ဝင်ငွေအများဆုံး စံချိန်တွေချိုးလာခဲ့တဲ့ Marvel စူပါဟီးရိုးရုပ်ရှင် “Avengers: Endgame” ဟာ နောက်ဆုံးမှာတော့ Box Office ထိပ်ဆုံးမှာ အချိန်အတော်ကြာ နေရာယူနေခဲ့တဲ့ “Avatar” ဇာတ်ကားကို ဖြတ်ကျော်ကာ ပထမ နေရာကို အရယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့မှာ Walt Disney ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ “Avengers: Endgame” ရုပ်ရှင်ဟာ ဝင်ငွေအကောင်းဆုံး ပထမနေရာကို ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Endgame ဟာ ကမ္ဘာတဝှမ်းမှာ ရုံဝင်ခ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၈၉ ဘီလီယံ ရရှိကာ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒါရိုက်တာ James Cameron ရဲ့ သိပ္ပံဇာတ်ကား “Avatar”ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဒါရိုက်တာ Anthony နဲ့ Joe Russo တို့ ရိုက်ကူးထားတဲ့ “Endgame” ဟာ ရုံတင်ချိန် ၁၃ ပတ်မြောက်အဖြစ် ပွဲခံနေဆဲပါ။ ဆယ်စုနှစ်တခုစာ Marvel က ထွက်ခဲ့သမျှ စူပါဟီးရိုး ဇာတ်ကားတို့ရဲ့ ဇာတ်ပေါင်းခန်း ရုပ်ရှင်လို့တောင် ဆိုနိုင်တဲ့ Endgame ကို ပရိသတ်တွေ အရူးအမူး ကြိုက်ကြလို့လည်း အခုလို ပထမနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။
Marvel Studio ဥက္ကဋ္ဌ Kevin Feige ကတော့ ထိပ်ဆုံးမှာ အခုရပ်တည်နိုင်ပေမယ့် James Cameron ရဲ့ “Avatar” ဇာတ်ကားအသစ် ထွက်လာခဲ့ရင် ပထမနေရာကို ပြန်ပေးရနိုင်တယ်လို့ ဆိုပါတယ်။ James Cameron ကလည်း Avatar ရဲ့ နောက်ဆက်တွဲ ဇာတ်ကား ၄ ကားကို ဆက်တိုက် ထုတ်ဖို့ရှိပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှာ စပြီး ရုံတင်ဖို့ ကြိုးစားနေပါပြီ။
Disney ကလည်း ဒီတခေါက် ထပ်မံထွက်လာတော့မယ့် Avatar ရဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်ခွင့်တွေကို 21st Century Fox ကနေ ရယူထားနိုင်ပါသေးတယ်။ Walt Disney ရဲ့ ဒုဥက္ကဋ္ဌနဲ့ Chief Creative Officer တဦးဖြစ်တဲ့ Alan Horn က “Marvel နဲ့ Walt Disney Studios အဖွဲ့ဝင်တွေအားလုံးကို ချီးကျူးဂုဏ်ယူပါတယ်။ ဒါ့အပြင် ကမ္ဘာတဝှမ်းက “Avengers: Endgame” ကို သမိုင်းဝင် စံချိန်တင်နိုင်တဲ့ထိ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအထူးပါ”လို့ ပြောပါတယ်။
ဆယ်စုနှစ်တခုကြာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ James Cameron ရဲ့ “Avatar” ကလည်း ဂုဏ်ရှိန်မြင့်နေဆဲပါပဲ။ “ရုပ်ရှင် ၂ ကားလုံးဟာ အံ့သြသင့်စရာ အောင်မြင်မှုတွေကို ယူဆောင်လာပြီး ရုပ်ရှင်ရဲ့ စွမ်းအားတွေကို သက်သေပြကာ ပရိသတ်တွေဆီကို အတွေ့အကြုံတွေ အတူတကွ ဝေမျှနိုင်ခဲ့ပါတယ်။ ရုပ်ရှင်တွေရဲ့ နောက်ကွယ်မှာ တကယ့်ကို အရည်အချင်းရှိတဲ့ ရုပ်ရှင်ဖန်တီးသူတွေ ထပ်မံဖန်တီးမယ့် Marvel Cinematic Universe နဲ့ Pandora တို့ရဲ့ အနာဂတ်ကိုလည်း ထပ်မျှော်လင့်နေပါတယ်”လို့ Alan Horn က ဆိုပါတယ်။
Ref: CNA Lifestyle
You may also like these stories:
နောက်ဆက်တွဲ ရုပ်ရှင်တွေ ထွက်ရှိလာဦးမယ့် “ကမ္ဘာကျော်ရုပ်ရှင်ကားများ”
ကမ္ဘာတဝန်း ပြသတဲ့နေရာ အားလုံးနီးပါးမှာ စံချိန်တွေ တင်နေတဲ့ “Avengers: Endgame” ရုပ်ရှင်
Titanic ကိုကျော်ပြီး ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Endgame”
“Star Wars” ရုပ်ရှင်သစ်နဲ့ “Avatar” နောက်ဆက်တွဲ ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်များ ကြေညာ