ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ 2019 Incheon International Single-Media Festival ပွဲကို မြန်မာကိုယ်စားပြုအဖြစ် ထွန်းကိုကိုက တက်ရောက်ခဲ့ပြီး ကိုရီးယားရောက်တုန်း ခွဲစိတ်ပြုပြင်မှုတခု ပြုလုပ်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော် ကိုရီးယား မသွားခင်ကတည်းက သေချာစီစဉ်ခဲ့တာ။ ပွဲတက်မယ်၊ ဓာတ်ပုံ ရိုက်မယ်၊ နှာခေါင်း ခွဲစိတ်မှု လုပ်မယ်ပေါ့။ Banobagi ဆေးရုံမှာ ပလတ်စတစ် ဆာဂျရီ လုပ်တာ၊ အဲ့ဆေးရုံကလည်း နာမည်ကြီးပါ။ တခါမှ မလုပ်ဖူးတော့ အရမ်းကို ကြောက်စရာကောင်းလိမ့်မယ်လို့ ထင်ခဲ့တာ။ ထင်သလောက် ကြောက်စရာ မကောင်းပါဘူး။ နှာခေါင်း နည်းနည်းမြင့်တယ်။ နားနောက်က အရိုးနု ယူထည့်ပြီး နှာတံကို ဆီလီကွန်ထည့် ခွဲစိတ်ခဲ့တာပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။
“ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေကိုယ်တိုင် ခွဲစိတ်ပေးတဲ့အတွက် အစစအရာရာ အဆင်ပြေပါတယ်။ ဆေးရုံမှာ မြန်မာစကားပြန်လည်း ရှိတာဆိုတော့ ဘာအခက်အခဲမှ မကြုံတွေ့ရဘူးပေါ့။ ကျနော်တို့လိုချင်တဲ့ ပုံစံရောက်အောင်တော့ ၃ လ နဲ့ ၆ လလောက် ကြာမယ် ပြောတယ်။ ကျနော် နှာခေါင်း လုပ်ချင်နေတာကြာပြီ။ မလုပ်ရဲဘူး။ လုပ်မယ်ဆိုလည်း အကောင်းဆုံး နေရာမှာပဲ လုပ်မယ်ပေါ့။ အခုလည်း ကိုရီးယားကို သွားရင်း အဆင်ပြေတာကြောင့် Banobagi မှာ လုပ်ဖြစ်ခဲ့တာပါ”လို့ ထွန်းကိုကိုက ဆိုပါတယ်။
ပရိသတ်တွေကတော့ ထွန်းကိုကိုရဲ့ အရင်ပုံစံကို ပိုကြိုက်ကြပြီး နောက်ပိုင်း ခွဲစိတ်ပြုပြင်မှုတွေ လုပ်ဖို့ မရှိဘူးလို့ ထွန်းကိုကိုက ပြောပါတယ်။
“နောက်ပိုင်းတော့ ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ မရှိတော့ပါဘူး။ ကျနော် အခုလိုပြင်လိုက်တာကို တချို့ ပရိသတ်တွေက သဘောမကျတာ ရှိသလို၊ တချို့ပရိသတ်တွေက သဘောကျတာ ရှိတယ်။ အမြင်ကတော့ မတူကြဘူးပေါ့။ ကျနော်လည်း ကိုယ့်ရုပ်က မငြိမ်သေးတော့ သေချာမပြောတတ်သေးဘူး”
“ကျနော့်မျက်နှာ အရင်နဲ့ မတူဘဲ ပြောင်းနေတာတော့ သိသာတယ်။ အသားမကျသေးဘူး။ အသားကျရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်။ ပရိသတ်တွေကတော့ အရင်ပုံလေးကိုပိုကြိုက်ကြတယ်။ ဒါကလည်း အပြောင်းအလဲလေး ဖြစ်အောင် လုပ်လိုက်တာပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။
သရုပ်ဆောင် ထွန်းကိုကိုကတော့ ၂၀၁၃ ခုနှစ် ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ 2013 Asia Model Festival ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုရယူနိုင်ခဲ့တဲ့ Mister တဦး ဖြစ်ပြီး အခုဆိုရင် ရုပ်ရှင်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေသူ ဖြစ်ပါတယ်။
You may also like these stories:
Incheon Single-Media Festival မှာ မြန်မာဝတ်စုံကို သေချာ ဝတ်ဆင်ပြခဲ့တဲ့ ဟန်တီနဲ့ ထွန်းကိုကို
နိုင်ငံရေး မလုပ်ပေမယ့် နိုင်ငံနဲ့ဆိုင်တဲ့ အရေးတွေမှာ ကူညီပေးနေတဲ့ ထွန်းကိုကို
ဒွေးနဲ့ ကျော်ဟိန်းတို့ မရိုက်ဖြစ်ခဲ့တဲ့ “ငါတို့သည်” ရုပ်ရှင်မှာ ပါဝင်ရလို့ ဂုဏ်ယူနေတဲ့ ထွန်းကိုကို
ကိုရီးယားမင်းသား Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ့် ထွန်းကိုကို