဆိုးတယ်။ ဟိုတနေ့က နှစ် သုံးဆယ်ပွဲ အတွက် ကြိုတင် ဇာတ်တိုက်တဲ့ ပွဲမှာတောင် လူငယ်တယောက်က ပေါ်ပေါ်တင်တင် ထိုင် သုံးပြနေတာ အင်တာနက်မှာတောင် ပျံ့နေတယ် အဲလောက်ဆိုးတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဦးဂျေကောင်းကတော့ “ရှိတော့ရှိတယ်အနည်းအကျဉ်းတော့ အခြားဖွံ့ဖြိုး တဲ့ နိုင်ငံမှာလည်း အများကြီးရှိသေးတယ်လေ။ ကျနော်တို့က ကြိုးစားပြီးတော့ ပညာပေးတွေ လုပ်သွားမှာဘဲ” ဟု ဧရာဝတီက မေးမြန်းမှုကို ဖြေသည်။
မိုင်းလားအဖွဲ့သည် ၎င်းတို့ ထိန်းချုပ်နယ်မြေရှိ မိုင်းလားမြို့ပေါ်တွင် ပြုလုပ်သော အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို ကျင်းပခဲ့ပြီး ဖမ်းဆီးရမိထားသော ကျန်သန်းပေါင်း သောင်းနှစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှိူ့ဖျက်ဆီးပြခဲ့သည်။
မီးရှိူ့ဖျက်ဆီးလိုက်သည့် မူးယစ်ဆေးဝါး အမျိုးမျိုး စုစုပေါင်း ၁၀၀၀ ကီလိုဂရမ် ရှိပြီး ထိုအထဲတွင် ကာလတန်ဖိုး ကျပ် သန်း ၁၂၀၀ တန်ဖိုးရှိ ICE ၆၂၇.၂ ဂရမ်၊ ဘိန်းဖြူ ၁၅၈ ဂရမ်၊ ဘိန်းမည်း ၁၀ ဂရမ်၊ ခါခူး ၄.၃ ဂရမ်၊ ခရစ္စတယ် ၂၀၀ ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ၅၉၅၀ ကီလိုဂရမ် ပါဝင်ကြောင်းလည်း ထုတ်ပြန်သည်။
ယင်းအခမ်းအနားကို မိုင်းလားအဖွ့ဲ၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အမြဲတမ်း ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ဦးစံပေ့၊ ဦးဆန်လူ၊ ဦးထိန်လင်း၊ ဦးလော်ချန်ပေါက်၊ ဦးကြည်မြင့်၊ ဦးလီကျင့်လုံ၊ ဦးအိုက်ရှဲန်လား၊ ဦးခမ်းမောင်နှင့် ဦးစိုင်းတစ် တို့ တက်ရောက်သည် ကိုတွေ့ရသည်။
ထို့အတူ မိုင်းလားအဖွဲ့၏ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ NDAA တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့၊ လုံထိန်း တပ်ဖွဲ့ တို့နှင့် အတူ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသတို့မှ ဒေသခံများ စုစုပေါင်း ၄၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
မိုင်းလားအဖွဲ့သည် ၁၉၉၂ ခုနှစ်တွင် ဒေသတွင်း ဘိန်း မစိုက်ပျိုးရ၊ မထုတ်လုပ်ရ၊ မသယ်ဆောင်ရ၊ မရောင်ဝယ်ရ၊ မသုံးစွဲရ ဆိုပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၆ နှစ်စီမံကိန်း ချမှတ် လုပ်ဆောင် ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို လုံးဝ ခုတ်ထွင်ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။
မိုင်းလား အထူးဒေသ (၄) ကို မိုင်းလား၊ ဆီလူး၊ နမ့်ပန်း စသည့် ဒေသ ၃ ခုဖြင့် ဖွဲ့စည်းထားပြီး မြေဧရိယာ အကျယ်အဝန်းအားဖြင့် စုစုပေါင်း ၄၉၅၂ မီတာ ရှိကာ ၂၀၁၄ ခုနှစ် အစိုးရ၏ သန်းခေါင် စာရင်းအရ လူဦးရေ ၁၁၆၈၈၇၊ အိမ်ခြေ ၂၀၅၉၇ ရှိကြောင်း သိရသည်။
ရှမ်း၊ အာခါ၊ လွယ်၊ ကိုးကန့်၊ လားဟူ၊ မြောင်၊ အာခေး၊ဝ၊ ဖိန်း၊ ကချင်၊ ဗမာ၊ ကရင်၊ ကယား စသည့် တိုင်းရင်းသား ၁၃ မျိုး နေထိုင်ကြကြောင်းသိရသည်။
မိုင်းလား အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်ခဲ့ပြီး NDAA ကို ထူထောင်ခဲ့သည်။ ထိုနှစ် ဇွန် ၃၀ ရက်နေ့မှာပင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အစိုးရ လက်ထက်တွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ထဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးထားသည်။
ယခုအခါ အစိုးရက ဖိတ်ခေါ်ထားသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ရေးထိုးနိုင်ရန်အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သော မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မတီ (FPNCC) နှင့် အတူ ပါဝင်လျှက်ရှိသည်။
ဆက်စပ်ဖတ်ရှူရန်
မိုင်းလား နောက်ကွယ်က စီးပွားရေးလုပ်ငန်းများ
ကျနော်တို့ တိုးတက်မှုမှာ တရုတ်ရဲ့ ပါဝင်မှု ဘာမှမရှိပါဘူး
မိုင်းလား ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် ကျင်းပမည်